Tuesday, 11 April 2017 03:02

17426352 10154789728466943 5498629651253220396 n

အလှအပဆိုတာ ယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းနေ တာဖြစ်ပြီး ခေတ်အလိုက် ဝတ်စားဆင်ယင်ဖို့ လိုအပ် တယ်လို့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံပြုပြောကြား လိုက်တဲ့ Beauty Blogger မဝင်းမင်းသန်းနဲ့ တွေ့ဆုံ မေးမြန်းခဲ့တဲ့အထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက် ပါတယ်။
အရင်ဆုံး Beauty Blogger တစ်ယောက်ဖြစ်လာပုံကို ပြောပြပါဦး။
ကျွန်တော်အရင်တုန်းက ၂၀၁၃ မြန်မာပြည်အတွက် စခဲ့တယ်။ အဲတော့ ကနေဒါမှာနေခဲ့တုန်းက မြန်မာပြည်မှာလည်း အလှအပနဲ့ ကျန်းမာရေး အမျိုးသမီး တွေအတွက်ပြောတဲ့သူသိပ်မရှိသေးဘူး။ ကိုယ်ကလည်း ထမဦးဆုံး Blogger တစ်ယောက်အနေနဲ့ မိတ်ကပ်လေးတွေလိမ်းပြတယ်ပြောပြတယ်။ အဓိကတော့ မြန်မာပြည်ပြန်ရောက်ရင် ကိုယ့်အတွက်လည်း လုပ်ငန်းတွေအဆင်ပြေအောင် ပုံစံပေါ့ ကိုယ့်ကိုလူသိအောင်ဆိုတဲ့ပုံစံနဲ့စခဲ့တာပါ။ ဘာရည်ရွယ်ချက်ကြီးမှ မရှိဘူး။ မြန်မာပြည်ပြန်ရောက်ရင်တော့ ဘာလုပ်ဆိုတာကတော့ တကယ်အမှန်တိုင်းပြောရင် မရှိဘူး မြန်မာပြည်မှာလည်း တစ်ခါမှ အလုပ်မလုပ်ဖူးဘူး။ နိုင်ငံခြားမှာ အသက် ၂၁ လောက်ကတည်းကရောက်သွားပြီး အသက် ၃၃ မှာ ပြန်လာတော့ နည်းနည်းတော့ ကြောက်တာပေါ့လေနော်။ အမှန်တိုင်းပြောရင် ကိုယ့်မှာ မိဘ လက်ငုပ်လက်ရင်းလည်း မရှိဘူး။ အမေကိုပဲကိုယ်ကစောင့်ရှောက်နေတာ အဖေတို့ဘာတို့က သပ်သပ်နေတာလေ။ သူတို့နဲ့ကိုယ်နဲ့ မဆိုင်တော့ မိဘလက်ငုပ်လက်ရင်းမရှိဘူး ။ ဆွေမျိုးအသိုင်းအ၀ိုင်း တော့ရှိတယ် တကယ့်အရင်းအချာထဲက ဘာမှ ပြစရာမရှိတော့ဘူး။ အမေနဲ့နှစ်ယောက်တည်းဖြစ်သွားတပေါ့။ ကိုယ်မြန်မာပြည်ပြန်ရောက်လို့ လူသိသွားရင် အလုပ်ပဲရှာရှာ ဘာပဲလုပ်လုပ်လွယ်ကူပါတယ် ဆိုပြီးတော့ စခဲ့တယ်။ အဓိက ရည်ရွယ်ချက်က မြန်မာပြည်မှာ ဒီလိုပြောခဲ့တဲ့သူတွေမရှိဘူး။ ကိုယ်တိုင်လည်း ဟိုမှာ ဖက်ရှင်လောကထဲမှာ နေလိုက်တော့ ဒီအလှအပ ဖက်ရှင်ရေးရာက ကိုယ့်အတွက်ကို အကျွမ်းတ၀င်ဖြစ်တယ်။ ကိုယ်တကယ်ပြောရတော့လည်း ပိုင်ပိုင်နိုင်နီုင်နဲ့ စေတနာပါပါနဲ့ပြောပြလို့ရတယ်။ မြန်မာပြည်ကိုရွေးကောက်ပွဲနေ့ ၂၀၁၅ နိုဝင်ဘာ ၈ မှပြန်လာတယ်။ ပြန်လာတော့ မိတ်ကပ်Artist လုပ်မယ်ပေါ့။ တကယ်တမ်းကျတော့ ပေးလာတဲ့အခြေအနေက သူများကိုမိတ်ကပ်လိမ်းတဲ့အလုပ်ကိုမလုပ်ဖြစ်ဘူး ဒါပေမယ့် ပတ်ဝန်းကျင်ကောင်းမှု အားပေးမှုတွေကြောင့် ဒီလိုမျိုးလုပ်ဖြစ်သွားတယ်။ အဲကနေတဆင့် အွန်လိုင်း ဖက်ရှင် UMT ဖက်ရှင်ဆိုတာကိုစတယ်။ ဒီဖက်ရှင်ကလည်း ကိုယ်ဝါသနာပါတာကို တကယ်လုပ်ချင်လို့ ကိုယ်တိုင်ကိုလုပ်တယ်ဆိုတဲ့အနေအထားမှာရှိတယ်။ နောက်ဆုံးတော့ ဒီဂျစ်တယ်မားကတ်တင်းကိုလုပ်တယ်။ အဒါကတော့ အလှအပနဲ့ ဖက်ရှင်ကိုပဲဦးစားပေးလုပ်ဖြစ်တယ်။ လုပ်နေတာကတော့ အများကြီးပါပဲ။

