Monday, 02 October 2017 04:14

iStock 29076896 XLARGE 1080x675
မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်က ကိုယ့်ရဲ့မင်္ဂလာပွဲလေးမှာ အလှဆုံး သတို့သမီးလေး ဖြစ်ချင်ကြတာပါ။ ချစ်ရသူနဲ့ နှစ်ကိုယ်တူ ရွှေလက်တွဲ အစပြုမယ့် မင်္ဂလာရက်မြတ် လက်ထပ်ပွဲလေးအတွက် ရက်ကောင်းရက်မြတ်ရွေးတာ၊ မင်္ဂလာဖိတ်စာနဲ့ ဖိတ်ရမယ့်သူတွေ၊ ပွဲအပြင်အဆင်တွေကို မင်္ဂလာရက်မြတ် မတိုင်မီ လပေါင်းများစွာ ကြိုစီစဉ်ကြသလို မင်္ဂလာဝတ်စုံနဲ့ ဝတ်ဆင်မယ့် အဆင်တန်ဆာတွေ အတွက်လည်း မလစ်ဟင်းအောင် ကြိုစီစဉ်တတ်ကြပေမဲ့ သတို့သမီးတိုင်းလိုလို အရေးကြီးဆုံး အရာတစ်ခုကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ အဲဒါကတော့ မင်္ဂလာရက်မြတ်မတိုင်မီ ကိုယ့်အသားအရေကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြတာပါ။ မင်္ဂလာနေ့ကျမှ ပွဲမတိုင်ခင် ဖြစ်ခဲ့တဲ့ ဖိစီးမှုတွေ၊  အလုပ်ပိမှုတွေရဲ့ အကျိုးဆက်နဲ့ အသားအရေပြဿနာ မကြုံရအောင် သတို့သမီးလေးတွေအနေနဲ့ မင်္ဂလာပွဲမတိုင်မီ မလုပ်မဖြစ် ဂရုတစိုက် လိုက်နာလုပ်ဆောင်ရမယ့် အလှအပရေးရာ နည်းအဖြာဖြာလေးတွေ ပေးထားပါတယ်နော့။

CTM
CTM ဆိုတာက Cleansing, Toning, and Moisturizing ရဲ့ အတိုကောက်လေးတွေပါ။ မင်္ဂလာရက်မြတ် သေချာပြီဆို မင်္ဂလာပွဲမတိုင်မီ လအနည်းငယ် အလိုကတည်းက ဒီ ၃ ဆင့်ကို ပုံမှန်မပျက်မကွက် လုပ်ရမှာနော်။ အသားအရေကို သန့်စင်ဆေးကြောတာ(Cleansing)၊ တင်းရင်းညီညာအောင် ပြုလုပ်တာ(Toning) နဲ့ အစိုဓာတ်ဖြည့်တာ(Moisturizing) တို့က သတို့သမီးလေးရဲ့အသားအရေ ဖြူဝင်းနုပျိုစေဖို့ အလိုအပ်ဆုံး အရာတွေပေါ့။ Cleansing ကောင်းကောင်း လုပ်ထားတဲ့အခါ ချွေးပေါက်လေးတွေ ပွင့်ပြီး ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အသားအရေ ပိုကောင်းလာပြီး Toning ကို တွဲလုပ်ပေးတဲ့အခါ ကျယ်နေတဲ့ ချွေးပေါက်တွေ ကျဉ်းပြီး အရေးအကြောင်း ကင်းစင်လို့ တင်းရင်းလှပ ညက်ညောစေပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ Moisturizing ကတော့ အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်တွေ ဖြည့်ပေးလို့ နူးညံ့ချောမွတ် စိုဝင်းတဲ့အသားအရေကို ပိုင်ဆိုင်စေတယ်လေ။

Exfoliation
အရေပြားပေါ်က ဆားဝက်ခြံ ထိပ်မည်းတွေနဲ့ ဆဲလ်သေတွေက အသားအရေလှပမှုကို လျော့ကျစေတဲ့ အရာတွေပေါ့။ ဒါတွေကင်းစင်သွားဖို့ အကောင်းဆုံးနည်းကတော့ ကြေးချွတ်ပေးတာ (Exfoliation) ပါပဲ။ တစ်ပတ်မှာ ၂ ကြိမ် သို့ ၃ ကြိမ်လောက် မျက်နှာမသစ်မီ Exfoliation လုပ်ပေးဖို့ လိုတယ်နော်။ ကြေးချွတ်ပြီးရင် အသားအရေက နုသွားတာကြောင့် Mild Face Wash ကိုသာ သုံးနော်။ ပြင်းတဲ့ Face Wash ကို သုံးမိရင် အသားအရေ ထိခိုက်ပြီး နီရဲယားယံတာတွေ ဖြစ်နိုင်တယ်နော်။ သဘာဝနည်းနဲ့ ကြေးချွတ်ချင်ရင်တော့ ဆန်မှုန့် သို့ အုတ်ဂျုံမှုန့် ကို ဒါမှမဟုတ် နှစ်မျိုးစလုံးကို ရောသုံးပြီး ကြေးချွတ်လို့ ရတယ်နော်။

