Tuesday, 11 July 2017 04:15

Ar T2
ဧပြီလအတွင်းက “Fat House”ဆိုတဲ့ မီနီအယ်လ်ဘမ် ထွက်ရှိထားတဲ့ အဆိုတော် Ar-Tက အခု တစ်ကိုယ်တော် တေးစီးရီးအသစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အရင်က ထွက်ရှိထားတဲ့ “ချိုချဉ်” စီးရီးထဲက သီချင်းတွေကိုလည်း အခုအချိန်ထိ ပရိသတ်က အကြိုက်တွေ့နေတာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Ar-T ကို MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။
Q - Ar-T ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ။
A - အခုက ကျွန်တော် တစ်ကိုယ်တော် အခွေအသစ် လုပ်နေတယ်။ လာမယ့် ၁၄ရက်နေ့မှာ MTV တစ်ပုဒ် ရိုက်ဖို့ ရှိတယ်။ ဒီလကုန်၊ နောက်လဆန်းလောက်မှာ အသစ်တစ်ပုဒ် ထွက်ဖို့ ရှိမယ်။
Q - အသစ် လုပ်နေတဲ့ တစ်ကိုယ်တော် တေးစီးရီးအကြောင်း ပြောပြပေးပါဦး။
A - အရှေ့မှာ “Fat House” ဆိုတဲ့ အခွေကတော့ ထွက်ပြီးသွားပြီ။ အဲဒီနောက်မှာ ခုအခွေပေါ့။ ဒီအခွေကတော့ သီချင်း ၁၀ ပုဒ်လောက် ပါမယ်။ Full Album ပေါ့။ “Fat House” တုန်းကတော့ Mini Album ပေါ့နော်။ အဲဒါကတော့ ပြီးခဲ့တဲ့ ဧပြီမှာ ထုတ်ခဲ့ပါတယ်။ အခု လုပ်နေတဲ့ အခွေကိုတော့ မကြာခင်မှာ ထုတ်ဖို့ ကြိုးစားနေပါတယ်။ ထုတ်တဲ့အခါမှာ Album အနေနဲ့ ဖြစ်ချင်လည်း ဖြစ်မယ်။ တစ်ပုဒ်ချင်းစီ Single အနေနဲ့ ထုတ်ဖြစ်ချင်လည်း ထုတ်ဖြစ်မယ်။
Q - ဘယ်လို Music ပုံစံတွေ ပါမလဲ။
A - အခု လုပ်နေတဲ့ အခွေက နောက်ထပ် Music ပုံစံ အသစ်ပေါ့။ “Fat House” မှာ ပါတဲ့ ပုံစံမျိုး မဟုတ်ဘဲ နောက်ထပ် Music ပုံစံအသစ်လေးတွေ ပါမယ်။
Q - ခုနောက်ပိုင်း Ar-T ဆိုတဲ့ သီချင်းတွေမှာ ဟိုအရင်တုန်းက Ar-T ထွက်ထားတဲ့ သီချင်းတွေနဲ့ မတူဘဲ Music ပုံစံက တော်တော်လေး ပြောင်းလာတာ တွေ့ရတယ်နော်။
A - ဟုတ်ပါတယ်။ ကျွန်တော်တို့က Pop ကို Base လုပ်ထားတယ်ပေါ့နော်။ Pop ကနေ R&B နွှယ်တဲ့ Pop တွေ ရှိလာတယ်။ နောက် EDM နွှယ်တဲ့ Pop တွေ ရှိလာတယ်။ ဆိုတော့ ခေတ်က အများကြီး အများကြီး ပြောင်းနေတယ်။ အဲဒီမှာ ကျွန်တော်တို့ ကျန်ခဲ့လို့ မရဘူး။ အမြဲတမ်း လေ့လာနေရတယ်။ ဒါပေမယ့် Pop ကို အခြေခံထားတဲ့အတွက်တော့ အခက်အခဲတော့ မရှိပါဘူး။
Q -“ချိုချဉ်”တေးစီးရီးနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ တုံ့ပြန်မှုကရော။
A -“ချိုချဉ်”က ကြာခဲ့ပြီ။ ၂၀၁၃လောက်ကပေါ့။ အဲဒီထဲက သီချင်းလေး တချို့ကိုလည်း ပရိသတ်တွေက အခုအချိန်ထိ အားပေးတုန်း၊ တချို့လည်း အခုမှ သိတာ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်က Social Media မှာ Low Profile နဲ့ နေတာပေါ့နော်။ ပရိသတ်နဲ့လည်း အများကြီး ထိတွေ့မှုမရှိဘဲ နည်းနည်း ဝေးနေတယ်။ အဲဒီတော့ တချို့ မသိလိုက်ကြတာလည်း ရှိပါတယ်။
Q - Ar-T ရဲ့ သီချင်းတွေကို ဇာတ်ဝင်တေးအဖြစ် သုံးတဲ့အခါ ပရိသတ်တွေ နှစ်သက်အားပေးကြတာကို တွေ့ရတယ်။ဒီအပေါ်မှာ Ar-Tရဲ့ စိတ်ခံစားမှုက ဘယ်လို ရှိမလဲ။
A - အရမ်းပျော်တယ်။ ကိုစိုင်း (စိုင်းစိုင်းခမ်းလှိုင်)ရဲ့ “ဂျုံးဂျုံးဂျက်ဂျက်”ဇာတ်ကားမှာ ချိုချဉ်ထဲက သီချင်းပဲ၊ “ချစ်နေဖို့”ဆိုတဲ့ သီချင်းလေး ပေါက်သွားတယ်။ အဲဒီသီချင်းလေးက အရင်တုန်းကလည်း ပေါက်ပါတယ်။ အခုက တစ်ကျော့ပြန်ပေါ့နော်။ ကလေးတွေ၊ နောက်တက်လာတဲ့ သူတွေလည်း ပြန်နားထောင်ခွင့် ရတယ်ပေါ့။ အရမ်း ၀မ်းသာတယ်။ ကိုစိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အခု ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရဲ့ သမီး ရိုက်မယ့် ဇာတ်ကားထဲမှာလည်း ဇာတ်ဝင်တေးအနေနဲ့ ကျွန်တော့်ရဲ့ “Fat House” ထဲက သီချင်းလေး ၀ယ်ထားပါတယ်။
Q - ပရိသတ်ကို ပြောချင်တဲ့ အမှတ်တရ စကား။
A - ကျွန်တော်ကတော့ အမြဲ ကြိုးစားနေမှာပါ။ ပရိသတ်ကို မျက်နှာငယ်အောင် ဘယ်တော့မှ မလုပ်ဘူး။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကို အမြဲတမ်း မျက်နှာမငယ်စေရပါဘူး။
Read More About Celebrity Interviews Here


Read 218 times Last modified on Tuesday, 11 July 2017 04:23
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.