Thursday, 06 July 2017 10:50

online Shopping3
ယနေ့ခေတ်မှာတော့ ဈေးဝယ်သူ အတော်များများဟာ အင်တာနက်ကနေ ဝယ်ယူရတဲ့ အွန်လိုင်းရှော့ပင်းစနစ်နဲ့ ရင်းနှီးလာကြပါပြီ။ မြန်မာနိုင်ငံမှာ အွန်လိုင်းရှော့ပင်းကို အစပျိုးစဉ်က တော်တော်လေး အချိန်ယူခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်လောက်ကတည်းက အွန်လိုင်းရှော့ပင်း ပြုလုပ်နိုင်ဖို့ ကြိုးစားလာခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဝက်ဘ်ဆိုက်တွေကနေ ဈေးဝယ်ခြင်းကို မြန်မာနိုင်ငံမှာ သိပ်မရင်းနှီးကြသေးပေမယ့် လူမှုကွန်ရက် စာမျက်နှာတွေကနေတစ်ဆင့် ဈေးဝယ်တာကတော့ ကောင်းကောင်း တွင်ကျယ်နေပြီလို့ ဆိုရမှာပါ။ အွန်လိုင်းရှော့ပင်းစနစ်က အချိန်ကုန် လူပန်းသက်သာစေပြီး လွယ်လင့်တကူ ရွေးချယ်ဝယ်နိုင်တာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဈေးဝယ်ထွက်ဖို့ မအားလပ်နိုင်အောင် အလုပ် များတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ရောင်းသူတွေဘက်ကလည်း ဆိုင်ခန်းစရိတ်နဲ့ အရောင်းဝန်ထမ်းစရိတ်တွေ မကုန်တာမို့ ရောင်းကုန်ပစ္စည်းတွေကို ပုံမှန်ထက် ချိုသာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနိုင်ပါတယ်။ ဒါက တော့ အွန်လိုင်းရှော့ပင်းရဲ့ အားသာချက်တွေပါ။

