Tuesday, 04 July 2017 10:11

wedding holding hands
လူမှုဗေဒက ဦးဆောင်ဆရာကြီး အယ်မီရယ်ဒါခိုင်းက marriage ကို လူနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ အားသာချက်တွေနဲ့ အပြန်အလှန်မှီခိုကြတာနဲ့ ဥပမာပေးတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်နေရမယ့် အိမ်ထောင်မှာ တစ်ယောက်က တစ်ယောက်ကို လွှမ်းမိုးအုပ်ချုပ်တာ မညီမျှတာတွေလည်း ဖြစ်နိုင်တယ်လို့ဆိုတယ်။ ဂျန်ဒါကိုတော့ သူထည့်မပြောခဲ့ပါဘူး။ အိမ်ထောင်မှုပြုကြတဲ့နေရာမှာ  လူ့စိတ်ဟာ တစ်ယောက်တည်း မနေနိုင်တာ၊ ဒီလူနဲ့ မခွဲနိုင်လို့ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ် ဆုံးဖြတ်တာ၊ စီးပွားရေးအရ မှီခိုဖို့၊ အသက်ကြီးရင် မှီခိုရအောင်၊ ကလေးတွေ တူတူမွေးဖို့၊ လိင်ကိစ္စ၊ ဘဝကို တူတူရင်ဆိုင်ဖို့ ဒါတွေအပြင် အိမ်က ပေးစားလို့၊ ကိုယ်ဝန်ရှိသွားလို့၊ အများအမြင် တင့်တယ်အောင်လို့ စသဖြင့်ပေါ့လေ အကြောင်းတွေ အမျိုးမျိုးရှိပါလိမ့်မယ်။
ကိုယ့်ကိုယ်ကို  ထည့်စဉ်းစားရဲ့လား

ဒီအကြောင်းတွေထဲမှာ ကိုယ့်ကိုယ်ကို  ထည့်စဉ်းစားရဲ့လား။ ကိုယ်ဟာ ဘယ်လိုလူစားဖြစ်တယ်၊ ဘယ်လိုလူစားကဖြင့် ကိုယ်နဲ့အဆင်ပြေမယ် (ဒါတွေကလဲ ခြောက်လ တစ်နှစ် တွဲကြည့်ပြီးရင်တောင် သိဖို့မလွယ်ဘူး) ဘယ်လိုဘဝမှ နေချင်တယ်ဆိုတာကို ထည့်စဉ်းစားကြရဲ့လား ဆိုတာလည်း တွေးစရာ ဖြစ်လာတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ဘယ်လိုလူလဲဆိုတာ မစဉ်းစားမိအောင်လည်း ပတ်ဝန်းကျင် အစဉ်အလာဆိုတာထဲမှာ ရှိနေကြတယ်။ ဖေ့စ်ဘွတ်ခ်မှာ လှလှပပ လက်ထပ်ခွင့်တောင်းတာ တွေ့ရင် ကိုယ်လည်း လက်ထပ်ချင်လာတယ်။ သမီးလေးနဲ့ မေမေ အင်္ကျီဆင်တူ လှလှလေးဝတ်ပြီး ဓာတ်ပုံတွေတွေ့ရင် ကလေးမွေးချင်လာတယ်။ ဆယ်လီတွေရဲ့ ပျော်ရွှင်သော မိသားစု စတဲ့ ပုံတွေမြင်ရင် ပိုဆိုးတယ်။ ငါလိုချင်တဲ့ဘဝဆိုတာ ဘာလဲလို့ စဉ်းစားဖို့ထက်  မီဒီယာရဲ့ လွှမ်းမိုးမှုကို ပတ်ဝန်းကျင် အစဉ်အလာလွှမ်းမိုးမှုတစ်ခုလိုပဲ ခံရပြန်တယ်။ တကယ်တော့ လက်ထပ်တယ်ဆိုတာ လူနှစ်ယောက် ဘဝပရောဂျက်တစ်ခုကို တူတူ အလုပ်လုပ်ကြတာပဲ။ လှလှပပပြောရင် ဘဝခရီးဖော် ဘာညာပေါ့။ အဲဒီလို စကားထောင်ချောက်တွေကလည်း ရှိတော့ လက်ထပ်တာကို အမြင့်ကြီး မျှော်လင့်ချက်ထားကြတာ များတယ်။ မျှော်လင့်ချက်ထားတဲ့ နေရာမှာလည်း ကိုယ့်ကိုယ်ကိုယ်ထက် သူများအပေါ် ထားတာ။ လက်ထပ်တယ်ဆိုတာ တကယ်တော့ လူ့သဘာဝလား၊ လိုအပ်ချက်ကြောင့်လား ဆိုတာတော့ ဒီခေတ်မှာ မငြင်းချင်တော့ဘူး။ လူဟာ တစ်ယောက်တည်း နေလို့မဖြစ်လို့ လက်ထပ်တာပါ ပြောရအောင်လည်း တစ်ယောက်တည်း သေတဲ့အထိ နေသွားကြသူတွေ တပုံကြီး။
လက်ထပ်တယ်ဆိုတာ

လက်ထပ်တယ်ဆိုတာ လုပ်ကိုလုပ်ရမယ့် တာဝန်မဟုတ်ဘူး။ ရွေးချယ်မှုသာ ဖြစ်တယ်။ အိမ်ထောင်မှုဆိုတာကလဲ ရုပ်ရှင်ထဲမှာ ပါသလောက် မရိုးရှင်းပြန်ဘူး။ တာဝန်တွေက ပါလာပြီ။ တစ်ယောက်က တစ်ယောက်ထက်ပိုပြီး အနစ်နာခံရတာတွေ ရှိလာနိုင်တာပဲ။ နောက်တစ်ခုက ဂျန်ဒါ။ ဂျန်ဒါဆိုတာ " ကျား "က ဘယ်လိုသဘာဝ၊ ဘယ်လိုနေ၊ ဘာတွေလုပ် (တာဝန်၊ အခန်းကဏ္ဍ)နဲ့ " မ "က ဘယ်လိုသဘာဝ၊ ဘယ်လိုနေ၊ ဘာတွေလုပ် ဆိုတာတွေကို လူ့အဖွဲ့အစည်းက သတ်မှတ် လုပ်ယူထားတာတွေကို ခေါ်တာ။ မွေးရာပါ လိင်အင်္ဂါအရ အထီးအမ ကွဲပြားမှုကို  ဂျန်ဒါအစဉ်အလာ တွေးခေါ်ပုံအရ " ကျား "ဆို ဦး ဆောင်သူ၊ " မ " ဆို ပါရမီဖြည့်ရသူဆိုတဲ့ အခန်းကဏ္ဍတွေ ပေးထားတယ်။ ဒါက သဘာဝမဟုတ်ဘူး။ ဒီaတာ့ အိမ်ထောင်ထဲမှာ အမျိုးသမီးတွေ အိမ်ပြင်ထွက် ပိုက်ဆံရှာနိုင်ရင်တောင် ကလေးရလာရင် တာဝန်က ပိုရှိလာတယ်။ ထိန်းပေးမယ့် အဘွားသို့ နာနီတွေ လိုလာတယ်။ (အမေ အဖြစ်ကနေ အဘွား ဖြစ်လာရင် နာနီ ဘဝကို အလိုလိုရောက်ကြတာ များတယ်။) အများအားဖြင့် မိန်းမဆိုတာ ကလေး ဝေယျာဝစ္စကို အကုန်ယူရမယ်လို့ မှတ်တာကြောင့် ကလေးတစ်ခုခုဖြစ်ရင် အမေခေါင်းပဲ။  