Facial နဲ့ Hair Spa
ဝါကျွတ်အစီအစဉ်ရှိတဲ့ သတို့သမီးလေးတွေအတွက် မဖြစ်မနေလုပ်ရမယ့် အရာပါ။ Spa ကို ကိုယ်နဲ့မဆိုင်သလို နေကြတဲ့ သတို့သမီးလေးတွေ အများကြီး ရှိပါသေးတယ်။ မင်္ဂလာပွဲမှာ ခေါင်းအစခြေအဆုံး အပြစ်အနာအဆာ ကင်းကင်းလှနေဖို့ဆို မင်္ဂလာပွဲမတိုင်မီ ၆လလောက် အလိုကတည်းက Spa မှန်မှန်သွားပြီး ဆံပင်နဲ့ အသားအရေ ထိန်းသိမ်းမှုကို မှန်မှန် လုပ်ပေးနော်။ တကယ်လို့ အချိန်မပေးနိုင်တဲ့ သတို့သမီးလေးတွေအနေနဲ့ နှစ်ပတ်တစ်ကြိမ်လောက် ရွှေသွင်းတာမျိုးတော့ လုပ်ဖို့ တိုက်တွန်းပါရစေ။ သတို့သမီးလေးတွေကို ထပ်အကြံပြုချင်တာတစ်ခုက ကိုယ်သုံးနေကျမဟုတ်တဲ့ ဘယ်အလှကုန်ကို သုံးသုံး မသုံးခင် ကိုယ်နဲ့ တည့်မတည့် အရင်စမ်းကြည့်ဖို့ မမေ့နဲ့နော်။ ကျန်းမာသန်စွမ်းပြီး တောက်ပြောင်တဲ့ဆံသားကို ပိုင်ဆိုင်ဖို့ မင်္ဂလာပွဲမတိုင်မီ ၆လ၊  ၃ လ လောက်က ကြိုပြီး အနည်းဆုံး တစ်လတစ်ကြိမ်တော့ Hair Spa မှန်မှန်လုပ်ပေးသင့်ပါတယ်လို့။

Clinical Sittings And Homemade Treatments
ပြစ်မျိုးမှဲ့မထင် လှပတာမျိုး လိုချင်ပေမဲ့ သတို့သမီးလေးတွေအနေနဲ့ အရင်က အသားအရေကို ဂရုမစိုက်မိလို့ အမည်းစက်တွေနဲ့ အရေးအကြောင်း၊ ၀က်ခြံ အနာအဆာတွေရှိနေရင် ပွဲမတိုင်မီတည်းက ဒါတွေကို ပျောက်ကင်းအောင် ကြိုတင်ကုသမှု ယူဖို့ လိုတယ်လေ။ ဒီနေရာမှာ အသားအရေ ကုသမှုဆောင်ရွက်ပေးတဲ့ ဆေးခန်းလေးတွေကို မင်္ဂလာပွဲ မတိုင်မီ ဖြစ်နိုင်ရင် ၆ လ၊  အချိန်မလောက်တော့ရင်လည်း အခုလောက်က ကြိုသွားပြီး အသားအရေ ကုသမှုခံယူပါ။ အဆင့်မြင့်ကုထုံးတွေ ခံယူပြီးလို့ ပျောက်ကင်းသွားပြီးရင်လည်း ကိုယ့်အိမ်တွင်းမှာပဲ သဘာဝအသီးလေးတွေဖြစ်တဲ့ ပန်းသီး၊ စတော်ဘယ်ရီနဲ့ သင်္ဘောသီးတို့ကို ကြိတ်ခြေကာ မှန်မှန်ပေါင်းတင်ပေးမယ်ဆိုရင် မင်္ဂလာရက်မြတ်လေးမှာ အပြစ်အနာအဆာကင်းတဲ့ ပြီးပြည့်စုံလှပတဲ့ သတို့သမီးလေးတွေ ဖြစ်ပြီပေါ့။
bride

