Tuesday, 23 April 2019 06:45

concealed-carry-modifications-hot-humid-weather-carry.jpg

အပူဒဏ်ကာကွယ်နည်းတွေနဲ့ပတ်သက်လို့ အညာဓလေ့မြန်မာနည်း စနစ်တွေ ဘယ်လိုမှန်တယ်ဆိုတာ ရှင်းမပြခင်မှာ ပထမဆုံးအနေနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ထဲက အပူတွေကို အပြင်ကိုဘယ်လို နည်းတွေနဲ့ ထုတ်ပစ်နေတယ်ဆိုတာ သိပ္ပံနည်းကျ ပြောပြချင်ပါတယ်။

လူတွေမှာ နေ့စဉ်လှုပ်ရှားလို့ အစာစားလို့ ဆဲလ်တွေထဲမှာ မက်တာဘော်လစ်ဆင် ဓာတ်ပြုမှုတွေဖြစ်ပြီး အပူတွေ ထွက်နေပါတယ်။ ကိုယ်ခန္ဓာမလှုပ်ရှားဘဲ ထိုင်နေနေ၊ အိပ်နေနေ၊ လူ့ကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ လူတစ်ယောက် အသက် ရှင်သန်နေဖို့ တာဝန်တွေဆောင်ရွက်နေရပြီး လူတွေမှာ အလိုလိုနေရင်း ကိုယ်ထဲကအပူဓာတ်တွေဟာ ထွက်နေပါတယ်။ တအားပြင်းပြင်းထန်ထန်လှုပ်ရှားလေ အပူတွေ ပိုထွက်လေပါပဲ။

ဒါပေမယ့်လို့ လူ့ကိုယ်ထဲက ဆဲလ်တွေအတွက် အသင့်တော်ဆုံး အပူချိန်ကို ရှိနေအောင်ထိန်းဖို့ ထွက်သမျှပိုတဲ့ထဲက အပူတွေကို ကိုယ်ခန္ဓာက အမြဲထုတ်ပစ်နေရပြီး လူတစ်ယောက်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းထားရပါတယ်။ သာမန် လူတစ်ယောက်ရဲ့ ပုံမှန်အပူချိန်ကို ပြောရရင် ၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၇ဒီဂရီစင်တီ ဂရိတ်မှာ ရှိနေအောင် ထိန်းထားရပါတယ်။

ခန္ဓာကိုယ်ထဲမှာ သိပ်ပြီးအပူတွေများသွားရင် ဥပမာ ၁၀၇ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄၂ ဒီဂရီစင်တီဂရိတ်လောက်အထိ တက်သွားမယ်ဆိုရင် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ၊ လူတစ်ကိုယ်လုံး မှာရှိတဲ့ ဆဲလ်တွေဟာ အလုပ်မလုပ်နိုင်တော့ပဲ အဲဒီလူဟာ သေသွား ပါလိမ့်မယ်။ အဲဒီလိုဆိုရင် ပုံမှန်အပူချိန်ကို ထိန်းထားဖို့ ကိုယ်ထဲက တောက်လျှောက်ထွက်နေတဲ့ အပူတွေကို ဘယ်လိုထုတ်ပစ်နေ သလဲဆိုတာ ပြောပြပါမယ်။

အပူတွေကိုယ်ထဲက အပြင်ထုတ်တဲ့နည်းက အဓိကသုံးမျိုးရှိပါတယ်။

တိုက်ရိုက်အထိအတွေ့က နေအပူထုတ်တဲ့နည်း (Conduction)၊ ဥပမာ ရေခဲတုံးနဲ့ထိလို့ အရေပြားထဲကအပူဟာ ရေခဲတုံး ထဲကို စီးဝင်သွားတာလိုဟာမျိုးပေါ့။ သိပ်ထိရောက်တဲ့ အပူထုတ်နည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ထိတဲ့နေရာ ကွက်ကွက်လေးထဲကပဲ အပူထွက်သွားတာက နည်းနည်းလေးပဲ။

