Tuesday, 23 April 2019 04:11

education.jpg

ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး အမှာစကားပြောကြားနေစဉ်

လာမည့်ကျောင်းဖွင့်ချိန်တွင် စတင်အသုံးပြုမည့် Grade - 6 သင်ရိုးသစ်၌ ပဉ္စမတန်းသင်ရိုးဟောင်းမှ သင်ခန်းစာ ၈၀ ရာခိုင်နှုန်း၊ သင်ခန်းစာသစ် ၂၀ ရာခိုင်နှုန်း ပါဝင်ရေးဆွဲထားပြီး စနစ်ဟောင်းကိုပြန်မသွားဘဲ ကျောင်းသား ဗဟိုပြုစနစ်ဖြင့်သင်ကြားပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဆရာ၊ ဆရာမများအား မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ADB - EYE Project တို့ပူးပေါင်းဆောင်ရွက်သည့် Grade - 6 (သင်ရိုးသစ်)တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးပွဲဖွင့်ပွဲကို ကမာရွတ်တီတီစီ၌ ဧပြီ ၂၁ရက်နေ့က ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘Grade 6 သင်ရိုးသစ်မှာ မူလသင်ကြားနေတဲ့သင်ရိုးဟောင်း ၈၀ ရာခိုင်နှုန်းပါပြီး သင်ရိုးသစ်ကို ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၃၀ ရာခိုင်နှုန်းအထိ ထည့်သွင်းသင်ကြားပေးသွားမှာပါ။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်းသားဗဟိုပြုစနစ်အတိုင်းပဲသွားပြီး အရင်စနစ်ကိုပြန်မသွားဘဲသင်ကြားပေးပါလို့ မေတ္တာရပ်ခံပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်းကြီး ကဆိုထားပါတယ်။

ထိုဆွေးနွေးပွဲဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘‘အစမ်းသပ်ခံပညာရေးစနစ်ကနေ အခုပထမဆုံးပြောင်းလဲတဲ့အခါ ရှေ့ဆုံးကတာဝန်ရှိသူတွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားဗဟိုပြုသင်ကြားရေးကို အာရုံစိုက်ပေးဖို့လိုပါတယ်။ အခုစနစ်သစ်မှာ နိုင်ငံတကာကပညာရှင်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ပညာရေးဖြစ်လာမှာပါ’’ ဟု ပြောကြားခဲ့ပါတယ်။

Grade - 6 သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၁)၊ သင်္ချာ (၂)၊ ပထ၀ီဝင်၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘ၀တွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ ဂီတအနုပညာ၊ ပန်းချီအနုပညာဟူသည့် ဘာသာရပ် ၁၂ ခု သင်ကြားသွားမှာ ဖြစ်ပါတယ်။

အလယ်တန်း Grade - 6 သင်ရိုးသစ်ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးမှုဖြင့်ရေးဆွဲထားပြီး ပုံနှိပ်စာအုပ်များ၏အရည်အသွေးကို ယခင်ပုံနှိပ်စာအုပ်များနှင့်မတူအောင် ဖန်တီးထုတ်လုပ်ထားသည်ဟုလည်း ပညာရေးဝန်ကြီးက ဆိုထားပြီး Grade - 6 သင်ရိုးသစ်အတွက် ဆရာကိုင်သင်ပြနည်းစာအုပ်နှင့် ကျောင်းသားကိုင်ပုံနှိပ်စာအုပ်နှစ်မျိုးထုတ်လုပ်ထားပြီး ဆရာ၊ ဆရာမများကို ဆရာကိုင်နှင့်ကျောင်းသားကိုင်ပုံနှိပ်စာအုပ် တစ်စုံစီ၊ ကျောင်းသား၊ ကျောင်းသူအားလုံးကို ကျောင်းသားကိုင်ပုံနှိပ်စာအုပ်တစ်စုံစီ အခမဲ့ပေးဝေရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

အစိုးရအလယ်တန်းပြဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမအားလုံးကို Grade - 6 သင်ရိုးသစ်သင်ပြနည်းအတွက်သင်တန်းပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပြီး ယခုတိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်တန်းကို ၁၀ ရက် ပို့ချပြီးပါက မေလအတွင်းခရိုင်အဆင့်သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

အခြေခံပညာအတန်းများကို တစ်နှစ်တစ်တန်းနှုန်း သင်ရိုးညွှန်းတမ်းသစ်များဖြင့် ၂၀၁၆ - ၁၇ ပညာသင်နှစ်ကစတင်သင်ကြားနေပြီး တတိယတန်း (Grade -3) နှင့် ဆဋ္ဌမတန်း (Grade - 6) ကို ၂၀၁၉ - ၂၀ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားသွားမှာဖြစ်ပါတယ်။

အခြေခံပညာမူလတန်းသင်ရိုးညွှန်းတမ်းသစ်များအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်းသင်ရိုးညွှန်းတမ်းသစ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီးဌာနကို နည်းပညာနှင့် ဘဏ္ဍာရေးပံ့ပိုးထားပါတယ်။

Source and photo: 7DayDaily


Read 61 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.