Beautiful Hands And Feet
ပြီးပြည့်စုံလှပတဲ့ သတို့သမီးလေးရဲ့ ချစ်ခရီးလမ်း စလျှောက်လှမ်းမယ့် မင်္ဂလာပွဲမှာ ချစ်သူကမ်းလက်ကို တွဲမယ့် လက်ကလေးတွေရယ်၊ ချစ်သူဘေးက အတူလျှောက်လှမ်းမယ့် ခြေဖဝါးလေးတွေ လှပကြည့်ကောင်းနေဖို့ လိုတယ်လေ။ ဒီအတွက်ဆိုရင်တော့ သတို့သမီးလေးတွေအနေနဲ့ ညအိပ်ရာမဝင်မီမှာ သံလွင်ဆီလေးနဲ့ ခြေဖဝါး၊ လက်ဖဝါးလေးတွေကို နှိပ်နယ်ပေးဖို့ အကြုံပါရစေ။ ဒီလိုလုပ်ပေးတဲ့အတွက် ခြောက်သွေ့ကြမ်းတမ်းနေတာတွေ လျော့ပါးပျောက်ကွယ်သွားပြီး နူးညံ့လှပလာပါလိမ့်မယ်။ ရေချိုးနေရင်းနဲ့လည်း ကြေးတွန်းကျောက်လေးတွေနဲ့ ပွတ်တိုက်ပေးလို့ရတယ်လေ။ တတ်နိုင်ရင်တော့ မင်္ဂလာရက်မတိုင်မီ ၂ ပတ် သို့ တစ်လ တစ်ကြိမ်လောက် ခြေသည်းလက်သည်း ပြုပြင်ပေးပါလို့။

Hair Removal
အမွေးအမှင်တွေက မိန်းကလေးတွေရဲ့ နူးညံလှပမှုကို နှောင့်ယှက်တဲ့ အရာတွေပါ။ အထူးသဖြင့် လက်နဲ့ခြေတွေမှာ သိသိသာသာ ပေါက်နေတဲ့ အမွေးအမှင်တို့ကြောင့် သတို့သမီးလေးတို့ရဲ့ အလှအပဟာ မပြည့်စုံဘဲ ဖြစ်တတ်တယ်နော်။ ဒါလေးတွေကို ကြိုတင် ဖယ်ရှားထားဖို့လိုသလို မျက်ခုံးမွေး ထူလွန်းသူတွေဆိုရင်လည်း ကြိုတင်ပုံသွင်းထားနော်။ တစ်ခြားနေရာက အမွေးအမှင်တွေကိုလည်း မလိုချင်ရင် ဖယ်ရှားထားပေါ့။ နှစ်ပတ်တစ်ကြိမ်လောက် မှန်မှန်လုပ်ရင် အိုကေပါတယ်။

Gym
မင်္ဂလာပွဲလေးမှာ ဘာဝတ်စုံလေးဝတ်ဝတ် ကြည့်ကောင်းနေဖို့ Fit ဖြစ်တဲ့ ကိုယ်လုံးအလှလေး ပိုင်ဆိုင်ချင်တယ်ဆိုရင် မင်္ဂလာရက်မြတ်မတိုင်မီ နှစ်လလောက် အလိုကတည်းက Gym မှန်မှန်သွားကစားဖို့ အကြံပြုပါရစေ။ တင်နဲ့ ပေါင်တံလေးတွေ ကျစ်လျစ်လှပဖို့ ဆိုရင်တော့ အားကစားထရိန်နာနဲ့ အာဟာရပညာရှင်တို့ရဲ့ အကြံဥာဏ်ကိုပါ ရယူပြီး မင်္ဂလာရက်မတိုင်မီ လေးလလောက်ကစပြီး Gym ကစားဖို့ လိုမယ်နော်။

Meditate
မင်္ဂလာပွဲအတွက် ဖိစီးနေတာတွေကို လျင်လျင်မြန်မြန် ထိထိရောက်ရောက် လျော့ကျစေဖို့ အကောင်းဆုံးနည်းကတော့ တရားထိုင်တာပါပဲ။ တရားထိုင်တဲ့အတွက် အကောင်းမြင်စိတ်နဲ့ အတွေးတွေ ရင့်သန်စေပြီး စိတ်အေးချမ်းရင် မျက်နှာလေးကြည်ကာ ပိုလှတာမို့ တစ်နေ့ကို ၁၅ မိနစ်စာလောက် မှန်မှန်တရားထိုင်ပေးပါ သတို့သမီးလောင်းလျာလေးတို့ရေ။