နောက်တစ်နည်းကတော့ လေကနေတစ်ဆင့် အပူအသွင်း အထုတ်လုပ်တာ (Convection) လို့ခေါ်ပါတယ်။ ပန်ကာဖွင့် ထားရင် ပန်ကာလေကတစ်ဆင့် ကိုယ်ထဲက အပူထွက်သွားတာမျိုးပေါ့။ ဒီနည်းကလည်း နည်းနည်းပါးပါးပဲ ကိုယ်ထဲက အပူထုတ် ပေးနိုင်တယ်။ ဒါပေမယ့် ကြောက်စရာကောင်းတာကတော့ ပြင်ပအပူချိန်က ကိုယ်ခန္ဓာထက် မြင့်နေရင် ဥပမာပြင်ပအပူချိန်က ၄၂ ဒီဂရီစင်တီဂရိတ်၊ ခန္ဓာကိုယ်က ၃၇ ဒီဂရီစင်တီဂရိတ်ဆိုရင် ပန်ကာလေက ပြင်ပကအပူတွေကို ခန္ဓာကိုယ်ထဲကို Convection နည်းနဲ့ ဝင်အောင်လုပ်မှာပါ။ အဲဒီတော့ လူ့ခန္ဓာကိုယ်အပူချိန်တွေ ပိုတက်ကုန် မှာပေါ့။ အဲဒါဟာ နွေရာသီတအားပူနေတဲ့ အချိန်မှာ ပန်ကာလေရဲ့ ကြောက်စရာ အန္တရာယ်ပါ။

အရေးအကြီးဆုံးနဲ့ အဓိကအကျဆုံး ကိုယ်ထဲကအပူထုတ်နည်း ကတော့ အရေပြားပေါ်မှာရှိတဲ့ ချွေးစက်ကလေးတွေ အငွေ့ပျံပြီး ငွေ့ပျံအောင်းပူလို့ခေါ်တဲ့ (Latent heat of evaporation) ပါ။ ကိုယ်ထဲမှာအောင်းနေတဲ့ အပူတွေကို ချွေးတွေ အငွေ့ပျံပြီး စွန့်ထုတ်ပစ်တဲ့နည်းပဲ။ ချွေးအငွေ့ပျံကနေ အပူထုတ်တဲ့နည်းဟာ ကိုယ်ခန္ဓာထဲကပိုနေတဲ့ အပူဓာတ်တွေ စွန့်ထုတ်ရာမှာ အသုံးအကျဆုံးနဲ့ မရှိမဖြစ် နည်းတစ်ခုဖြစ်တယ်လို့ သိပ္ပံနည်းကျဆေးပညာကဆိုတယ်။ ဒါကြောင့် လူတွေ မှာ ချွေးဆိုတာရှိနေပြီး ချွေးစက်ကလေးတွေ သူ့ဘာသာအငွေ့ပျံပြီးခြောက်သွားရမယ်။ အပူထုတ်ဖို့ အဓိကသော့ချက် ကတော့ ချွေးထွက်ဖို့၊ ချွေးအငွေ့ပျံသွားဖို့ပါ။ အဲဒီတော့မှသာ ချွေးငုပ်မသွားဘဲ ချွေးအငွေ့ပျံသွားဖို့လို့ ဆိုလိုတာဖြစ်တယ်။

အဲဒီလိုနည်းစနစ်တွေနဲ့ ကိုယ်ထဲမှာထွက်နေတဲ့ အပူတွေကို ထုတ်ပစ်ပြီးလူ့ခန္ဓာ ကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ထိန်းထားမှသာ ခန္ဓာကိုယ်အစိတ် အပိုင်းတွေ၊ ဆဲလ်တွေ ပုံမှန်လည်ပတ်နိုင်ပြီး လူတစ်ယောက်ဟာ အသက်ရှင်နေနိုင်ပါမယ်။

အထက်ကဆွေးနွေးခဲ့တာတွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာအညာဓလေ့ရိုးရာ အပူဒဏ် ကာကွယ်တဲ့ နည်းတွေမှာ အဓိကယူဆချက်၊ ခံယူချက်ဖြစ်တဲ့ ချွေးဟာအရေးကြီး ဆုံးပဲဆိုတာဟာ သိပ္ပံနည်းကျ အယူအဆနဲ့ကိုက်နေ၊ မှန်နေတာပေါ့။ မြန်မာအယူအဆ ချွေးစိုစိုလေးထွက်နေဖို့ ၊ ချွေးမတိတ်ဖို့ ၊ ချွေးမငုပ်ဖို့ ဆိုတာဟာ အပူလျှပ် (Heat Stroke) အန္တရာယ်က ကာကွယ်ဖို့အထူးအရေးကြီး ပါတယ်ဆိုတာ သိပ်ကိုမှန်နေတာပေါ့။