ကျောင်းတို့ ဆေးရုံတို့မှာ ဖောင်ဖြည့်ရရင်သာ အဖ အမည်မေးကြတာ။ ကလေးဝေယျာဝစ္စနဲ့ တာဝန်ကတော့ အမေတွေပဲ။ ကလေးဖျားရင်၊ နာရင်၊ ကျောင်းထားရင်၊ ဘယ်ဆေးခန်းသွားမလဲ၊ ဘယ်ကျောင်းတက်ခိုင်းမလဲ ဆုံးဖြတ်တာကျတော့ အဖေတွေ။ အမေတွေကတော့ ကလေးအနားနေတာတောင် ဆုံးဖြတ်ခွင့်မရဘူး။ ဆုံးလည်း မဆုံးဖြတ်ချင်ကြဘူး။ ဒါအများစု ဖြစ်နေတာကို ပြောတာပါ။ တာဝန်ခွဲဝေမှု မညီမျှတာက ဂျန်ဒါ အယူအဆသေတွေကြောင့် ဖြစ်လာတာပေါ့။
ဂျန်ဒါအယူအဆသေတွေ

နောက်တစ်ခု အိမ်ထောင်တစ်ခုမှာ ကျား၊ မ ကဏ္ဍဆိုတာမျိုးက လိင်တူ အိမ်ထောင်တွေမှာတောင် ရှိနိုင်သေးတာ။ အမျိုးသမီးစုံတွဲမှာ တစ်ယောက်က " ကျား "ဆိုတဲ့ ဂျန်ဒါကို ယူထားပြီး သူ့ပါတနာကို " မ "ဆိုတဲ့ ဂျန်ဒါပေးပြီး  နောက်မှာ နေခိုင်းတာမျိုးတွေ၊ အိမ်တွင်း အကြမ်းဖက်မှုလုပ်တာတွေ ကြားဖူးတယ်။ ဂျန်ဒါအယူအဆသေဖြစ်တဲ့ ကျား၊ မဆိုတဲ့ အခန်းကဏ္ဍသေကြောင့်ပဲ။ လုပ်နိုင်စွမ်းအပေါ် မူတည်တာမဟုတ်ဘဲ ကျား၊ မဆိုတာပေါ်ပဲ မူတည်ပြီး ခွဲခြားတာက လိင်တူ အိမ်ထောင်တွေမှာတောင် ရှိနေတာ။  ဒီတော့ လူတွေနဲ့ ဂျန်ဒါဆိုတဲ့ အယူအဆကို ခွဲထုတ် မကြည့်နိုင်သရွေ့တော့ ကျား ဆိုတာ ဘယ်လိုဘယ်ပုံ၊ မ ဆိုတာ ဘယ်လိုဘယ်ပုံနေရမယ်ဆိုတဲ့ ပုံစံခွက်aတွက အိမ်ထောင်မှုထဲမှာ ဒုက္ခပေးနေမှာပဲ။ လူတွေဟာ လူအဖြစ် မနေချင်ဘဲ ငါဟဲ့ ယောကျာ်း၊ ငါဟဲ့ မိန်းမဆိုတဲ့ လူမှုအသိုင်းအဝိုင်း အစဉ်အလာက သတ်မှတ်ပေးလိုက်တဲ့ ဂျန်ဒါခေါင်းစဉ်တပ်ထားတဲ့ ဘောင်ထဲမှာ နေချင်ကြတာများတယ်။ လူနှစ်ယောက် အတူတူ ဘဝပရောဂျက်ကို လျှောက်ကြတဲ့နေရာမှာလာတဲ့  နောက်ခံဘဝ၊ ထားတဲ့တန်ဖိုး၊ ယုံကြည်မှုစတာတွေ မတူလို့ ညှိနှိုင်းရတာတစ်မျိုး၊ ဒီထက်ဆိုးတာက ဂျန်ဒါကြောင့် ဒါယောကျာ်းအလုပ်၊ မိန်းမ အလုပ်၊ ယောကျာ်းပဲ ဦးဆောင်ရမှာပေါ့၊ မိန်းမပဲ ယောကျာ်း ဦးဆောင်တာကို နာခံရမှာပေါ့၊ အိမ်ထောင်ပြုပြီးရင် မိန်းမက