နောက်ပိုင်းမှာလည်း မထင်မရှား Blogger လေးတွေလည်းပေါ်လာတယ်လေ။ အဲဒီအတွက်ကိုရော ဘယ်လိုပြောချင်လဲ။
အရမ်းကိုကောင်းပါတယ်။ ကိုယ်ကတော့ လုပ်တာစောလို့ ကိုယ်ပထမဦးဆုံးလုပ်တယ်လို့ပြောလို့ရတဲ့အနေအထား မှာပဲရှိခဲ့တာပါ။ ကိုယ့်ထက်တော်တဲ့သူတွေလည်းရှိမှာပါ။ ဒီလိုလုပ်ပြလိုက်တော့ တခြားသူတွေလည်း ဒီလိုလုပ်ရင်ရပါလားဆိုတဲ့ အိုင်ဒီယာလေးရလာတဲ့အတွက် အခုလို လုပ်လာတဲ့အတွက် အရမ်းကို ၀မ်းလည်းသာသင့်တယ်ကြိုလည်းကြိုဆိုသင့်ပါတယ်။ တစ်ယောက်တည်းမှ မဟုတ်ဘူး ကိုယ့်စတိုင်နဲ့ဟန်ကို ကြိုက်တဲ့သူရှိပေမယ့် သူ့ရဲ့စတိုင်နဲ့ ဟန်ကို ကြိုက်တဲ့သူတွေရှိမယ်။ တခြား Blogger လေးတွေလည်း ပြောချင်တယ်. သူတို့ကိုကြိုက်နှစ်သက်တဲ့လူတွေနောက်မှာ သူတို့ပေးချင်တဲ့မက်ဆေ့လေးတွေ ပေးနိုင်တယ်ဆိုတော့ အဆင်ပြေတယ်။ မြန်မာအမျိုးသမီးတွေကို အလှအပပဲဖြစ်ဖြစ် ဖက်ရှင်ပဲဖြစ်ဖြစ် ဒါမျိုးလေးတွေလုပ်ပေးနေတဲ့အတွက် များလာလေလေ ကျွန်တော့်ထက်ပိုပြီးတော့တော်လေ အမှန်တိုင်းပြောရရင်သူတို့ဆီကတောင် ပညာရပါတယ်။ ကြိုဆိုသင့်ပါတယ်။

