Tuesday, 27 June 2017 07:34

nini
တေးသံရှင် နီနီခင်ဇော်နဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ တေးသီချင်း အသစ်ဖန်တီးမှုတွေ အကြောင်းကို မေးမြန်းထားပါတယ်။

ဂီတနဲ့ ပတ်သက်ပြီး ဖန်တီးမှုအသစ်တွေ ရှိရင် ပြောပြပါဦး။
နီနီ ဇွန်လကုန်ရင် သီချင်းအသစ်တစ်ပုဒ် ထွက်ပါမယ်။ အဆွေးသီချင်းလေးပါ။ ဇူလိုင်လထဲမှာလည်း နောက်ထပ် တစ်ပုဒ်ထပ်ထွက်ပါမယ်။ နှစ်ပုဒ်ပေါ့နော်။ နှစ်ပုဒ်လုံးကတော့ နီနီပဲ ရေးထားတယ်။ ဇူလိုင်မှာထွက်မယ့် သီချင်းကတော့ မိုးနဲ့ပတ်သက်တဲ့ သီချင်းပါ။
မိုး သီချင်းဆိုတာ ဘယ်လိုပုံစံမျိုးကို ရေးထားတာလဲ။
မိုးသီချင်းရေးတုန်းက နီနီ စဉ်းစားနေတုန်း မိုးရွာလိုက်တယ်ပေါ့နော်။ အဲဒီမှာ နီနီ အတွေးတစ်ခု ရလာတယ်။ နီနီရေးချင်တဲ့ အကြောင်းအရာကို ချရေးလိုက်တယ်။ ချရေးလိုက်တော့လည်း စာသားက အရမ်းအဆင်ပြေတယ်။ ပရိသတ်လည်း ကြိုက်ပါလိမ့်မယ်။ အဆွေးဘက် သွားတယ်။ မိုးသီချင်းက ရက်ရက်စက်စက် ထားသွားတဲ့ ချစ်သူအကြောင်းပေါ့။ ဇွန်လထဲမှာ ထွက်မယ့် သီချင်းကတော့ အသည်းကွဲပုံစံလေး ရေးထားတယ်။ မိန်းကလေးတစ်ယောက် အသည်းကွဲပြီးတော့ လွမ်းနေတဲ့ ပုံစံပေါ့။
သီချင်းနာမည်လေးတွေကရော။
သီချင်းနာမည်တွေကတော့ သိပ်မကြာခင် ပြောပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းနည်းထူးခြားလို့ပါ။ သီချင်းခေါင်းစဉ်က သီချင်းနဲ့တွဲပြီး ပြောမှရမှာဖြစ်လို့ပါ။ ခွဲပြောရင် အဓိပ္ပာယ်မမိဘူး ဖြစ်နေလို့။
ကိုယ်တိုင် သီချင်းရေးရတဲ့အခါ ဖြစ်လာတဲ့ ဖီလင်ကရော။
နီနီက ချဲလင့်ဖြစ်တဲ့ဟာကို ကြိုက်တယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် တေးရေးဆရာ မဟုတ်ဘူး။ ဒါကြောင့်မို့ လိုအပ်ချက်တွေ အများကြီးရှိတယ်။ လိုနေတာကို နီနီရဲ့ ဆရာသမားတွေက ဝိုင်းပြီးတော့ ကူညီပေးတယ်။ ဆရာသမားတွေ ကူညီပေးတာ အများကြီးပါ။ အရေးနဲ့ပတ်သက်ရင် ဆရာကေအေတီ မဆုံးခင်ကတည်းကကို နီနီ့ကို ပြောခဲ့တာတွေ၊ သင်ပေးခဲ့တာတွေ အများကြီးပါ။ ဆရာ့ကြောင့်လည်း အခုချိန်ထိ အဆိုပိုင်းမှာ အခက်အခဲတော်တော်များများကို ကျော်လွှားနိုင်ခဲ့ပါတယ်။ အရေးပိုင်းဆိုရင်လည်း ဆရာ ရွှေဂျော်ဂျော်၊ ဆလိုင်းတို့လည်း ကူညီပေးပါတယ်။ နောက်ပိုင်းမှာလည်း