Wednesday, 28 June 2017 06:29

thungal1
ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ပျော်စရာလေးတွေနဲ့ အနုပညာရသမြောက်အောင် ရိုက်ကူးထားတဲ့ သူငယ်ဇာတ်ကားပဲ ဖြစ်ပါတယ်။ လူငယ်လေးတစ်ဦးနဲ့ အပျိုကြီးသုံးယောက်ရဲ့ အကြောင်းကို ဟာသနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ မြန်မာ Idol ရဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ကို မင်းသားသစ် အဖြစ်တင်ပြီး အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားပါတယ်။ ချစ်သူရှိတဲ့ အပျိုကြီးသုံးယောက်က သူတို့တွေထက် အသက်ငယ်တဲ့ လူငယ်တစ်ဦးနဲ့ ပတ်သက်မိတဲ့အချိန်မှာ ကြုံရတဲ့အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
အပျိုကြီးမမ သုံးယောက်က အဒေါ်ဖြစ်သူရဲ့ နွေမိုးဆောင်းဂေဟာမှာ နေထိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ပထမဆုံးတစ်ယောက် နွေဦးမေ (ထွန်းအိန္ဒြာဗို)က ဗြူးတီးဆလွန်း ဖွင့်ထားတာဖြစ်ပြီး မိုးခင်ခင် (စိုး မြတ်သူဇာ)ကတော့ အဒေါ်ဖြစ်သူရဲ့ ယွန်းထည်ဆိုင်ကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဆောင်းဟေမန်(ခိုင်သင်းကြည်)ကတော့ ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်ပါတယ်။ သူတို့မှာ ချစ်သူကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် အလှအပရေးရာတွေနဲ့ ဆက်နွှယ်ပြီး လုပ်ကိုင်နေကြရတဲ့ အပျိုကြီးသုံးယောက်ကတော့ သူတိုရဲ့ ချစ်သူတွေကို အလိုမကျပါဘူး။ သူတို့ရဲ့ ချစ်သူတွေက ဥစ္စာပေါ ရုပ်ချောကြပေမယ့် အားနည်းချက်လည်း ရှိကြပါတယ်။ နွေဦးမေရဲ့ ချစ်သူ ကိုရွှေသိမ်းမောင်က ကပ်စေးနှဲတဲ့အပြင် အရာရာကို တိုင်း ထွာ စစ်ဆေးတတ်တဲ့သူပါ။ မိုးခင်ခင်ရဲ့ ချစ်သူ ကိုငွေလရောင်က အထူးကုဆရာဝန် လူပျိုကြီးဖြစ်ပြီး လူကြီးမိဘတွေကို ရိုသေတဲ့ လူအေးကြီးပေါ့။ ချစ်သူစကားကို နားမဝင်တဲ့သူလည်း ဖြစ်ပါတယ်။ ဆောင်းဟေမန်ရဲ့ ချစ်သူ ကိုထူးစိန်ကတော့ ဥစ္စာပေါ၊ ရုပ်ချောလူပျိုသိုးကြီးပါ။ အသက်ကြီးမှ ရည်းစားရလိုက်တဲ့သူ ဖြစ်တာကြောင့် ရည်းစားကို တုန်နေအောင် ချစ်သလို အလွန်သဝန်တိုတတ်သူလည်း ဖြစ်ပါတယ်။
တစ်နေ့မှာတော့ အပျိုကြီး သုံးယောက်ဆီကို သူငယ်လေးတစ်ယောက် ရောက်လာတော့ပါတယ်။ ငယ်လည်းငယ်၊ ချောလည်းချောတော့ အပျိုကြီး သုံးယောက်က ကြွေသွားပါတယ်။ တကယ်တော့ သူတို့အသီးသီးဆီကို ရောက်လာတဲ့ သူငယ်လေးက တစ်ယောက်တည်း ဖြစ်နေတာကို သူတို့ မသိပါဘူး။ ရှိန်းဆိုတဲ့ သူငယ်လေးဟာ နာမည်တွေ အမျိုးမျိုး ပြောင်းပြီးတော့ အပျိုကြီးတစ်ယောက်ချင်းဆီကို ချဉ်းကပ်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က အပျိုကြီးမမ သုံးယောက်ဆီက ရနိုင်သမျှ ချူစား ဖို့ပဲ ဖြစ်ပါတယ်။ အပျိုကြီးသုံးယောက်ကလည်း ဘယ်သူ့ သူငယ်က ပိုချောကြောင်း၊ ပိုချစ်တတ်ကြောင်းကိုလည်း အကြွားပိုကြပါသေးတယ်။ ဒီလိုနဲ့ အပျိုကြီးသုံးယောက်က သူငယ်လေးတွေ ကိုယ်စီနဲ့ မိတ်ဆက်ပေးဖို့ တိုင်ပင်လိုက်ကြပါတယ်။ သူငယ်လေးကလည်း လာတွေ့ပါတယ်။ လာတွေ့တဲ့အခါမှာတော့ သူငယ်လေးဟာ သူတို့သုံးယောက်နဲ့ ပတ်သက်နေတဲ့ သူငယ်တစ်ယောက်တည်း ဆိုတာကိုသိလိုက်ရတဲ့အခါ " သူတို့ သုံးယောက် ဘာတွေ ဆက်ဖြစ်မလဲ၊ သူတို့ရဲ့ ချစ်သူတွေကရော သိသွားမလားဆိုတာကို " သူငယ် ဇာတ်ကားမှာ ကြည့်ရှုရတော့မှာပါ။
သူငယ်ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်က ရေးသားကာ ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ ကျော်ထက်အောင်၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မင်း ဦး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ ခိုင်သင်းကြည်နဲ့ အခြားအနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ခိုင်ဇာသွင်
Read More About Movie Review  Here


Read times Last modified on Wednesday, 28 June 2017 06:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.