Friday, 16 June 2017 10:57

ghost
ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ လူငယ်ကြိုက် ကားကောင်းလေးတစ်ကားဖြစ်တဲ့ "ဝိညာဉ်ကကြိုး"အမည်ရှိ ရုပ်ရှင်ဇာတ်ကားလေးပါ။ ဖြူစင်တဲ့ချစ်ခြင်းတရားကို အခြေခံထားပြီး ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ချစ်မေတ္တာသံဃောဇဉ်ဖွဲ့ အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဉ်း
ရွှေပျိုဖြူ (ရွှေမှုံရတီ)နဲ့ ခေတ်သမီး (သင်ဇာဝင့်ကျော်) တို့က တစ်ဦးနဲ့တစ်ဦး အလွန်သံဃောဇဉ်ကြီးတဲ့ သူငယ်ချင်းတွေပါ။  တစ်ယောက်နဲ့ တစ်ယောက်ကတော့ ဘဝပေးအခြေအနေ ကွာခြားကြပါတယ်။ ရွှေပျိုဖြူရဲ့ဖခင်ကတော့ အဝေးကနေ ငွေကြေး ထောက်ပံ့ထားတာကလွဲလို့ မေတ္တာတရားကို မပေးနိုင်ပေမယ့်၊ ငွေကြေးမပြည့်စုံတဲ့ ခေတ်သမီးကတော့ မိဘမေတ္တာတရားကို ပြည့်ဝစွာရရှိထားသူပါ။ ခေတ်သမီးက စိတ်ထားနူးညံ့သလောက် ရွှေဖြူကတော့ စိတ်ခက်ထန်တယ်။ လိုချင်တာကိုလည်း ရအောင်ယူတတ်တယ်။ သူမစရိုက်ကို နားလည်ပေးနိုင်သူကလည်း ခေတ်သမီးတစ်ယောက်ပါပဲ။ ခေတ်သမီးဟာ ရွှေဖြူ့ရဲ့ အထောက်အပံ့နဲ့ စီးပွားရေးသင်တန်းတစ်ခုကို တက်နေရတာမို့ ခေတ်သမီးပေါ်မှာ ရွှေဖြူက လွှမ်းမိုးမှုတွေ ရှိလာခဲ့ပါတယ်။
ghost2
သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝထဲကို သစ်ခက်ညို (အောင်ရဲလင်း) ရောက်လာခဲ့ရာက သစ်ခက်ညိုက ခေတ်သမီးကို စိတ်ဝင်စားပြီး သစ်ခက်ညိုကိုတော့ ရွှေဖြူက တစ်ဖက်သတ်ချစ်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ သစ်ခက်ညိုက ခေတ်သမီးကို ချစ်နေတာကို သိလိုက်ရတဲ့ ရွှေဖြူက ရှက်ရွံ့သွားခဲ့ပြီး သစ်ခက်ညို အပေါ်ထားတဲ့ ချစ်ခြင်းတွေကို ရင်တွင်းမှာသာ ထားလိုက်ပါတော့တယ်။ တချို့ခံစားချက်တွေကို i pad ထဲမှာ Note ရေးခဲ့ပါတယ်။ ခေတ်သမီး သင်တန်းပြီး သွားတဲ့အချိန်မှာတော့ ရွှေဖြူက သစ်ခက်ညိုနဲ့ ခေတ်သမီးတို့ကို ကလောအပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ခေတ်သမီးနဲ့ သစ်ခက်ညိုတို့က သူတို့ရဲ့ ချစ်ခြင်းမေတ္တာအပေါ် သိနားလည်ပြီး ခရီးက စီစဉ် ပေးခဲ့တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့်  အမှန်က  ရွှေဖြူက သစ်ခက်ညိုကို နေ့တိုင်းမြင်တွေ့ချင်တဲ့ စိတ်ကြောင့် စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ သုံးဦးစလုံး အပန်းဖြေခရီးထွက်လာချိန်မှာ ရွှေဖြူ တစ်ယောက် သစ်ခက်ညိုကို ရယူဖို့ ဘယ်လိုကြံစည်ဦးမလဲဆိုတာ "ဝိညာဉ်ကကြိုး" ရုပ်ရှင်ဇာတ်ကားမှာ ကြည့်ရှူရတော့မှာပါ။
ghost3

"ဝိညာဉ်ကကြိုး" ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု ပုညခင်၊ ဇာတ်ညွှန်း မင်းညီ၊ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)တို့ရဲ့ လက်စွမ်းတွေနဲ့အတူ သရုပ်ဆောင် အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်၊ ရွှေမှုံရတီနဲ့ အခြားသော အနုပညာရှင်တွေများစွာက ပါဝင်သရုပ်ဆောင် အားထုတ်ထားကြပါတယ်။
ခိုင်ဇာသွင်
Read More About Movies, Cinemas, Schedules Here

 


Read times Last modified on Friday, 16 June 2017 11:07
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.