Friday, 01 March 2019 09:02

ygn_air-min.jpg

ရန်ကုန်မြို့၏ လေထုအတွင်း နံနက်ပိုင်း အချိန်နှင့် ညနေပိုင်း အချိန်တို့တွင် အမှုန်ပါဝင်မှု ပမာဏများနေသည့် လေထုညစ်ညမ်းမှုအခြေအနေမျိုး ရှိကြောင်း လေထုအရည်အသွေးတိုင်းတာ လေ့လာခဲ့သည့် ဆေးတက္ကသိုလ်-၁ (ရန်ကုန်)မှ သုတေသီများ၏ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ လေထုညစ်ညမ်းမှုအရည်အသွေးနှင့် ပတ်သက်ပြီး ယင်းတက္ကသိုလ်မှ ဆေးပညာရှင်များ စုပေါင်း၍ တစ်ရက်တာ နံနက်၊ နေ့လယ်၊ ညနေ သုံးကြိမ်ခွဲကာ လေထုအတွင်း အမှုန်ပါဝင်မှု အခြေအနေများကို လေ့လာခဲ့ခြင်း ဖြစ်သည်။

''အမှုန် ၂ ဒသမ ၅ နဲ့ အမှုန် ၁ဝ နှစ်မျိုးစလုံးကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ အမှုန် ၁ဝ က ၁ဝ မိုက္ကရိုမီတာနဲ့ အဲဒီအရွယ်အစားအောက် သေးငယ်တဲ့ အချင်းရှိပြီး အသက်ရှူတဲ့အခါ ပါသွားနိုင်တဲ့ အမှုန်တွေ ဖြစ်ပါတယ်။
အမှုန် ၂ ဒသမ ၅ က ၂ ဒသမ ၅ မိုက္ကရိုမီတာနဲ့ အဲဒီ အရွယ်အစားအောက် သေးငယ်ပြီး ရှူသွင်းနိုင်တဲ့ အမှုန်တွေ ဖြစ်ပါတယ်။ အမှုန်ဆိုတာ လေထုထဲ တွေ့ရတဲ့ အမှုန် အစိုင်အခဲတွေ၊
အရည်အစက်ကလေးတွေ ပါဝင်ပေါင်းစပ်တာကို ဝေါဟာရ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်'' ဟု ဆေးတက္ကသိုလ်-၁ (ရန်ကုန်)မှ ဒေါက်တာ အိအိပန်းနုရည် ကပြောပါတယ်။

လေထုတိုင်းတာလေ့လာ လုပ်ဆောင်မှုကို အိတ်ဆောင်တိုင်းတာရေးပစ္စည်းများ အသုံးပြုကာ လုပ်ဆောင်ခဲ့ပြီး နံနက်ပိုင်း အကြိမ်အဖြစ် နံနက် ၇ နာရီ၊ နေ့လယ်ပိုင်း အကြိမ်အဖြစ် မွန်းလွဲ ၁ နာရီနှင့် ညနေပိုင်း အကြိမ်အဖြစ် ည ၇ နာရီတို့တွင် ရွေ့လျားစနစ်ဖြင့် တိုင်းတာခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းကဲ့သို့ တိုင်းတာရာတွင် လေထုအတွင်း ရှိသင့်သော အမှုန်ပါဝင်မှုများထက် ပိုမိုသည့် အနေအထားမျိုးကို တွေ့ရပြီး ယင်းအခြေအနေမှာ ဆောက်လုပ်ရေး လုပ်ငန်းများ၊ မော်တော် ယာဉ်သွားလာမှုများ၊ မီးခိုးခေါင်းတိုင်များမှ ထွက်ရှိသည့် အခိုးအငွေ့များ၊ စက်ရုံများမှ ထွက်သော လေထုညစ်ညမ်းမှုအမှုန်အမွှားများကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

လေထုအတွင်း အမှုန်ပါဝင်မှု များပြားနေသည့် အခြေအနေကြောင့် ကျန်းမာရေး ဆိုးကျိုးများကြုံကာ ဆက်စပ်ထိခိုက်မှု အခြေအနေ အသေးစိတ်ကို ဆက်လက် လေ့လာရန် အစီအစဉ်များ ရှိကြောင်း သိရပါတယ်။

''လေထုထဲမှာ အမှုန်အမွှားတွေက ရှိသင့်တာထက် ပိုနေရင် အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေ၊ အဆုတ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။
လေထု အရည်အသွေးနဲ့ ပတ်သက်တဲ့ သုတေသနတွေက ကျွန်တော်တို့ နိုင်ငံမှာ နည်းပါးနေသေးတယ်။ လူထုအနေနဲ့လည်း အသိပညာ နည်းသေးတော့ လုပ်ဆောင်စရာတွေ များဦးမယ်လို့ ထင်ပါတယ်''
ဟု အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့၌ လေထု အရည်အသွေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တိုင်းတာလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

Source: Myawady


Read times Last modified on Friday, 01 March 2019 10:25
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.