Thursday, 27 July 2017 09:08

20121224 1708866682743057 5026383187741231396 oဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားတဲ့  "ဘုန်းကညာနှစ်ပါး" ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ လပ်ကီးဆဲဗင်းက ထုတ်လုပ်ပြီး မအေးအေးဝင်းစီစဉ်တဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာက ရယ်စရာ ဟာသလေးတွေနဲ့ ဖန်တီးထားတာပါ။

ဇာတ်လမ်းအကျဉ်း
ပစ်တိုင်းထောင် (မြင့်မြတ်)ဟာ "သစ်ရွက်စိမ်းရွာ" က ရွာသား ဖြစ်ပြီး သူ့မိဘတွေက ဦးဟန်တင် (ကိုပေါက်)နဲ့ ဒေါ်ခင်မာ (တက္ကသိုလ်ဂွမ်းပုံ) တို့ပါ။ သူတို့မိသားစုက ရွာမှာဆို ရွာရဲ့မျက်နှာဖုံး၊ ပိုက်ဆံလေးကလည်း နည်းနည်းရှိတော့ တောသူဌေးမိသားစု ဆိုပါတော့။ ဒါပေမယ့် ပစ်တိုင်းထောင်က ရွာရဲ့ အော့ကြောလန် ပွဲတိုင်းကျော်ပါ။ ပစ်တိုင်းထောင် ကြိုက်နေတာက ရွာက ဥက္ကဋ္ဌရဲ့ သမီး၃ယောက်ကိုပါ။ ဒါပေမယ့် ပစ်တိုင်းထောင်က ရွာရဲ့အော့ကြောလန်မို့ ကောင်မလေးတွေကလည်း အင်တင်တင်ဖြစ် နေကြပါတယ်။

