Tuesday, 20 June 2017 07:16

wine su
မကြာမီ ထွက်ရှိမယ့် "မယ်သီတာ" Mini Album မှာ ပါဝင်မယ့် သီချင်းတွေအကြောင်းနဲ့ လက်ရှိအချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်သရုပ်ဆောင်  ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မယ်သီတာ Mini Album ကို ထုတ်ဖြစ်တာလေး အရင်ပြောပြပါဦး။
အဓိကကတော့ Mini Album လုပ်ချင်တာလည်း ကြာပြီပေါ့နော်။ သီချင်းပုံစံ အသစ်လေးတွေကို ပရိသတ်ကို ချပြချင်တာလည်းပါတယ်။ ဒီနှစ်ထဲမှာ လုပ်မယ့် One Lady Show ကျရင် အရင်ဆိုခဲ့တဲ့ သီချင်းဟောင်းတွေထက် သီချင်းအသစ်တွေနဲ့ Performance လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့်မို့ တစ်ကိုယ်တော်ခွေမတိုင်ခင် ကြားထဲမှာ Mini Album ထွက်လိုက်တာပါ။ သီချင်းခြောက်ပုဒ်တည်း ပါပါတယ်။ ဇွန်လအကုန် ဇူလိုင်လဆန်းလောက် ထွက်ပါမယ်။
အခွေနာမည်ကို "မယ်သီတာ"လို့ ပေးဖြစ်တာက...
ဝိုင်းစုက အခွေ Title ကို အမြဲတမ်း ထူးထူးခြားခြား ပေးနေကျဆိုတော့လေ။ ကိုယ်အပ်ထားတဲ့ သီချင်းတွေထဲမှာမှ ကိုယ်ကြိုက်တဲ့ နာမည်လေးတစ်ခုကို ရွေးထုတ်ပြီး ပေးလိုက်တာပါ။ ကိုယ်က ဒီနာမည်ကို Title ပေးမယ်ဆိုပြီး ရေးခိုင်းတာတော့ မဟုတ်ပါဘူး။ ရေးထားပြီးသား သီချင်းတွေထဲက ကိုယ်ကြိုက်တဲ့ နာမည်တစ်ခုကို ရွေးလိုက်တာပါ။ အဲဒီသီချင်းကို ဝေယံဆိုတဲ့ တေးရေးဆရာ အသစ်တစ်ယောက် ရေးပေးထားတာပါ။ သီချင်းကတော့ အနောက်တိုင်းပုံစံနဲ့ မြန်မာမှုပုံစံလေးကို ပေါင်းစပ် ဖန်တီးထားတာတွေ ပါမယ်။ ဗုံသံတွေ၊ ဘာတွေ ထည့်ထားတာပေါ့နော်။ ဒီလိုသီချင်းပုံစံမျိုး တစ်ယောက်မှတော့ မလုပ်ဖူးသေးဘူး။
ဒါဆို အဲဒီ သီချင်းအကြောင်းအရာက ရာဇဝင်ထဲက မယ်သီတာအကြောင်းကို ရေးထားတာလား။
မယ်သီတာက သူ့ကို ကြိုက်တဲ့သူတွေ များတယ်။ ဒါပေမဲ့ စိန်တွေ၊ ရွှေတွေနဲ့ တင်တောင်းရင်တောင်မှ စိတ်မဝင်စားဘူးပေါ့နော်။ မယ်သီတာရဲ့ အကြောင်းလေးကို ဖော်ညွှန်းပြီး ရေးထားတဲ့ သီချင်းလေးပါပဲ။ တခြားသီချင်းတွေထဲမှာလည်း ကိုရွှေဂျော်ဂျော် ရေးပေးထားတဲ့ No Money No Love ဆိုတဲ့ သီချင်းလေးက ထူးခြားလိမ့်မယ်။ အဲဒီသီချင်းအတွက် အတီးပိုင်းမှာ ပုံမှန်ကုန်ကျစရိတ်ထက်ကို ငါးဆလောက် ဝိုင်းစုကုန်ခဲ့တယ်။ အဲဒီသီချင်းဆိုလည်း ဝိုင်းစုဆိုနေကျ ပုံစံမျိုးမဟုတ်ဘူး။ သီချင်း အနှေးဆိုလည်း စန္ဒရားနဲ့ပဲ ဆိုထားတဲ့ သီချင်းမျိုးပါတယ်။ သီချင်းပုံစံတွေ နည်းနည်းတော့ ပြောင်းထားတယ်။
