Monday, 06 May 2019 11:22

Daung.jpg

 

စာရေးဆရာမင်းသိင်္ခ၏ ‘ဆားပုလင်းနှင်းမောင်နှင့် စနေမောင်မောင်’ ဝတ္ထုအား ရုပ်ရှင်အဖြစ် ရိုက်ကူးမည်ဖြစ်ကာ သရုပ်ဆောင်နိုင်နိုင်း၊ ဒေါင်း၊ အောင်မြင့်မြတ်တို့ ပါဝင်မည်ဖြစ်ပြီး ဒါရိုက်တာသီဟစိုးက ရိုက်ကူးမည်ဖြစ်ကြောင်းသိရသည်။

 

ယင်းဇာတ်ကားကို ရုပ်ရှင်ဇာတ်ကားကောင်းများ ဖန်တီးလေ့ရှိသည့် Golden Hour Film Production က ထုတ်လုပ်မည်ဖြစ်သည်။ ထို Production အနေဖြင့် ဆရာမင်းသိင်္ခရေးသားဖန်တီးခဲ့သော စနေမောင်မောင်ပါဝင်သည့် ဇာတ်လမ်းများ၊ ဝတ္ထုများနှင့် ဇာတ်ကောင်များကို တရားဝင်ရုပ်ရှင်ရိုက်ကူးနိုင်ရန် မူပိုင်ခွင့်များကိုလည်း တစ်ပါတည်း ဝယ်ယူခဲ့ကြောင်းသိရသည်။

“ကျွန်တော်ငယ်ငယ်တည်းက ဆရာကြီးမင်းသိင်္ခရဲ့ ဝတ္ထုတွေဆိုတာက ကျွန်တော့်အတွက် ဟီးရိုးဖြစ်ခဲ့တာပေါ့။ ကျွန်တော့်ဘဝမှာ စာဖတ်ချင်စိတ်ဖြစ်လာအောင်၊ ဘဝမှာ ဒေါင်ကျကျ ပြားကျကျ အရှုံးမပေးဘဲ ရင်ဆိုင်ချင်စိတ်ဖြစ်အောင်ဆိုတာ ဆရာကြီးမင်းသိင်္ခရဲ့စာအုပ်တွေမှာပါတယ်။ ဆားပုလင်းနှင်းမောင်ဆိုတဲ့ဇာတ်ကောင်မှာဆိုရင် ဗြိတိသျှအင်္ဂလိပ်တွေနဲ့ တွေ့ဆုံတဲ့အခါ သူ့ဂုဏ်သိက္ခာ၊ မာနတွေကို အင်္ဂလိပ်တွေအောက်အရောက်မခံဘဲ ကျွန်စိတ်မရှိဘဲနေခဲ့တာပေါ့။ ဒါကိုဆရာကြီးမင်းသိင်္ခကလည်း ပေါ်လွင်အောင်ရေးခဲ့တယ်။ စနေမောင်မောင်ဆိုလည်း ပြဿနာတစ်ခုကို စနစ်တကျဖြေရှင်းတယ်။ လက်လွတ်စပယ်ဘယ်တော့မှဖြေရှင်းလေ့မရှိဘူး။ ဒါတွေကိုအရမ်းစိတ်ဝင်စားတယ်။ အဲဒီဇာတ်ကောင်တွေကို ရုပ်ရှင်အနေနဲ့ ဖန်တီးမယ်ဆိုတဲ့အခါ ကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်” ဟု သရုပ်ဆောင်ဒေါင်းက ဆိုပါသည်။

သရုပ်ဆောင်အောင်မြင့်မြတ်ကလည်း “ကျွန်တော့်အတွက် ရင်ခုန်စိတ်လှုပ်ရှားရတဲ့ကာရိုက်တာမျိုးကိုပဲသရုပ်ဆောင်ချင်တယ်။ ဇာတ်ကားအရေအတွက်များများရိုက်တာထက် ပါဝင်ခွင့်ရတဲ့ ကာရိုက်တာတစ်ခုကို အကောင်းဆုံးကြိုးစားပြခွင့်ရတာကို ပိုပြီးသဘောကျတယ်။ အခုရိုက်ခွင့်ရမယ့် ဆရာကြီးမင်းသိင်္ခရဲ့ဝတ္ထုက ကျွန်တော်တို့ ငယ်ဘဝအိပ်မက်တွေမှာ စွဲလမ်းခဲ့ရတဲ့ဝတ္ထုပါ။ ဒီလိုဝတ္ထုမျိုးမှာသရုပ်ဆောင်အဖြစ်ပါဝင်ခွင့်ရမယ်ဆိုတော့ အရမ်းလည်းစိတ်လှုပ်ရှားနေသလို အရမ်းလည်းပျော်ပါတယ်။ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ဆိုသည်။


‘ဆားပုလင်းနှင်းမောင်နှင့် စနေမောင်မောင်’ ဝတ္ထုအား ရုပ်ရှင်အဖြစ် မကြာမီစတင်ပုံဖော်သွားမည်ဖြစ်ကာ ၂၀၂၀ တွင်ရုံတင်ပြသနိုင်ရန် စီစဉ်မည်ဖြစ်သည်။

Source : Eleven


Read times Last modified on Monday, 06 May 2019 11:32
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.