ရေးနိုင်အောင် နီနီကြိုးစားပါမယ်။ အချိန်လေး ပေးနိုင်ရင်ပေါ့။ အားတဲ့အချိန် သီချင်းရေး၊ ကျန်တဲ့အချိန် သီချင်းဆို၊ အလုပ်လုပ်ပေါ့နော်။ လည်တော့ လည်နေတယ်။ သီချင်းရေးဖြစ်တာကလည်း ထူးဆန်းလွန်းတဲ့ ဘဝခြေလှမ်းတစ်ခုပေါ့။ စွန့်စားမှုတစ်ခုပေါ့လေ။ တစ်ခါတလေ လူက သီချင်းပဲ အမြဲဆိုနေရင် ကြာတော့ နည်းနည်းရိုးပြီး အီလာတယ်။ ကိုယ်တိုင် ဖန်တီးချင်တဲ့အရာကို ကိုယ့်ရင်ထဲကနေ ကိုယ်တိုင် ထုတ်ဖော် ဖန်တီးခွင့်ရတော့ ဝမ်းသာရပါတယ်။ ပျော်စရာပါ။ ဇွန်လကုန်ထွက်မယ့် သီချင်းကိုလည်း နီနီ အားရပါတယ်။ ဒါကလည်း နီနီရဲ့ ဆရာတွေက စီစဉ်ပေးထားတာပါ။
ဒါဆိုရင် သီချင်းတွေကို ပရိသတ်ဆီ ဘယ်လို ဖြန့်ပေးမှာလဲ။
အွန်လိုင်းကနေ ဖြန့်ပေးမှာပါ။ Free ပါ။ Audio ပဲ ထွက်မှာပါ။ ပရိသတ်ကို လက်ဆောင်ပေးမှာပါ။ နီနီတို့ တရားဝင်ဖြစ်အောင် Myanmar Music Store ကနေ ဖြန့်ဖို့တော့ လုပ်ထားတယ်။ နီနီ့ရဲ့ Page ကနေလည်း ဖြန့်ပါမယ်။ နီနီ့ရဲ့ Page ကိုလည်း အခုကတည်းက Like လုပ်ထားကြပါလို့ ကြိုပြောထားပါရစေ။
တေးစီးရီးအသစ်ရော ထွက်ဖို့ရှိလား။
ဟုတ်ကဲ့။ အောက်တိုဘာလတော့ မှန်းထားပါတယ်။ ထွက်ဖြစ်ဖို့လည်း လုပ်ထားပါတယ်။
Short Film မှာလည်း သရုပ်ဆောင်ထားတာ တွေ့ရတယ်နော်။
မဟုတ်ပါဘူး။ အဲဒါကလည်း ကိုဝေမင်းမောင်က တင်လိုက်တာပါ။ နီနီတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ တစ်ယောက်တည်း ကားမောင်းတယ်။ ပွဲက လှမ်းခေါ်လို့ ကားကို လမ်းပြောင်းပြန် ကျော်တက်ပြီး မောင်းသွားတယ်ပေါ့။ ဒါမျိုးကို ရိုက်တာ။ စကားလည်း မပြောရဘူး။ အိုက်တင်နဲ့ပဲ သရုပ်ဆောင်ရတာပါ။ အဲဒါကို Short Film လို့ ရေးလိုက်တော့ အကုန်လုံးက နီနီ့ကို သရုပ်ဆောင်လုပ်နေပြီလို့ ပြောနေကြတယ်။ နီနီ သရုပ်ဆောင်လုပ်နေတာ မဟုတ်ပါဘူး။ သရုပ်ဆောင်ဘက်ကို သွားဖို့မရှိပါဘူး။ အကျိုးပြု ဇာတ်လမ်းတိုလေးတွေ ပရိသတ်အတွက်ရော၊ ကိုယ့်အတွက်ရော သရုပ်ဆောင်ပေးဆို ကူညီပေးပါမယ်။ နည်းနည်းဆိုရင်ပေါ့။ အများကြီးဆို နီနီ မလုပ်တတ်ပါဘူး။
ခိုင်ဇာသွင်
Read More About Celebrity Interviews Here


Read 256 times Last modified on Wednesday, 28 June 2017 07:45
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.