Monday, 08 April 2019 04:26

thingyan.jpg

ရန်ကုန်သင်္ကြန်တွင်ဖျော်ဖြေမည့် သင်္ကြန်သံချပ်စာသားကြိုတင်သည့်အဖွဲ့ ၁၇ ဖွဲ့ရှိ ကြောင်း သံချပ်စိစစ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်မေမေသွယ် က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အမုန်းပွားမှုနှင့်မလိုလားအပ်သည့်ပြဿနာများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ သင်္ကြန်တွင်ဖျော်ဖြေမည့်သံချပ်စာသားများကို သံချပ်စိစစ်ရေးကော်မတီထံ ကြို၍တင်ပြစေခဲ့ခြင်း ဖြစ်ပါတယ်။

သံချပ်စာသားများ ကြိုတင်ပြခြင်းကို ဧပြီ ၁ ရက် အထိလက်ခံခဲ့ပြီး စိစစ်ပြီးခွင့်ပြုချက်ရရှိသည့် သံချပ်အဖွဲ့များသာ မဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ပြုမည်ဖြစ်ကြောင်း သံချပ်စိစစ်ရေးကော်မတီက ကြေညာထားပါတယ်။

‘‘နောက်ဆုံးသိရတဲ့အချိန်အထိတော့ ၁၇ ဖွဲ့တင်ထားတာ ရှိတယ်။ တင်ပြလာတဲ့အပေါ် စိစစ်မှုအသေးစိတ်တော့ မသိဘူး’’ ဟု ဒေါ်မေမေသွယ် ကပြောပါတယ်။

သံချပ်အဖွဲ့များအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိခိုက်စေရေး၊ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေမည့်အသုံးအနှုန်းများ မပါဝင်စေရေး သတိပြုလေးစားလိုက်နာရန် သံချပ်စိစစ်ရေးကော်မတီက ကြေညာထားပါတယ်။

ထို့အပြင် နိုင်ငံတော်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဂုဏ်သိက္ခာညှိုးနွမ်းစေမည့်အကြောင်းအရာများ မပါစေရေး၊ ရိုင်းပျသည့်အသုံးအနှုန်းဟန်ပန်၊ အမူအရာများမပါရှိစေရေးတို့ အလေးထားလိုက်နာရန် ဆက်လက်ဖော်ပြထားပါတယ်။

ယခင်နှစ်က သံချပ်အဖွဲ့ ၂၀ ခန့်က ကြိုတင်စိစစ်ခံမှုများရှိပြီး ယခုနှစ်တွင် စိစစ်ခံသည့်အရေအတွက် အနည်းငယ်လျော့နည်းသွားတယ်လို့ သိရပါတယ်။

ထိုသို့သံချပ်စာသားများ ကြိုတင်ခိုင်းမှုသည် မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်မည်ကိုစိုး၍ ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု သရုပ်ဆောင်ဦးမေတ္တာ က မှတ်ချက်ပြုထားပါတယ်။

Source: 7DayDaily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.