15220014 10154446684356943 947894185326445152 n

အလှအပ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီးတော့ မိန်းကလေးတွေကို စိတ်ဝင်စားအောင် အကြံပြု ပြောနိုင်တဲ့အချက်တွေက ဘာတွေများဖြစ်မလဲ။
ကျွန်တော်လည်း အမြဲတမ်းသတိထားပါတယ်။ အားလုံးတော့ သတိထားမိလားတော့ မသိဘူး။ ကျွန်တော်သွားတဲ့ Trend က ဘယ်တော့မှ ဈေးကြီးတာတွေကို အားပေးအားမြှောက်မလုပ်ဘူး။ အဆောင်အယောင်အရမ်းကြီး ဘယ်သူမှမတတ်နိုင်တာကိုဘယ်တော့မှ မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့  ကိုယ်ပြောလိုက်တာက သူများဆီမှာ ၀န်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့။ ထားပါတော့နှုတ်ခမ်းနီ ခြောက်သောင်းတန်ဆိုးးမှလှမှာလားဆိုတာဖြစ်မှာစိုးတယ်။ ကျွန်တော်ဝတ်တာစားတာတွေကို မြန်မာမှုမြန်မာဟန်နဲ့နဲ့ ၀တ်တယ်စားတယ်သွားတယ် အဓိကဘာလဲဆိုတော့ ကိုယ့်မှာရှိတာနဲ့လှအောင်ဝတ်တတ်တာ ရှိတာလေးနဲ့လှအောင်ဆင်ယင်တတ်တာ ဟာ ဒါဟာတကယ့်ပညာပါ။ ကျွန်တော်က ဖက်ရှင်လောကမှာနေခဲ့တဲ့အတွက်ကြောင့် ဒီဟာကိုအရမ်းဦးစားပေးတယ် ပိုက်ဆံကုန်မှ လှတာမဟုတ်ဘူး။ အဲလိုဖြစ်ဖို့အတွက်ကိုယ်က ကမ္ဘာ့ရေးရာ မြန်မာ့ရေးရာကို မပြတ်အောင်ကြည့်ရတယ်။ ဖက်ရှင်တစ်ခုတည်းကိုပဲမဟုတ်ဘူး။ မြန်မာပြည်ရဲ့အကြောင်း စီးပွားရေး လူမှုရေး နိုင်ငံရေး အကုန်လုံးစိတ်ဝင်စားတယ်။ ကမ္ဘာပေါ်မှာဖြစ်နေတာတွေ အားလုံ့းကိုလည်း စိတ်ဝင်စားတယ်။ ကိုယ့်စာတွေကိုဖတ်နေတယ် ကိုယ့်ကိုစောင့်ကြည့်နေတဲ့သူတွေကို ကိုယ့်ဘက်ကနေ အကျိုးပြုနေတာကို အမြဲတမ်း ပါဝင်ခွင့်ရအောင်ကြိုးစားနေပါတယ်။

UMT အွန်လိုင်းရှော့ပင်းအကြောင်းလည်း ပြောပါဦး။
ကျွန်တော်တို့ UMT ဖက်ရှင်အတွက်ကတော့ တစ်လခွဲတစ်ခါလောက်တော့ ထိုင်းဘက်ကနေပြီးတော့ သွင်းပါတယ်။ ဒီဖက်ရှင်ကိုလုပ်ဖြစ်တာကတော့ ကိုယ်ပျော်တာကို ကိုယ်လုပ်တာပေါ့နော်။ အဓိကတော့ ဈေးဝယ်ချင်တာ။ ဒီလောက်အများကြီးဝယ်ပြီးရင်လည်း ကိုယ်တိုင်တစ်ယောက်တည်းလည်း သုံးလို့မရဘူးလေ။ ပြန်ရောင်းတဲ့သဘောအနေအထားနဲ့ပါ။ကိုယ်တိုင်တကယ်ကိုကြိုက်တဲ့ တကယ်ကိုစိတ်ဝင်စားတဲ့အရာပေါ့။ ကိုယ်တိုင်ကြိုက်ပြီး ကွာလတီကောင်းတာကိုပဲတင်ပါတယ်။ အဓိက သက်တောင့်သက်သာဖြစ်ရမယ်ရာသီဥတု နဲ့လိုက်ရမယ်။ ပြီးတော့ ကိုယ်ခန္ဒာအချိုးအစားနဲ့ညီအောင် ပေါ့ပေါ့ပါးပါးနဲ့ဖက်ရှင်ဖြစ်အောင်ကျွန်တော်တို့ဘက်က ဦးစားပေးထားပါတယ်။ အွန်လိုင်းကနေမှာလို့ရတယ်။

