Monday, 29 April 2019 04:29

ppt.jpg

 

မလေးရှားနိုင်ငံတွင် ဧပြီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၁၉ တွင် ‘မီ’ နဲ့ ‘ရွှေကြာ’ တို့က ဇာတ်ကားဆုတစ်ဆုစီ ရရှိခဲ့ပါတယ်။

မီ ဇာတ်ကားဖြင့် ဒါရိုက်တာဏကြီး က Best Director of Photography ဆု ရရှိခဲ့ပြီး သူရဲ့ဇနီးဖြစ်သူ ပိုင်ဖြိုးသု ကိုယ်တိုင်ဆုချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာဏကြီး က အဆိုပါဆုကို လုံးဝမျှော်လင့်မထားကြောင်းနှင့် ယင်းရုပ်ရှင်ပွဲတော်တွင် ဇာတ်ကားကောင်းများစွာပါဝင်ပြခဲ့သောကြောင့် ဇာတ်ကားကောင်းများကို ရိုက်ကူးသူများအတွက်ဂုဏ်ယူကြောင်း ၎င်း၏ ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါဆုပေးပွဲအခမ်းအနားတွင် ပိုင်ဖြိုးသုက ဖိလစ်ပိုင်သရုပ်ဆောင် Therese Malvar နှင့်အတူ Best Director of Photography ဆု နှင့် Best Screenplay ဆုများကို ကြေညာပေးပြီး Best Director of Photography ဆုကို ဖိလစ်ပိုင်သရုပ်ဆောင်ကကြေညာပေးကာ ပိုင်ဖြိုးသုက ဆုချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

မီ ဇာတ်ကားဟာ ယင်းရုပ်ရှင်ပွဲတော်မှပေးအပ်သည့်ဆုများအနက် ဆုသုံးဆုတွင် ဆန်ခါတင်ငါးဦးအဆင့်အထိ ပါဝင်ခဲ့သော်လည်း Best Director of Photography ဆုတစ်ဆုသာ ရရှိခဲ့တာဖြစ်ပါတယ်။

ထို့အပြင် ရွှေကြာ ဇာတ်ကားဟာလည်း အကောင်းဆုံးအမျိုးသားဇာတ်ပို့သရုပ်ဆောင်ဆုအတွက် ဆန်ခါတင်ငါးဦးအဆင့်အထိပါဝင်သော်လည်း ဆုမရရှိဘဲဒိုင်လူကြီးများပေးအပ်သည့် Special Jury Award ဆုသုံးဆုအနက် တစ်ဆုရရှိရာ ဒါရိုက်တာဝိုင်းက ဆုကိုလက်ခံခဲ့ပါတယ်။

‘‘ဘာပြောရမှန်းတောင် မသိပါဘူး။ အရမ်းပျော်ရွှင်ရပါတယ်။ AIFFA နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်’’ဟု ဒါရိုက်တာဝိုင်းက ပြောခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ပွဲတော်တွင်ပါဝင်ရန် မီနှင့် ရွှေကြာ ဇာတ်ကားများကို Colour Grading ပြုလုပ်ခဲ့သည့် Yangon Post မှ အကြံပေးသောကြောင့် ဝင်ရောက်ပြသရန်စီစဉ်ခြင်းဖြစ်ကြောင်း မီ ဇာတ်ကားထုတ်လုပ်သူ ဒေါက်တာနွယ်ဦးက ပြောကြားထားပါတယ်။ ယင်းရုပ်ရှင်ပွဲတော်သို့ ပေးပို့လာသည့်ဇာတ်ကားပေါင်း ၂၀၀ ကျော်အနက် ဆန်ခါတင် ၂၉ကား ပြသရန်ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံမှ ‘မီ’ နဲ့ ‘ရွှေကြာ’ ဇာတ်ကားတို့ ပြသခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အာဆီယံ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဧပြီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကာ စုစုပေါင်း ဆု ၁၅ ဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Source: 7DayDaily


Read times Last modified on Monday, 29 April 2019 04:37
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.