အွန်လိုင်းရှော့ပင်းမှာ မီးဖိုချောင်သုံးပစ္စည်း၊ အလှကုန်ပစ္စည်းတွေ၊ ပြင်ပဈေးကွက်ထဲမှာ မရှိသေးတဲ့ ထူးထူးဆန်းဆန်းပစ္စည်းလေးတွေ၊ အဝတ်အထည်၊ ဖိနပ်၊ လက်ဝတ်ရတနာ၊ အိတ်စတဲ့ပစ္စည်းတွေ၊  ဇိမ်ခံပစ္စည်းတွေ၊ နည်းပညာဆိုင်ရာပစ္စည်းတွေ စသဖြင့် အမျိုးအစားစုံ ရောင်းချကြတာ တွေ့ရပါ တယ်။ အများအားဖြင့် အဝတ်အထည်နဲ့ မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေ၊ အလှကုန်တွေက ရောင်းရ အတွင်ကျယ်ဆုံး ဖြစ်နေပါတယ်။ ရောင်းဝယ်မှုပုံစံတွေကတော့ ဝယ်သူဘက်က အမည်၊ ဖုန်း၊ နေရပ်လိပ်စာ၊ ဝယ်ယူလိုတဲ့ ပစ္စည်းတွေကို ပြောပြရပြီး အဲဒီအချက်အလက်တွေကို ရောင်းချသူဘက်က မှတ်သားကာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ ငွေပေးချေမှုကိုတော့ ဘဏ်၊ စာတိုက်၊ Delivery လုပ်ငန်းတွေကနေတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ကြပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ငွေကြိုလွှဲပြီး ပစ္စည်းမှာယူကြတာမျိုးရှိသလို ပစ္စည်းရောက်ပြီးမှ ငွေပေးချေတာ မျိုးလည်း ရှိပါတယ်။ အလုပ်များသူတွေ၊ ပစ္စည်းဆန်း ကြိုက်နှစ်သက်တတ်သူတွေ အတွက်တော့ အွန်လိုင်းရှော့ပင်းဆိုတာ တကယ်ကို အဆင်ပြေစေတာပါ။ ရောင်းသူတွေ ဘက်ကလည်း ဝယ်သူတွေရဲ့အကြိုက်နဲ့ ဈေးကွက်လိုအပ်ချက်တွေအပေါ် မူတည်ပြီး ပိုမိုဆန်းသစ်နိုင်အောင် ကြိုးစားကြတဲ့အတွက် အွန်လိုင်းရှော့ပင်းကဏ္ဍက တစ်နေ့ထက်တစ်နေ့ ပိုမိုတွင်ကျယ်လာပါတယ်။
ဒါပေမယ့်လည်း အားနည်းချက်တွေ၊ လိုအပ်ချက်နဲ့ အခက်အခဲတွေကလည်း အွန်လိုင်းရှော့ပင်း ကဏ္ဍမှာ အများအပြား ရှိနေပြန်ပါတယ်။ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုနဲ့ အာရုံစိုက်မှုတွေကို တလွဲအသုံးချပြီး ဈေးကစားတာ၊ မှာတဲ့ပစ္စည်း နဲ့ တကယ်ဝယ်လိုက်တဲ့ ပစ္စည်းနဲ့ အပြင်မှာ ကွာခြားနေတာ၊ လိမ်ညာခံရတာစတာတွေပဲ ဖြစ်ပါတယ်။ အဝတ် အထည်ရောင်းတဲ့ အွန်လိုင်းရှော့ပင်းတွေကတော့ မကြာခဏ ပစ္စည်းကွာဟချက် ပြဿနာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ တချို့ကျတော့လည်း နာမည်ကြီးဒီဇိုင်နာတွေဆီက အဝတ်အထည်ဓာတ်ပုံတွေကို ကြည့်ပြီး ပုံတူကူးကာ ချုပ်လုပ်ရောင်းချတာကြောင့် အရည်အသွေးနဲ့ ပုံစံကွာခြားမှုတွေ ရှိတတ်ပါတယ်။ ဒါကို ဝယ်ယူသူဘက်က သေချာမသိဘဲ ဓာတ်ပုံတွေကိုပဲ ကြည့်ကာ မှာယူလိုက်ပြီးနောက် စိတ်တိုင်းမကျမှုတွေ ကြုံတွေ့ရတာပါ။ ဝယ်သူဘက်မှာ အဲဒီအခက်အခဲတွေကြုံရသလို ရောင်းချသူဘက်မှာလည်း အခက်အခဲတွေက အများကြီးပါတဲ့။
ငွေကို ကြိုတင်လွှဲစရာမလိုဘဲ ပစ္စည်းရောက်မှ တစ်ခါတည်း ငွေချေရတဲ့စနစ်နဲ့ ရောင်းတဲ့ အွန်လိုင်းရှော့ပင်းတွေမှာ ငွေကြေးပြဿနာတွေ မကြာခဏ ကြုံရတတ်ပါတယ်။ ပစ္စည်းရောက်ပြီးမှ မယူတော့တာတွေရှိပြီး ရန်တွေ့လွှတ်တဲ့သူတောင် ရှိတတ်တာပါ။ ဝယ်ယူသူတွေထဲမှာ အမှန်တကယ် ဝယ်ယူအားပေးသူတွေ အများကြီးရှိသလို တကယ်ဝယ်ချင် တာ မဟုတ်ဘဲ လိမ်ညာသူ၊ နောက်ပြောင်သူတွေလည်း ရှိနေပါတယ်။
အားသာချက်တွေရှိသလို အခက်အခဲ၊ လိုအပ်ချက်တွေလည်း အများကြီးရှိပေမယ့် အွန်လိုင်းရှော့ပင်း ကဏ္ဍကတော့ ဈေးဝယ်သူတွေကို စွဲမက်ဖွယ်ဖမ်းစားနိုင်နေဆဲပါပဲ။ တိုးတက်မှု မြန်ဆန်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်းရှော့ပင်းကဏ္ဍဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ဖွံ့ဖြိုးနေဦးမှာကလည်း အသေအချာပဲ ဖြစ်ပါတယ်။    
ခိုင်ဇာသွင်
Read More About Digital Articles Here


Read times Last modified on Friday, 07 July 2017 11:01
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.