Wednesday, 24 April 2019 08:46

aye-thaung-1.jpg

 

စကားပြာရင် ပေါက်စီလို့ပြောနေတတ်တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း(ခ)အေးသောင်း ဟာ အသက်အရွယ်ရလာတော့ ကိုယ့်ကိုယ်ကိုယ် ပေါက်စီလို့ပြောတာဟာ ရယ်စရာကောင်းသလိုလို ယောကျာ်းနာမည်ကြီးလို ဖြစ်နေတာကြောင့် “ပေါက်စီ” အစား “ကျွန်မ”လို့ ပြောဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။

“စကားပြောတဲ့အခါ အရင်က ပေါက်စီလို့ သုံးနှုန်းတယ်။ အခု ကျွန်မ “ကျွန်မ”လို့ ပြောင်းသုံးဖြစ်တာ အဖေက နင့်ကိုယ်နင်“ပေါက်စီ ပေါက်စီ”နဲ့ ငယ်တုန်းကလည်း သမီး သမီးနဲ့ပြောတော့ အဖေက နင်မရင့်ကျက်တဲ့ပုံပေါက်နေတယ်။ ကိုယ့်ကိုကိုယ်နာမည်လေးထည့်ပြောပေါ့ ဆိုတာနဲ့ “ပေါက်စီ” ဆိုပြီးထည့်ပြောဖြစ်တယ်။ အသက်၂၀ကျော်လောက်မှာ သိပ်မသိသာပေမယ့် အခုကြီးလာတော့ ၃၀ကျော်လောက်မှာ ကိုယ့်ကိုယ်ကိုယ်“ပေါက်စီ” လို့ပြောရတာ ရယ်စရာကောင်းသလိုလို ယောကျာ်းနာမည်ကြီးလိုဖြစ်နေတာ သတိတော့ထားမိတယ်။ ဒါပေမဲ့ ကိုယ်အတတ်နိုင်ဆုံး ပြင်ဖို့ကြိုးစားတယ်။ အကျင့်တစ်ခုဆိုတာ ပြင်ဖို့ခက်တယ်။ အခုထိ “ပေါက်စီ”လို့ ပြောမိနေတုန်း။ လူတစ်ယောက်က ကိုယ့်အမှားကိုယ်သိရင် ပြင်နိုင်ရမယ်ပေါ့။ ပြင်ဖို့ခက်ခဲပေမယ့် ရအောင်ပြင်နေတယ်” လို့ အေးဝတ်ရည်သောင်း ကပြောပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ ဇူလိုင်လအတွင်းမှာ “ပုဂံမျှော်” ဆိုတဲ့ဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်နဲ့ ရိုက်ကူးဖို့အစီအစဉ်ရှိနေပြီး ရိုက်ကူးမယ့်ဒါရိုက်တာက ကိုပေါက် လို့ဆိုပါတယ်။

“ပုဂံမျှော် ဆိုတဲ့ကားလေးကို ၇ လပိုင်းမှာရိုက်မယ်။ မင်းသားကတော့ မြင့်မြတ်ဖြစ်မယ်ထင်တယ်။ ဒါရိုက်တာကတော့ ကိုပေါက်ပါ။ အဲ့ကားလေးအတွက် ဇာတ်ညွှန်းတွေဖတ်ပြီး အိုက်တင်ကြိုတင်ပြင်ဆင်နေတာပေါ့။ လူတိုင်းဆီက ကောင်းတဲ့အချက်လေးတွေ တော်တဲ့အချက်လေးတွေကို အမြဲအတူယူသလို ကိုယ့်အားနည်းချက်တွေကိုလည်း အမြဲဂရုစိုက်ပြီးပြင်တယ်” လို့ မအေးသောင်း ကဆိုပါတယ်။

“ကိုယ့်ကိုကိုယ်တော့ ဘယ်ဟာကောင်းခဲ့တယ်။ ဘယ်ဟာဆိုးခဲ့တယ်။ မနေ့ကနဲ့ ဒီနေ့ဘာကွာလဲ၊ ဘယ်ဟာပိုကောင်းလာလဲ။ ဒီနေ့မှာ ကိုယ်ဘာသင်ခန်းစာတွေရလာလဲ။ ကျွန်မကတော့သူများတွေဆီက ကောင်းတာကိုအတုယူတယ်။ ကိုယ့်ထက်ကြီးသူဖြစ်ဖြစ်၊ ငယ်သူဖြစ်ဖြစ် လူတစ်ယောက်ဆီကကောင်းတဲ့အကွက်လေးတွေကို ယူတယ်။ သူတော်တဲ့အချက်လေးတွေကို ယူတယ်။ ကိုယ့်အားနည်းချက်လေးတွေကိုလည်း အမြဲဂရုစိုက်ပြီးပြင်တယ်” လို့ မအေးသောင်း ကပြောပါတယ်။

၁၀ စုနှစ် တခုကျော်ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်း(ခ)မအေးသောင်း ဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး မအေးသောင်း နာမည်နဲ့ အနုပညာလှုပ်ရှားမှုများပြုလုပ်တဲ့အခါ ပရိသတ်အားပေးမှုကို ယခင်ကထက်ပိုမိုရရှိလာပါတယ်။ ယခုဆို မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ပိုးထည်ဆိုင်လုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Source: Irrawady


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.