Tuesday, 23 April 2019 05:02

 

education.jpg

 

၂၀၁၉-၂၀ ပညာသင်နှစ်ကစ၍ အခြေခံပညာကျောင်းများ၏ နွေရာသီကျောင်းပိတ်ရက်ကို ယခင်ကဲ့သို့ သုံးလမပိတ်တော့ဘဲ နှစ်လသာပိတ်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကပြောထားပါတယ်။

အခြေခံပညာအတန်းများကို ၂၀၁၈-၁၉ ပညာသင်နှစ်အထိ ဖေဖော်ဝါရီလကုန်အထိသာ ကျောင်းတက်ရသော်လည်း လာမည့်ဇွန်လတွင်ဖွင့်မည့် ၂၀၁၉-၂၀ ပညာသင်နှစ်မှစတင်ကာ မတ်လကုန်အထိ ကျောင်းတက်ရတော့မှာဖြစ်ပါတယ်။

‘‘အရင်က ဖေဖော်ဝါရီဆို စာမေးပွဲစစ်ပြီးတော့ ဖေဖော်ဝါရီလကုန်ဆို ကျောင်းတွေပိတ်ပြီ။ တကယ်တော့ Academic Year ရဲ့ စာသင်တဲ့ကာလက အရင်ကတည်းက မတ်လ ၃၁ ရက်အထိဆွဲထားတာ။ စာသင်ချိန် ၁၀ လ ရှိရမှာကို အခုရှစ်လလောက်ပဲ သင်နေရသလိုဖြစ်နေတာ။ အဲဒါကြောင့် ဒီနှစ်ကစပြီး မတ်လနောက်ဆုံးပတ်အထိ ကျောင်းတက်ရမှာ’’ ဟု ဦးကိုလေးဝင်း ကရှင်းပြထားပါတယ်။

အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ၂၀၁၉-၂၀ ပညာသင်နှစ်မှစကာ မတ်လနောက်ဆုံးပတ်တွင် စစ်ဆေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကလည်း ဧပြီ ၂၁ ရက်၌ ကမာရွတ် တီတီစီတွင် Grade-6 (သင်ရိုးသစ်)နှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆွေးနွေးပွဲ၌ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံစဉ် ပြောကြားထားပါတယ်။

အခြေခံပညာအတန်းများကို တစ်နှစ်လေးကြိမ်စာမေးပွဲစစ်ဆေးမည်ဖြစ်ရာ ပထမအကြိမ်စစ်ဆေးခြင်းကို ဇူလိုင်(သို့မဟုတ်)သြဂုတ်၊ ဒုတိယအကြိမ်ကို အောက်တိုဘာ၊ တတိယအကြိမ်ကို ဒီဇင်ဘာ၊ စတုတ္ထအကြိမ်ကို မတ်လနောက်ဆုံးပတ်တွင် ပြုလုပ်သွားမည်ဟု ပညာရေးဝန်ကြီး ကဆိုပါတယ်။

အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မတ်လနောက်ဆုံးပတ်တွင်ကျင်းပမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်ကာလလည်း အပြောင်းအလဲရှိနိုင်ပြီး အတိအကျကို ပညာရေးဝန်ကြီးဌာနကထပ်မံကြေညာမည်ဟု အခြေ ခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။

နှစ်စဉ် အခြေခံပညာကျောင်းများကို ဖေဖော်ဝါရီလကုန်တွင်ပိတ်သော်လည်း ပညာရေးဝန်ကြီးဌာန၏ ပညာရေးပြက္ခဒိန်၌ နွေရာသီကျောင်းပိတ်ရက်ကို ယခင်ကတည်းက ရက် ၆၀ သာထည့်ဆွဲထားတယ်လို့ သိရပါတယ်။ ထို့ကြောင့် မတ်လတစ်လလုံးအတွက် လချုပ်စာရင်းတွင် ကျောင်းသား၊ ဆရာ၊ ဆရာမအားလုံးကို ကျောင်းအတက်ပြပေးရသည်ဟု ပဲခူးတိုင်းဒေသကြီး အလက(ရစ်ကန်ဘူတာ)ကျောင်းအုပ်ကြီး ဦးအောင်ကျော်သူ က ရှင်းပြပါတယ်။