ဝတ်ရည်မွှေး (ဖွေးဖွေး) ကတော့ ရန်ကုန်သူ၊ သူ့မှာ ဝတ်ရည်နွေး (မေ) ဆိုတဲ့ အစ်မတစ်ယောက် ရှိတယ်။ သူ့ရဲ့မိဘတွေက ဦးသက်ခိုင် (ဇော်ဝင်းမောင်)နဲ့ ဒေါ်ရည်ချို (ခင်ဇာခြည်ကျော်) တို့ ဖြစ်ပါတယ်။ မိဘတွေက ဝတ်ရည်မွှေးကို နီမောင်(ထူးအောင်) ဆိုတဲ့ လူနဲ့ ပေးစားဖို့ သဘောတူထားကြတယ်။ ဝတ်ရည်မွှေးကလည်း နီမောင်ကို ချစ်သူလို ဆိုတာထက် အစ်ကိုတယောက်လို ချစ်ခင်ပါတယ်။
တစ်နေ့မှာတော့ ပစ်တိုင်းထောင်က ပြင်ဦးလွင်ကို အကြွေးတောင်းဖို့ သွားတယ်။ အဲဒီလိုပဲ ဝတ်ရည်မွှေးကလည်း ပြင်ဦးလွင်က အဘဆီကို ခဏ လာလည်တယ်။ ဖြစ်ချင်တော့ မိတ္တီလာကနေ ပြင်ဦးလွင်ကို သွားတဲ့လမ်း ကားပေါ်မှာ ပစ်တိုင်းထောင်နဲ့ ဝတ်ရည်မွှေးတို့က အတူတူ ဘေးချင်းကပ်ရက် ထိုင်ရပါတယ်။ ပစ်တိုင်းထောင်က ရွာမှာ အချောအလှဆိုလို့ ဥက္ကဋ္ဌရဲ့ သမီး ၃ယောက်ကိုပဲ ချောလှပြီဆိုပြီး ထင်ခဲ့တာဆိုတော့ ဝတ်ရည်မွှေးကို တွေ့တွေ့ချင်း ရင်တွေ အရမ်းခုန်ပြီး ချစ်မိသွားခဲ့ပါတယ်။ တစ်လမ်းလုံးလည်း ပစ်တိုင်းထောင်က ဝတ်ရည်မွှေးကို မထိတထိတွေ စနောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ပြင်ဦးလွင်ကနေ ပြန်လာခဲ့ကြတဲ့အခါမှာလည်း ဝတ်ရည်မွှေးနဲ့ ပစ်တိုင်းထောင်ဟာ ဘေးချင်းကပ် ထပ်ဆုံကြပြန်ပါတယ်။ ထုံးစံအတိုင်းပဲ ပစ်တိုင်းထောင်က ဝတ်ရည်မွှေးကို မခံချိမခံသာဖြစ်အောင် စနောက်ပါတယ်။ လမ်းခုလတ်မှာတော့ သူတို့ စီးလာတဲ့ကားဟာ အက်ဆီးဒင့် ဖြစ်သွားပါတယ်။ ကားအက်ဆီးဒင့် ဖြစ်တဲ့အခါ ၂ယောက်စလုံး သတိလစ်ပြီး ဝိညာဉ်တွေ လွင့်သွားခဲ့ပါတယ်။ ၂ယောက်လုံး သတိပြန်ရချိန်မှာတော့ ဝတ်ရည်မွှေးရဲ့ ခန္ဓာကိုယ်ထဲကို ပစ်တိုင်းထောင်ရဲ့ ဝိညာဉ်က ဝင်ရောက်နေပြီး ပစ်တိုင်းထောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝတ်ရည်မွှေးရဲ့ ဝိညာဉ်က ဝင်ရောက်နေခဲ့ပါတယ်။
အဲဒီအခါမှာ ပစ်တိုင်းထောင်က ဝတ်ရည်မွှေးရဲ့ အဝတ်အစားတွေဝတ်၊ ဝတ်ရည်မွှေးလိုနေတယ်။ မိဘတွေနဲ့ အစ်မဖြစ်သူ ဝတ်ရည်နွေးတို့လည်း စိတ်တွေ ညစ်နေရပါတယ်။ အဓိက ပြဿနာတက်တာက နီမောင်ပါပဲ။ နီမောင်က ဝတ်ရည်မွှေးကို တအားကြွေနေတာလေ။ ပစ်တိုင်းထောင်ကလည်း ဝတ်ရည်မွှေးရဲ့ စိတ်ကြီးနဲ့ဆိုတော့ နီမောင်လာရင် အရင်ကလိုပဲ "ကိုကိုနီ.. ကိုကိုနီ" နဲ့ ခေါ်ပြီး ချွဲ၊ နီမောင့်မှာ ပစ်ပစ်ခါခါလည်း မလုပ်ရဲ။ ယောကျာ်းချင်းဆိုတော့ ဖီလင်ကလည်း ကျဲနဲ့ အတော်ကို ဒုက္ခရောက်ရတာပေါ့။
တစ်ဘက်က ဝတ်ရည်မွှေးကတော့ ပစ်တိုင်းထောင်ရဲ့ အဝတ်အစားတွေကို ယူဝတ်၊ ပစ်တိုင်းထောင်လိုနေ ထန်းရည်တွေသောက် စသည်ဖြင့် စိတ်ထင်တိုင်း လုပ်နေပါတယ်။ ပြီးတော့ ဥက္ကဋ္ဌရဲ့ အိမ်ရှေ့မှာ ညဘက်ဆိုရင် သီချင်းတွေသွားဆိုပြီး မိန်းမပိုးလို့ မိဘတွေဖြစ်တဲ့ ဦးဟန်တင်နဲ့ ဒေါ်ခင်မာ တို့မှာလည်း ဒုက္ခတွေ ရောက်တာပေါ့။ သားဖြစ်သူ ပစ်တိုင်းထောင်ရဲ့ ခန္ဓာကိုယ်ကလည်း ဘယ်ရောက်လို့ ရောက်နေမှန်းမသိ ဖြစ်နေပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာတော့ ဝတ်ရည်မွှေးရဲ့ မိဘတွေက သမီးဖြစ်သူ ဝတ်ရည်မွှေးရဲ့ သတင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ပြီးတော့ ပစ်တိုင်းထောင်ကိုပါ ခေါ်လာကာ "သစ်ရွက်စိမ်း" ရွာကို ရောက်လာတယ်။ ဒီတော့မှ နှစ်ဖက်အသိုင်းအဝိုင်းတွေ တွေ့ကြရာက ပစ်တိုင်းထောင်နဲ့ ဝတ်ရည်မွှေး တို့ကို ခန္ဓာကိုယ်အမှန်၊ စိတ်အမှန် ဖြစ်သွားအောင် ဘယ်လိုတွေလုပ်ကြမှာလဲ၊ ဘာတွေ ဆက်ဖြစ်ကြဦးမှာလဲ ဆိုတာကိုတော့ "ဘုန်းကညာနှစ်ပါး" မှာ ဆက်လက်ရှုစားလိုက်ပါနော်။
ဖူးပွင့်သူ
Read More About Movie Reviews Here

  


Read 159 times Last modified on Thursday, 27 July 2017 09:18
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.