Friday, 04 August 2017 03:53

nail3
လက်သည်းလေးတွေကို ရောင်စုံခြယ် ဆေးဆိုးပြီးတဲ့နောက် ဆေးပြန်ဖျက်တဲ့အခါ လက်သည်းတွေ ဝါညစ်နေခဲ့ရင် အလှအပ မြတ်နိုးသူ မိန်းကလေးတိုင်း စိတ်ညစ်ကြမယ် ထင်တယ်နော်။ ဒီလို ဝါညစ်နေတဲ့ လက်သည်းလေးတွေကို အမြန်ဖြူသွားစေမယ့် သဘာဝနည်းလေးတွေ ရှိပါတယ်။ လက်သည်းတွေ ဖြူစေဖို့၊ ကျိုးပဲ့လွယ်တဲ့ လက်သည်းလေးတွေကို ကာကွယ်ဖို့နဲ့ လက်သည်းတွေ ရောဂါကင်းစင်လှပဖို့ ပြုလုပ်ရမယ့် နည်းလမ်းလေးတွေကို MY YANGON က ပြောပြပေးလိုက်ပါတယ်။
လက်သည်းလေးတွေ ဖြူစေဖို့
လက်သည်းတွေကို ဖြူစေတဲ့ ပထမနည်းကတော့ ဟိုက်ဒရိုဂျင်ပါရ်အောက်ဆိုဒ် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရောင်ချွတ်နိုင်စွမ်းရှိတဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို အနှစ်ရလာတဲ့အထိ မွှေပါ။ ပြီးရင် ၀ါဂွမ်းဖတ်လေးကို သုံးပြီး လက်သည်းလေးတွေရဲ့ အပေါ်ဘက်ရော အောက်ဘက်ကိုပါ သုတ်လိမ်းပေးပါ။ ၂မိနစ်၊ ၃မိနစ်လောက် ထားပြီးရင် ရေနွေးနွေးနဲ့ ဆေးချပေးနော်။
နောက်ထပ် နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ သဘာဝအုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောကာ သံပရာရည်နည်းနည်း ရောပြီး အနှစ်ရတဲ့အထိ မွှေပေးပါ။ ရလာတဲ့ အနှစ်ကို လက်သည်းလေးတွေပေါ် တင်ကာ ခဏထားပြီးနောက် ရေနွေးလေးနဲ့ ဆေးချပေးလိုက်ရင် ဝါညစ်နေတဲ့ လက်သည်းတွေ ဖြူလာမှာပါ။ အုန်းဆီက အစိုဓာတ်ဖြည့်ပေးသလို သံပရာရည်က သန်စွမ်းကြံ့ခိုင်စေလို့ လက်သည်းလှလှလေးတွေ ပိုင်ဆိုင်နိုင်ပါပြီ။
လက်သည်းတွေကို ကာကွယ်ဖို့
ဝါညစ်နေတဲ့ လက်သည်းလေးတွေကို ဖြူစင်သွားအောင်တော့ လုပ်ပြီးပြီ ၊ နောက်တစ်ကြိမ် လက်သည်းနီဆိုးတဲ့အခါ လက်သည်းတွေ နောက်တစ်ကြိမ် ဝါညစ်မနေဖို့ ဘယ်လို ကာကွယ်မလဲ။ လွယ်ပါတယ်။ လက်သည်းပေါ် အရောင်ဆိုးဆေးမတင်မီ base coat အကြည်လေး အရင် ဆိုးပေးလိုက်နော်။ Base coat က သဘာဝလက်သည်းလေးတွေ ဝါညစ်မသွားအောင် ကာကွယ်ပေးသလို လက်သည်းဆိုးဆေးအရောင်ကို အကြာကြီးထိ မပျက်ပြယ်အောင် ထိန်းသိမ်းပေးနိုင်တယ်နော်။
လက်သည်းလေးတွေ တော်ရုံမရှည်လို့၊ ကျိုးလွယ်ပဲ့လွယ်လို့ စိတ်ညစ်နေသူတွေအတွက် တစ်ညတည်းနဲ့ အလုပ်ဖြစ်မယ့် နည်းလေး ရှိပါတယ်။ ညတိုင်းလုပ်ရင်တော့ ပိုကောင်းတယ်နော်။ အဲဒါကတော့ လက်သည်းလေးတွေ အစိုဓာတ်ပြည့်ဝပြီး သန်စွမ်းဖို့ အဆီတစ်မျိုးမျိုး လိမ်းပေးခြင်းပါပဲ။ သံလွင်ဆီကတော့ လက်သည်းလေးတွေအတွက် အကောင်းဆုံးပါ။ ဗီတာမင်အီး ကြွယ်ဝလို့ လက်သည်းလေးတွေကို အားဖြည့်ပေးတဲ့အပြင် လက်သည်းအောက်ခြေကို သွေးလည်ပတ်မှု ကောင်းစေတယ်လေ။ ပြုလုပ်နည်းကတော့ လက်သည်းလေးတွေနဲ့ လက်သည်းအောက်ခြေ cuticles ကို သံလွင်ဆီလေး လိမ်းပြီး ၅မိနစ်ခန့် နှိပ်နယ်ပေးပြီး ချည်သားလက်အိတ်လေး စွပ်အိပ်လိုက်ပါ။ မနက်နိုးထတဲ့အခါ လက်သည်းလေးတွေရဲ့ သိသိသာသာ ပြောင်းလဲမှုကို တွေ့ရမှာနော်။
လက်သည်းလေးတွေ ရောဂါကင်းစင် လှပစေဖို့
ဒီအတွက်ကတော့ ကလေးလေးတွေကို လိမ်းပေးတဲ့ baby oil နဲ့ အုန်းဆီကို သုံးရမှာပါ။ ဒီအဆီနှစ်မျိုးလုံးက အစိုဓာတ် ကောင်းကောင်း ဖြည့်ပေးနိုင်တဲ့အပြင် အုန်းဆီက လက်သည်းမှာ စွဲကပ်တတ်တဲ့ မှိုပိုးတွေကိုလည်း သတ်နိုင်စွမ်း ရှိပါသတဲ့။ ဒီအဆီနှစ်မျိုးကို ဆတူရောပြီး လက်ဖဝါးထဲထည့်၊ ပူနွေးလာတဲ့အထိ ပွတ်ပေးပြီး လက်သည်းလေးတွေနဲ့ cuticles တွေပေါ် ၅မိနစ်၊ ၁၀ မိနစ်ခန့် နှိပ်နယ်လိမ်းပေးပါ။ ပြီးရင် ချည်သားလက်အိတ်လေး စွပ်ပြီး အိပ်လိုက်နော်။ မနက်ရောက်ရင် လက်သည်းမှိုစွဲလို့ ကျိုးပဲ့ပုံပျက်နေတဲ့ လက်သည်းလေးတွေ သက်သာလာတာ တွေ့ရမှာပါ။

AZURE
Read More About Beauty Tips Articles Here


Read times Last modified on Friday, 04 August 2017 04:04
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.