အရှုံးပဲ၊ မိန်းမကောင်း ပန်းပန်တစ်ပွင့်၊ ကလေးယူတော့လည်း တာဝန်က တစ်ဖက်သတ် ယူရ တာတို့၊ အိမ်ပြန်လာတဲ့ ယောကျာ်းကို စောင့်နေရတဲ့ အဖြစ်တို့၊ သူက ယောကျာ်းပဲလေ ကေတီဗွီ မာဆတ် လေးသွားတာလောက်လေးနဲ့တော့ အပြစ်မမြင်သင့်ပါ ဘူးတို့၊ ငါက ယောကျာ်းပဲလေ အိမ်ထောင်တစ်ခုမှာ ငါပဲ ဆုံးဖြတ်ရမှဆိုတဲ့ ယောကျာ်းမာနတို့စတဲ့စတဲ့ ဂျန်ဒါကဏ္ဍတွေ၊ အယူအဆသေတွေကို လိုက်နာနေကြတယ်။ ယောကျာ်းက အိမ်အလုပ်ကူတယ်ဆိုတာကလည်း လူတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ကို ခွဲယူတာဖြစ်လို့ ဒါက ပုံမှန်အခြေအနေတစ်ခုပဲ။ နှစ်ယောက်စလုံး အလုပ်လုပ်တဲ့ အိမ်ထောင်မှာ အိမ်ထောင့်တာဝန်၊ ကလေးတာဝန် ခွဲယူရတာကို ဘာမှထူးပြီး ဂုဏ်ယူစရာ၊ ဂုဏ်ငယ်စရာ မလိုဘူး။ ဖြစ်ရိုးဖြစ်စဉ်ပဲ။ အိမ်ထောင်တစ်ခုမှာ ယောကျာ်းက အိမ်မှာနေမယ်၊ မိန်းမက အပြင်ထွက် ပိုက်ဆံရှာမယ်ဆိုလည်း ဒါဟာ ကိုယ့်အိမ်ထောင်နဲ့ကိုယ် အဆင်ပြေအောင် နေကြတာပဲဖြစ်တယ်။ လူ့အဖွဲ့အစည်းက ထင်ကြေးတွေနဲ့ စွက်ဖက်စရာကို မလိုတဲ့ ကိစ္စတွေပါ။
လက်ထပ်ခြင်းကို လေးလံစေတဲ့ အရာတွေ

ဒါ့အပြင် ခုနက ပြောခဲ့တဲ့ မီဒီယာတွေက ကြော်ငြာတွေရဲ့ အလွန်အကျွံ ပုံရိပ်တွေကလည်း လူတွေ အိမ်ထောင်သားမွေးပြုမှုကို လွယ်လွယ်ကလေးထင်အောင် ပြသနေကြတဲ့အပြင် ငါ့ကိုတော့ တစ်သက်လုံး အခုလိုပဲ သူကအလိုလိုက်မှာ၊ သစ္စာရှိမှာ၊ ဘာညာ စိတ်ကူးယဉ်အောင် လုပ်လိုက်သေးတာ။ တကယ်တော့ လူနှစ်ယောက် ချစ်လို့ခင်လို့ အဆင်ပြေမယ်ထင်လို့ ဘဝခရီးကို လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က တူတူသွားကြတာဟာ မကောင်းဘူးလို့ မငြင်းချင်ဘူး။ မလုပ်သင့်တဲ့ အရာလည်း မဟုတ်ဘူး။ ဒါပေမယ့် လူဟာလူပဲမို့ လူနှစ်ယောက် တူတူနေရင် ညှိရနှိုင်းရတာ နှစ်ယောက်တည်းမက နှစ်ဖက် အသိုင်းအဝိုင်းပါလာတာ။ ဒါတွေကို တူတူကျော်နိုင်ရင်တောင် လက်ထပ်တာကို နာမည်ဆိုး ပေးနေတဲ့ ဂျန်ဒါ၊  