benefits-of-sugar-and-salt-water.jpg

ရေခဲနဲ့ ရေချိုးတာနဲ့ပတ်သက်တဲ့ မြန်မာအယူအဆတွေမှန် မမှန်ဆိုတာကို တစ်ဆက်တည်း စဉ်းစားကြည့်ရအောင်။ အညာအယူက နေပူပူထဲကပြန်လာရင် ဘယ်တော့မှ ရုတ်တရက်ရေမချိုးရ၊ ရေခဲရေ မသောက်ရဆိုတာတွေ မှန်သလား။ မှန်တာပေါ့။ အအေးဓာတ်နဲ့ ရုတ်တရက်တွေ့လိုက်ရင် အရေပြားမှာရှိတဲ့ သွေးကြောတွေ ချက်ချင်း Vasoconstriction လို့ခေါ်တဲ့ သွေးကြောကျုံ့သွားတတ်ပါတယ်။ အဲဒီလို သွေးကြောတွေ ကျုံ့တာက ရေခဲနဲ့ထိတဲ့ နေရာကသွေးကြော တွေတင်မဟုတ်ဘဲ တစ်ကိုယ်လုံးက သွေးကြောတွေပါ ကျုံ့သွားတာပါ။ (Vasoconstriction) လို့ခေါ်တဲ့ အရေပြားထဲမှာ သွေးကြောတွေ ကျုံ့သွားရင် ချွေးမထွက်တော့ဘူးပေါ့၊ ချွေးငုပ်တာပေါ့။ ဒီလိုဖြစ်တတ်တာကို သိပ္ပံနည်းကျစမ်းသပ်မှုတွေ လုပ်ပြီး သက်သေပြထားတဲ့ စမ်းသပ်မှုတွေ ရှိပါတယ်။ လက်ညှိုးတစ်ချောင်းကို ရေခဲရေထဲမှာ နှစ်လိုက်ရင် ကျန်တဲ့ လက်တစ်ဖက်မှာ ချက်ချင်းသွေးကြောတွေကျုံ့သွားပြီး သွေးလျှောက်နှုန်းကျသွားတာကို တွေ့ရတယ်။ ရေခဲရေ မနှစ်တဲ့လက်မှာလည်း အလိုလိုသွေးကြောကျုံ့ သွားတာကို ပြောတာနော်။

ဒီလိုပဲ ရေခဲရေသောက်ခိုင်းပြီး လက်ချောင်းလေးတွေမှာ သွေးလျှောက်နှုန်းတိုင်းရင်လည်း ချက်ချင်းသွေးလျှောက်နှုန်း ကျသွားတာကို တွေ့ရတယ်။ ဆိုလိုချင်တာက အအေးဓာတ်နဲ့ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာနဲ့ တွေ့လိုက်ရင် reactive vasconstriction လို့ခေါ်တဲ့ အလိုအလျောက်တုံ့ပြန်မှုအရ အဲဒီလိုအအေးဓာတ်နဲ့ ထိတဲ့နေရာတင်မဟုတ်ဘဲ တစ်ကိုယ်လုံး မှာရှိတဲ့ သွေးကြောတွေဟာ ကျုံ့ကုန်ပါတယ်။ ဒီလိုဖြစ်တာဟာ ရုတ်တရက် အအေးဓာတ်နဲ့တွေ့လိုက်ရင် ခန္ဓာကိုယ် အနှံ့အပြားမှာရှိတဲ့ သွေးကြောတွေ ကျုံ့သွား (Reactive vasoconstriction) လို့ ခေါ်တယ်။ အဲဒီလိုအရေပြားမှာရှိတဲ့ သွေးကြောတွေ ကျုံ့သွားတော့ ချွေးရပ်သွားမယ်၊ ချွေးငုပ်သွားမယ်။ ဒီသဘောတရားနဲ့ စဉ်းစားကြည့်ရင် အပူထဲမှာ အကြာကြီးနေပြီး အားကစားတွေ လှုပ်ရှားပြီး ရုတ်တရက်ရေချိုး လိုက်ရင်၊ ရေခဲရေသောက်လိုက်ရင် ခန္ဓာကိုယ်တစ်ခုလုံး မှာရှိတဲ့ အရေပြားသွေးကြောတွေ ကျုံ့သွားပြီး ချွေးထွက်ရပ်သွားမှာပေါ့။ ချွေးမရှိတော့ရင် ကိုယ်ထဲမှာ ထွက်နေတဲ့ အပူတွေ မထွက်နိုင်တော့ဘူး။ ဒါဆိုရင် ခန္ဓာကိုယ်အပူချိန်တွေ မတန်တဆမြင့်တက်သွားပြီး အညာအခေါ် အပူလျှပ် ဖြစ်တော့မှာပေါ့။ မြန်မာအညာအယူတွေ မှန်နေပြန်ပြီ။