Diet
အလှအပလောကမှာ အလှအပအတွက် ဒါက မရှိမဖြစ် အရေးပါလာပါပြီ။ ကိုယ်တွင်းကိုယ်ပြင် ကြည်စင်လှပနေဖို့ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ကင်းစင်နေဖို့ လိုတယ်လေ။ ကိုယ်တွင်းက အဆိပ်အတောက်တွေ ကင်းစင်သွားဖို့က ရေများများ သောက်ပေးရမယ်နော်။ အနည်းဆုံး ရေ ၂ လီတာခွဲကနေ ၃ လီတာခွဲထိ (ရေ ၈ - ၁၀ ဖန်ခွက်) သောက်ပေးရင် အကောင်းဆုံးပေါ့။ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ စိမ်းစိုတဲ့ အသီးအရွက်တွေနဲ့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့အစားအစားတွေကို မဖြစ်မနေထည့်သွင်းပြီး ညီမျှအောင် စားပေးနော်။ အချိုများတဲ့ အမြန်စာ၊ သရေစာနဲ့ ဆိုဒါတွေက အသားအရေမှာ ပြသနာတွေ ဖြစ်လာစေနိုင်လို့ ဒါတွေကိုတော့ လုံးဝလုံးဝ ရှောင်ပါလို့။

Sleep
အသားအရေ လှပဖို့အတွက် ငွေမကုန် လူမပင်ပန်းဘဲ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တာက အိပ်ရေးဝအောင် အိပ်တာပါတဲ့။ သတို့သမီးလေးတွေက မင်္ဂလာပွဲကျင်းပမယ့် ရက်မရောက်ခင်အထိ စိုးရိမ်ပူပန်စိတ်၊ ဖိစီးမှုတွေနဲ့ အိပ်ရေးပျက်တတ်ကြတယ်လေ။ အကျိုးဆက်ကတော့ ပန်ဒါမျက်လုံးလေးနဲ့ အကျည်းတန်မလေးတွေ ဖြစ်ရပြီပေါ့။ ဒီလို မျက်ကွင်းညိုတာနဲ့ အသားအရေ မွဲခြောက်တာတွေ မဖြစ်အောင် တစ်နေ့ကို အနည်းဆုံး ၈ နာရီ လောက်တော့ အိပ်ချိန်ပေးပြီး အိပ်ပါလို့။
believeacts2s Blog

Spa And Massage
ဒါက မဖြစ်မနေ လုပ်ရမယ့်အဆင့် မဟုတ်ပေမဲ့ မင်္ဂလာပွဲအတွက် ဖိစီးမှုများနေတဲ့ သတို့သမီးလေးတွေ အတွက် ဖိစီးမှုတွေ ပြေလျော့ပြီး ပေါ့ပါးလန်းဆန်းသွားအောင် Spa ကို သွားပြီး Massage လေး လုပ်သင့်တယ်နော်။

Maintaining The Glow
အသားအရေအလှကို ပုံသွင်းရယူဖို့ အချိန်ယူကြိုးစားလာပေမဲ့ မင်္ဂလာနေ့လည်း ရောက်ရောတင်းထားသမျှ လျှော့ချလိုက်ကြတဲ့ သတို့သမီးလေးတွေက များတယ်ရှင့်။ မင်္ဂလာပွဲပြီးသွားရင်တောင်မှ အသစ်စက်စက် သတို့သမီးလေးလို လှပနေဖို့ လိုတယ်လေ။ ကိုယ်ရရှိထားတဲ့ အသားအရေအလှကို ဆက်ထိန်းသိမ်းထားဖို့ တိုက်တွန်းပါရစေနော်။ မင်္ဂလာပွဲရက်မှာ သတို့သမီးလေးတွေအနေနဲ့ လုံးဝလုံးဝ မလုပ်ရမယ့် အရေးကြီးအရာ ၃ခု ရှိတယ်နော်။

၁။ မင်္ဂလာရက်မှာ စမ်းသုံးထားဖူးခြင်းမရှိတဲ့ မျက်နှာအလှကုန်တွေကို လုံးဝမသုံးနဲ့နော်။
၂။ မျက်ခုံးမွေးကို မင်္ဂလာရက်ရောက်မှ မရိတ်မနှုတ်နဲ့နော်။
၃။ အစာမစားမိတာမျိုး မလုပ်နဲ့နော်။

ဒီအတိုင်း လိုက်နာ လုပ်ဆောင်ထားမယ်ဆိုရင်တော့ တစ်သက်မှာ ထာဝရ အမှတ်ရနေစေမယ့် ချစ်ရသူနဲ့ ရွှေလက်တွဲမယ့် ရင်ခုန်ပျော်ရွှင်စရာ မင်္ဂလာပွဲမှာ အလှဆုံးသတို့သမီးလေးတွေ ဖြစ်ပြီပေါ့။

Azure
Read More About Health & Beauty Articles Here


Read 233 times Last modified on Monday, 02 October 2017 04:31
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.