မ၀င်းမင်းသန်းရဲ့ အမျိုးသမီးပရိသတ်တွေအတွက် ဘာများ အကြံတွေပေးချင်တာရှိလဲ။
အလှအပဆိုတာကယဉ်ကျေးမှုတစ်ခုကိုဖြတ်သန်းနေတာပေါ့နော်။ ပုဂံခေတ်တုန်းကဆိုရင်လည်း ခေတ်အလိုက် ၀တ်စားဆင်ယင်မှုတွေရှိခဲ့တယ်။ အီဂျစ်ဆိုရင် လည်း အီဂျစ်ပေါ့နော်။ ဒါဟာ ခေတ်နဲ့အညီလိုက်လုပ်တာဟာ ယဉ်ကျေးမှုနဲ့အညီလိုက်လျောညီထွေ ဖြစ်အောင်နေတယ်လို့သတ်မှတ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာမိန်းကလေးတွေရိုးရာသနပ်ခါးကို မကြိုက်ဘူးလား ကြိုက်တယ်။ ဒါပေမယ့် သနပ်ခါးဘဲကြားနဲ့အလုပ်သွားလို့ရတဲ့ အဆင့်မှာ မရှိတော့ဘူး။ အဲဒီယဉ်ကျေးမှုမရှိတော့ဘူး ကမ္ဘာနဲ့ရင်ဘောင်တန်း တဲ့အခါ သနပ်ခါးဘဲကြားနဲ့ အလုပ်တက်လို့မရတော့ဘူး။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းလာတဲ့အခါမှာ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက လူတောတိုးနိုင်မယ့် အနေမျိုး အလှအပချည်းနဲ့တော့ လည်း မဆိုင်ပါဘူး။စိတ်ထားလှအောင်လုပ်ရင်းနဲ့လည်း ရုပ်လှအောင်နေလို့ရတယ်။ သပ်သပ်ရပ်ရပ်လေးနဲ့လူရည်သန့်တယ်ဆိုတဲ့အထဲပါအောင်လို့ပေါ့နော်။ အဲလိုတွေနေတာက ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးထားကြောင်း လေးစားကြောင်းပြတာနဲ့အတူတူပါပဲ။ အဲတော့ ကိုယ့်ကိုချစ်တတ်ပါ။ လှအောင်နေပါ။ ကိုယ့်အလှကိုတန်ဖိုးထားပါ။ ကျွန်တော်လက်ခံထားတာကတော့ တစ်ယောက်ချင်းစီမှာ အလှကိုယ်စီရှိကြတယ်။ မလှတဲ့သူမရှိဘူး။ ပျင်းတဲ့သူပဲရှိတယ်။ ကိုယ့်ကိုအရင်လက်ခံတတ်ရမယ်။ ကျွန်တော်ဆို ပြောတဲ့အလုပ်နဲ့ကိုက်ညီအောင် နေတယ်။ လူငယ်တွေအတွက်ကတော့ အဓိကပါ။ကိုယ့်နိုင်ငံကလည်း တိုးတက်ပြောင်းလဲနေပါပြီ ။ ဘယ်သူတွေဘယ်လိုပဲပြောပြော တစ်ယောက်ချင်းစီရဲ့စိတ်ဓါတ်တွေ မပြောင်းလဲလို့မရပါဘူး ။လူငယ်တွေဆိုကြိုးစားရမယ်ရုန်းကန်ရမယ်တာဝန်ယူတဲ့စိတ်ဓါတ်ကိုမွေးရမယ်။ ကျွန်တော်တို့လူငယ်တွေတစ်ယောက်ချင်းစီပြောင်းလဲမှ တစ်နိုင်ငံလုံးပြောင်းလဲမယ်လို့ ယုံကြည်တယ်။   

ခိုင်ဇာသွင်

Read More Fashion Articles Here


Read times Last modified on Wednesday, 12 April 2017 03:54
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.