ကိုယ်အပူချိန် တက်နေတုန်းမှာ အပူချိန်ကျအောင်လို့ဆိုပြီး ရေခဲရေနဲ့တိုက်လိုက် ရင်သွေးကြောတွေကျုံ့ (Vasoconstriction) သွားပြီး ချွေးလုံးဝရပ်သွားမယ်။ အပူငုပ်သွားတော့မှာပေါ့။ အပူငုပ်ရင် အပူလျှပ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒီလိုဆို နွေရာသီ ပူပူလောင်လောင်မှာ အညာကလူကြီးတွေ ရေခဲရေကို ကြောက်ကြတာ အခုခေတ် သိပ္ပံနည်းနဲ့ တွေးကြည့်ရင် မှန်နေတာပေါ့။

အားလုံးကို ခြုံပြီးပြောရရင် နှစ်စဉ်အပူလှိုင်းကျရာ အညာဒေသ မှာနေကြတဲ့ မြန်မာတွေ ဘိုးစဉ်ဘောင်ဆက်မိရိုးဖလာ အပူဒဏ်အန္တရာယ်ကာကွယ်ဖို့ တွေးခေါ်ယူဆကျင့်ကြံလာကြတဲ့ အနေအထိုင်နည်းစနစ်တွေဟာ မျက်မှောက်ခေတ် ဆေးပညာ အယူအဆတွေနဲ့ ကိုက်ညီတယ်ဆိုတာပြောပါရစေ။ ဒီဆောင်းပါးကို ဖတ်ပြီးနောက်ဆုံး ခေါင်းထဲမှာ စွဲကျန်နေခဲ့ ရမယ့် အချက်အလက်တွေ အင်္ဂလိပ်လို ပြောရရင်တော့ (Take-home message) လို့ခေါ်တဲ့ မြန်မာဓလေ့နွေရာသီ အပူရှောင်နည်းတွေ အနှစ်ချုပ်တွေကတော့-

ပူပြင်းလှတဲ့ နွေရာသီမှာ ဂရုတစိုက်မနေထိုင်ဘူးဆိုရင် ချွေးငုပ်၊ အပူလျှပ်ဖြစ်ပြီး သေနိုင်ပါတယ်။ သိပ်ပူနေတဲ့အချိန်မှာ မတတ်သာမှသာ အပြင်ကို ထွက်ပါ။ အရိပ်ရတဲ့ နေရာမှာနားနေပါ။

အထူးသဖြင့် သတိပြုရမှာကတော့ အပူလျှပ်အဆင့်ကို ရောက်သွားရင် ကုရတာ ခက်ခဲပြီး အသက်အန္တရာယ်များလှတဲ့ အတွက် မဖြစ်ခင်ကကာကွယ်တာဟာ အကောင်း ဆုံးပါ။ ကာကွယ်ဖို့ နည်းလမ်းတွေ ပြောပါရစေ။

နေပူထဲကို သွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါး၊ ခပ်ပွပွ၊ ချည်ထည် အင်္ကျီတွေကို ဝတ်ပါ။ အဖြူရောင်သို့မဟုတ် အရောင်ဖျော့တဲ့ အဝတ်တွေကို ပဲဝတ်ပါ။ အမည်းရောင်အဝတ် တွေကို မဝတ်ပါနဲ့။

