Monday, 29 April 2019 07:30

TB.jpg

 

တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် တီဘီရောဂါဖြစ်ပွားမှုကျဆင်းလာသော်လည်း လူဦးရေသိပ်သည်းမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားမှုနှုန်း သိသိသာသာကျဆင်းခြင်းမရှိကြောင်း နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈)အရ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က “ရန်ကုန်မှာက ဖြစ်ပွားမှုနှုန်း ယောင်ယောင်လေးပဲကျတယ်။ ဘာလို့လဲဆိုတော့ လူဦးရေများတယ်။ လိုင်းကားစီးတာတို့ ကူးလူး သွားလာတာတွေများတဲ့အတွက် ကူးစက်မှုကရှိနေတယ်” ဟု ပြောပါတယ်။

နိုင်ငံအဝန်း တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့် ကျဆင်းနေသည့်တိုင် မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံးသော နိုင်ငံ ၃၀ ထဲတွင် ပါဝင်နေဆဲဖြစ်ပြီး တီဘီရောဂါဖြစ်ပွားသူများ၏ ၇၃ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း စစ်တမ်းအရ သိရပါတယ်။

ဒေါက်တာ စည်သူအောင်က “အမျိုးသားတွေက အမျိုးသမီးတွေထက် အပြင်မှာသွားလာရတာတွေ၊ အလုပ်အကိုင်လုပ်ရတာတွေများတော့ ပိုဖြစ်သလို၊ ဖြစ်တာကိုလည်း ပိုတွေ့ရတဲ့သဘောပါ” ဟု ပြောပါတယ်။

၂၀၀၉-၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့သောစစ်တမ်းအရ လူဦးရေ ၁ သိန်းတွင် ပိုးပေါက် တီဘီ (culture positive) ရောဂါဖြစ်ပွားသူ ၅၀၂ ဦး ရှိခဲ့ပြီး ယခုစစ်တမ်းတွေ့ရှိချက်အရ လူဦးရေ ၁ သိန်းတွင် ပိုးပေါက်တီဘီ (culture positive) ရောဂါဖြစ်ပွားသူ ၂၄၂ ဦးသို့ လျော့ကျလာပြီး၊ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှုမှာ စစ်တမ်းကောက်ယူသူများအတွင်း ၃ ရာခိုင်နှုန်းသာတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရပါတယ်။

အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်) ဒေါက်တာဇော်မြင့်က “ရန်ကုန်မှာဆို လူဦးရေထူထပ်တဲ့မြို့နယ်တွေ ဥပမာ လှိုင်သာယာတို့ ရွှေပြည်သာတို့ မင်္ဂလာဒုံတို့ အင်းစိန်တို့ တောင်ဒဂုံတို့ ဒီနေရာတွေကတော့ အဖြစ် များတဲ့ မြို့နယ်တွေပေါ့” ဟု ဆိုပါတယ်။

မြန်မာနိုင်ငံတွင် တီဘီရောဂါ စစ်တမ်းကောက်ယူမှုကို ပထမဦးဆုံးအကြိမ် ၁၉၇၂ ခုနှစ်၊ ဒုတိယအကြိမ် ၁၉၉၄ ခုနှစ်နှင့် တတိယအကြိမ် အဖြစ် ၂၀၀၉ -၂၀၁၀ နှစ်တို့တွင်လည်း စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဟာ လူဦးရေများပြားခြင်းအပြင် ပြည်သူလူထုကြားတွင် ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနည်းပါးခြင်းတို့ကြောင့်လည်း ကူးစက်မှုဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း၊ မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပြီး HIV-TB ဝေဒနာရှင်များကိုလည်း စောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ပြီး ပြုစုစောင့်ရှောက်နေသူ ဒေါ်ဖြူဖြူသင်း ကပြောပါတယ်။

“အဓိကကတော့ ပညာပေးမှုအပိုင်းလည်း ပိုလိုတယ်လို့ထင်တယ်။ ပိုပြီး ဂရုစိုက်ဖို့လိုတယ်။ အဲဒီလိုမလုပ်ထားဘူးဆိုရင် လူဦးရေများလာတာနဲ့အမျှ ဒီရောဂါက လျော့ကျသွားမှာမဟုတ်ဘူး။ ပိုပြီးတိုးလာမယ်၊ ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်လာမယ့်သဘောပဲ” ဟု ဒေါ်ဖြူဖြူသင်း ကဆိုပါတယ်။

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံချက်မှ ၂၀၁၈ ခုနှစ်တွင် တီဘီရောဂါလူနာ ၁ သိန်း ၃ သောင်း ၅ ထောင် ကျော်ကို ကုသမှုပေးခဲ့ရာ ကုသမှုအောင်မြင်နှုန်းမှာ ၈၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် မြန်မာနိုင်ငံ၌ လူဦးရေ ၁ သိန်းတွင် တီဘီရောဂါဖြစ်ပွားသူ ၃၅၈ ဦးနှင့် ရောဂါကြောင့်သေဆုံးသူ ၅၁ ဦး ရှိကြောင်း ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာ ၂၀၁၈ တွင် ပါရှိခဲ့ပါတယ်။

Source: Irrawady


Read 41 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.