‘‘အခုကတော့ ၀န်ကြီးပြောတဲ့ပုံအရ ကလေးတွေကို မတ်လတစ်လလုံး ကျောင်းမှာထားမယ့်ပုံစံမျိုးပြောတယ်။ မိဘတွေကျောင်းပို့ရတာ တစ်လပိုသွားမယ်။ ရာသီဥတုကတအားပြင်းတော့ ကလေးတွေနေပူထဲလာရမယ်။ ကလေးတွေကျောင်းမှာ ဆော့ကစားတာရှိမယ်ဆိုတော့ သူတို့ကို ဆရာ၊ ဆရာမတွေက သတိထားထိန်းရမယ်။ နောက်တစ်ခုက ရေအခက်အခဲ၊ သုံးရေ၊ သောက်ရေအခက်အခဲကလည်း အရင်မတ်လကျောင်းပိတ်ထားတော့ အခက်အခဲမရှိပေမယ့် မတ်လဖွင့်မယ်ဆို ဒီအခက်အခဲတွေကိုထည့်တွက်သင့်တယ်။ လေးတန်း၊ ရှစ်တန်းတွေ၊ ၁၀ တန်းတွေက ပုံမှန်မတ်လထဲစစ်တတ်တော့ ကျောင်းဖွင့်နေရင် ဒါကပြဿနာရှိတယ်’’ဟု ဦးအောင်ကျော်သူ ကဆိုပါတယ်။ ထို့အပြင် လက်ရှိသင်ရိုးအရ ဖေဖော်ဝါရီလကုန်တွင်ကျောင်းပိတ်ပါက သင်ကြားရေးအခက်အခဲထူးထူးခြားခြားမရှိ၍ စာသင်ချိန်ထပ်တိုးရန်မလိုအပ်ဟု ၎င်းကဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနတွင် ပြုပြင်ပြောင်းလဲမှုအများစုကို အောက်ခြေ ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘပြည်သူများကို ကြိုတင်အသိပေးမှုအားနည်းပြီး အထက်ကညွှန်ကြားမှုကိုသာလိုက်နာရသည်ကများနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အခြေခံပညာကဏ္ဍအတွင်းရေးမှူး ဦးအောင်ကျော်သူ ကမှတ်ချက်ပြုထားပါတယ်။

နွေရာသီကျောင်းပိတ်ရက်ကို တစ်လလျှော့ချမည့်အစီအစဉ်မှာ မိဘ၊ ကျောင်းသား၊ ဆရာအားလုံးနှင့်သက်ဆိုင်နေ၍ အားလုံးသဘောထားကို ရယူသင့်ကြောင်း၊ နိုင်ငံတကာတွင်လည်း ရာသီဥတုအပေါ်မူတည်ကာ ကျောင်းရက်ရှည်ပိတ်လေ့ရှိ၍ မြန်မာ့ရာသီဥတုနှင့်အဆင်ပြေမည့် ကျောင်းပိတ်ရက်မျိုးကိုသတ်မှတ်သင့်သည်ဟု ၎င်းကအကြံပြုထားပါတယ်။

ရာသီဥတုပိုမိုပူပြင်းလာချိန်တွင် နွေရာဦကျောင်းပိတ်ရက်ကာလလျှော့ချပါက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအပူဒဏ်ပိုခံရနိုင်၍ နွေရာသီကျောင်းပိတ်ရက်ကို ယခင်အတိုင်းသုံးလသာသတ်မှတ်သင့်ကြောင်း တာမွေမြို့နယ်မှ တတိယတန်းကျောင်းသားမိခင် ဒေါ်သိမ့်သိမ့်ဝင်း ကမှတ်ချက်ပြုထားပါတယ်။

အခြေခံပညာကျောင်းများကို နှစ်စဉ် မေလ ၂၅ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၁ ရက်တွင်ကျောင်းစဖွင့်တာဖြစ်ပါတယ်။ ပြီးခဲ့သည့်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၁၄ သန်းရှိတယ်လို့လည်း သိရပါတယ်။

Source and photo: 7DayDaily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.