ဝိုင်းစုရဲ့ ချစ်သူနဲ့ရော စုံတွဲဆိုထားတဲ့ သီချင်းရော ထည့်ထားသေးလား။
ကိုအောင်လနဲ့ စုံတွဲသီချင်းတစ်ပုဒ် ထည့်ထားတယ်။ အဲဒီခွေမှာ သူကိုယ်တိုင်ရေးပေးထားတဲ့ သီချင်းနှစ်ပုဒ်ပါတယ်။ တစ်ပုဒ်က "အသည်းခွဲမိုး" ဆိုတဲ့ သီချင်းပါ။ အဲဒီသီချင်းက အရင်တုန်းက ရွှေ FM ခွေထဲမှာ အဆိုတော်မေသူ ဆိုခဲ့ဖူးတယ်။ ဝိုင်းစုကတော့ Version ပြောင်းပြီး ပြန်ဆိုထားတယ်။ အရင်ပုံစံနဲ့တော့ လုံးဝမတူတော့ဘူးပေါ့။ နောက်တစ်ပုဒ်ကတော့ ကိုအောင်လနဲ့ စုံတွဲဆိုထားတဲ့ "အနားမှာရှိရင်" ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းကို ခွေမထွက်ခင် အွန်လိုင်းမှာ ပရိသတ်ကို ဆိုပြမယ်လို့တော့ စဉ်းစားထားတယ်။
ဂီတပိုင်းနဲ့ ပတ်သက်လို့ရော ကိုအောင်လဆီက ဘယ်လို အကြံဥာဏ်တွေ ယူရလဲ။
ဒီခွေဆိုရင် ဝိုင်းစု တော်တော်အားရတယ်။ ကိုယ်ရထားတဲ့ သီချင်းတွေကိုလည်း အားရတယ်။ ကိုအောင်လကတော့ ဂီတပိုင်းမှာ ဝိုင်းစုမသိတဲ့ဟာတွေကို သူအကုန်သင်ပေးပါတယ်။ ဒီခွေမှာ ထူးထူးခြားခြား ဝိုင်းစုတစ်ခွေလုံးကို ကိုယ့်ဘာသာကိုယ် Harmony သေချာလိုက်ထားတယ်။ ဆိုပုံ၊ ဆိုပေါက်လည်း နည်းနည်းပြောင်းထားတယ်။ ဒါတွေ အကုန်လုံးကတော့ သူသင်ပေးတာပါ။ ကိုယ်သေချာလေး ကြိုးစားထားတဲ့အတွက် ဝိုင်းစုလုပ်ခဲ့သမျှ အခွေတွေထဲမှာ "မယ်သီတာ" ခွေကို တော်တော်အားရပါတယ်။
ချစ်သူနှစ်ဦး လက်တွဲဖို့ ဘယ်တော့လောက် ဖြစ်နိုင်မလဲ။
အဲဒါကတော့ စဉ်းစားထားပါတယ်။ ဒါပေမယ့် လိုပါသေးတယ်။ ဒီနှစ်ထဲတော့ မဖြစ်နိုင်ဘူး။ ဝိုင်းစုတို့နှစ်ယောက်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ သူနဲ့လက်မတွဲခင်ကဆို ဂီတနဲ့ပတ်သက်ပြီး တချို့သီချင်းတွေဆို ဝိုင်းစု နားမလည်တာတွေရှိတယ်။ သူကျတော့ သူမလုပ်တဲ့ Music ပိုင်းတွေကအစ အကုန်သိတော့ ကိုယ်မသိတာတွေ မေးလို့ရတယ်။ အဲဒီလိုဆိုတော့ သူကကိုယ့်အတွက် အားကိုးစရာတစ်ခု ဖြစ်တာပေါ့နော်။
ခိုင်ဇာသွင်
Read More About Celebrity Interviews Here


Read times Last modified on Tuesday, 20 June 2017 07:35
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.