နေ့လယ်နေသိပ်ပူတဲ့အချိန်မှာ ဖြစ်နိုင်ရင်နေပူထဲမှာ ပြင်းပြင်း ထန်ထန် လှုပ်ရှား ရမယ့် အလုပ်တွေ၊ အားကစားတွေ မလုပ်ပါနဲ့၊ ဒီလိုအနေအထားမျိုးနဲ့ လှုပ်ရှားနေရမယ်ဆိုရင် ဓာတ်ဆားရည်တွေ သောက်လေ့ရှိပါတယ်။ ဒီနေရာမှာ ဓာတ်ဆားရည်နဲ့ ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ UNICEF, MPFတို့က ထုတ်ထားတဲ့ ဓာတ်ဆားရည်ဆိုတာ ဝမ်းလျှောဝမ်းပျက်သမားတွေအတွက် အဓိကအားဖြင့် ထုတ်ထားတာပါ။ ပိုက်ဆံလည်းပေးရပါသေးတယ်။ ချွေးထွက်တဲ့ အခါမှာ ဝမ်းလျှောတာလို ဆားဓာတ်တွေ အားလုံးဆုံးရှုံးသွားတာ မဟုတ်ပါဘူး။

ချွေးထွက်ရင် ချွေးထဲမှာ အဓိကအားဖြင့် ဆိုဒီယမ်ဓာတ်တွေသာ အများစုပါသွား ထွက်သွားမှာပါ။ အဲဒီတော့ နွေရာသီ အပူဒဏ်က အပူလျှပ်ကာကွယ်ဖို့ရာ အလွယ်ဆုံး နည်းဈေးအသက်သာဆုံးနဲ့ တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစား တွေအတွက် လွယ်လွယ်ကူကူ ချွေးထဲမှာပါတဲ့ ဆားဓာတ်ပြန်ဖြည့်နည်းကတော့ ရေတစ်လီတာကို ဆားလက်ဖက်စားဇွန်း မောက်မောက်နဲ့ ဖျော်ပါ၊ ပြီးတော့ များများသောက်ပေးပါ။ ရေငတ်အောင် မစောင့်ပါနဲ့၊ ရေငတ်မှသောက်တယ်ဆိုရင် နောက်ကျနေပြီ။

ဂေါက်သမားတွေအတွက် ပြောရမယ်ဆိုရင် အမေရိကန်ဂေါက်သီး အဖွဲ့က ဒီလိုရေထဲကို ဆားထည့်ပြီး ဂေါက်သီး နှစ်ကျင်းရိုက်ပြီးတိုင်း တစ်ခါအဝသောက်ပါတဲ့။

နေပူထဲသွားလှုပ်ရှား၊ ကစား၊ ပြန်လာရင် ရုတ်တရက်ချက်ချင်း ဘယ်တော့မှ ရေမချိုးလိုက်ပါနဲ့ ၊ သိပ်အေးတဲ့ ရေခဲရေတွေ၊ ရေအေးတွေနဲ့ ရေပတ်မတိုက်လိုက်ပါနဲ့၊ ချွေးငုပ်သွားတတ်တယ်။ လှုပ်ရှားထားလို့ ကိုယ်ထဲကတရှိန်ရှိန်ထွက်နေတဲ့ အပူတွေ အပြင်ကို မထွက်နိုင်တော့ဘူးပေါ့။ အဲဒီလို ချွေးငုပ်ပြီး ကိုယ်ထဲကအပူတွေ မထွက်နိုင်ဘဲ ကိုယ်တအားပူလာပြီး သတိလစ်၊ ကယောင်ချောက် ချား ဖြစ်တာကို အပူလျှပ်တယ်လို့ ခေါ်တယ်။ ဖြစ်နိုင်ရင် နံနက် ၁၀ နာရီနဲ့ ညနေ ၅ နာရီအတွင်း ရေမချိုးပါနဲ့။

မြန်မာပြည်သူ ပြည်သားအပေါင်း အခုလိုပူပြင်းတဲ့နွေရာသီမှာ မြန်မာ့ဓလေ့ အပူရှောင်နည်းတွေနဲ့ အပူလျှပ်ရောဂါ မဖြစ်အောင် ကာကွယ်ထားနိုင်ပါစေလို့ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်။ ။

ပါမောက္ခ - ခင်မောင်ဝင်း (အသည်း)


Read 168 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.