ဂျန်ဒါကို အားပေးအားမြှောက်ပြုနေတဲ့ ဘေးပတ်ဝန်းကျင်ရဲ့ ဖိအား၊ ဂျန်ဒါ ROLE တွေကို  မီဒီယာတွေ ကြော်ငြာတွေက ဆွပေးတာတွေ၊ ဒါတွေက လက်ထပ်ခြင်းကို လေးလံအောင် လုပ်နေတဲ့ အရာတွေပါ။ အိမ်ထောင်မှုဆိုတာ လူ့အဖွဲ့အစည်းကလာတဲ့ အင်စတီကျူးရှင်းတစ်ခုပဲမို့ လူသားတွေရဲ့ ဂျန်ဒါအယူအဆသေတွေလို ယဉ်ကျေးမှု ထုတ်ကုန် တွေကို ရှောင်လွှဲဖို့ ခက်တယ်။
နိဂုံးချုပ်ရရင် လက်ထပ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ထည့်စဉ်းစားပြီး လူ့ယဉ်ကျေးမှု ထုတ်ကုန်တွေဖြစ်တဲ့ ဂျန်ဒါ ကဏ္ဍတွေ၊ မီဒီယာတွေ၊ ပတ်ဝန်းကျင် ဖိအားတွေကိုပါ နောက်ဆက်တွဲ စဉ်းစားဖို့လိုတယ် ထင်တာပဲ။ နောက် ကိုယ့်ကိုယ်ကို ထည့်စဉ်းစားဖို့ ဆိုတာက ကိုယ်ဘယ်လို ပါတနာမျိုး လိုချင်တာလဲ၊ ဘယ်အချိုးတွေတော့ သည်းမခံနိုင်ဘူးထင်လဲ၊ ဘယ်လောက်တော့ ဘောင်ဒရီထားမယ် ဆိုတာမျိုးပေါ့။ အိမ်ထောင်မှု ပညာရှင်တစ်ယောက်ကတော့ အဲဒီလိုမျိုးတွေ စဉ်းစားထားရင် မစဉ်းစားဘဲ ယူတာထက်ပိုပြီး ပျော်ရွှင်စရာ ခိုင်မြဲတဲ့ အိမ်ထောင်ရမယ်တဲ့။ တကယ်တော့ လူဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ သူပေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ကိုယ်က တစ်သက်လုံး ထမ်းရမယ်။ ဒါမှမဟုတ် သူ့ကို ကိုယ့်အထုပ်တွေ တစ်သက်လုံးထမ်းခိုင်းမယ် ဆိုတာကတော့ လက်ထပ်ခြင်း ခေါင်းစဉ်အောက်မကလို့ ကမ္ဘာကြီး ပျက်နေနေ ဖြစ်ကိုမဖြစ်သင့်တဲ့အရာပဲ။ တကယ်တော့ အိမ်ထောင်မှုနဲ့ ပတ်သက်ရင် ဒီက စာရေးသူမှာ အပျက်အမြင်မရှိပါဘူး။ လက်ထပ်ခြင်းကို နာမည်ဆိုးပေးနိုင်တဲ့ ဂျန်ဒါလို အကြောင်းအရာတွေ ပတ်လည်ဝိုင်းနေတာကို စဉ်းစားမိဖို့ပါပဲ။
ပျိုးလက်ဟန်
Read More About Special Features Here


Read times Last modified on Tuesday, 04 July 2017 10:33
Rate :
(0 votes)

2 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.