Friday, 19 April 2019 11:47

teachers.jpg

 

မူလတန်းပြဆရာဖြစ် လက်မှတ်မရှိသည့် အခြေခံပညာ ဆရာ၊ဆရာမ ၁,၇၀၀ ကျော်အတွက် မူလတန်းဆရာအတတ် စာပေးစာယူ(မစယ) အနီးကပ်ပို့ချ သင်တန်းများကို ဧပြီ ၁၉ ရက်က စတင်ကာပညာရေးကောလိပ်များ၌ဖွင့်မည်ဟု အခြေခံပညာဦးစီးဌာနက ဧပြီ၅ ရက်စွဲဖြင့်ချက်ထုတ်ပြန်သည်။

ပညာရေး ၀န်ကြီးဌာနအောက်ရှိ ကျောင်းများတွင် ဆရာဖြစ်လက်မှတ် မရှိသေးသည့် မူလတန်းပြ ဆရာများရှိနေရာ ဆရာဖြစ်လက်မှတ်မရှိသည့် ဆရာ၊ ဆရာမများ ပပျောက်ရေးနှင့် မူလတန်းအဆင့် ဘာသာရပ်များကို စနစ်တကျသင်ပြနိုင်ရေး အဆိုပါ စာပေးစာယူသင်တန်းများ ဖွင့်လှစ်ခြင်း ဖြစ်သည်။

‘‘နေ့စားလပေး ဆရာ၊ဆရာမတွေ ခန့်လိုက်တော့ သူတို့က ဆရာဖြစ်သင်တန်းလက်မှတ်မရှိဘူး ဖြစ်နေတာ။ သူတို့ကို သင် တန်းပေးတာပေါ့။ တခြားပညာ ရေး ကောလိပ်ဆင်းတွေကတော့ ဆရာဖြစ်လက်မှတ်တွေ ရှိပြီးသားပါ’’ဟု အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်ပညာဌာန) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။

မူလတန်းဆရာအတတ် စာပေးစာယူ အနီးကပ်ပို့ချသင်တန်းကို တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၃ ခုတွင် ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ၁၃ ရက်အထိ ပထမအကြိမ် ဖွင့်လှစ်ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီ ၁၉ ရက် မှ မေလ ၄ ရက်အထိ သင်တန်းထပ်မံဖွင့်လှစ်မည်ဖြစ်သည်။ အနီးကပ်ပို့ချသင်တန်းကို မူလတန်းပြဆရာဖြစ် လက်မှတ်မရှိ သည့် ဆရာ၊ ဆရာမများ မပျက်မကွက်တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး ရုံးများက ကြပ်မတ်ဆောင်ရွက်ရ မည်ဟု အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

မစယသင်တန်း တက်ရောက်သူများသည် ၂၀၁၉-၂၀ ပညာသင်နှစ် ဇွန်လ၊ ဇူလိုင်လများအတွင်း မိမိတာဝန်ထမ်းဆောင် ရာ အခြေခံပညာကျောင်းများတွင် လက်တွေ့တန်းပြ လေ့ကျင့်ရမည် ဖြစ်သည်။

အခြေခံ ပညာကဏ္ဍတွင် ဆရာ၊ ဆရာမ လိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်ကစ၍ ဘွဲ့ရပြီးသူများကို နေ့စားလပေး မူလတန်းပြများအဖြစ် ခေါ်ယူခဲ့သည်။

နေ့စားလပေး ဆရာ၊ ဆရာမများသည် ဆရာအတတ်ပညာ နှင့် ကျွမ်းကျင်မှု၊ ပြည့်စုံလုံလောက်မှုမရှိ၍ ကျောင်းသားများ၏ သင်ယူတတ်မြောက်မှုနှင့် ပညာအရည်အသွေး တိုးတက်မြင့်မားမှုကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ခြင်းမရှိဟု ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် တင်သွင်းသည့် စာတမ်းတစ်ခု၌ ဖော်ပြထားသည်။

နေ့စားလပေးမူလတန်းပြ ရာထူးနေရာများအတွက် အသက် (၄၀) နှစ်နှင့်အောက်၊ ပါရဂူဘွဲ့ရများ၊ အသက်(၃၅)နှစ်နှင့်အောက် မဟာဘွဲ့ရများ၊ အသက်(၃၀) နှစ်နှင့်အောက် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ရ များကို ရေးဖြေ၊ နှုတ်ဖြေစစ်ဆေး၍ ခန့်ထားကာ မြို့နယ်အခြေပြု ဆရာအတတ်ပညာ သင်တန်းများ တက်ရောက်ပြီးဆုံးပါက နေ့စားလပေးမူလတန်းပြမှ နိုင်ငံ့ဝန်ထမ်း မူလတန်းပြအဖြစ် ခန့်ထားသည်။ မစယသင်တန်းပြီးဆုံးပါက လုပ် သက် တန်းစီဇယားအရ အလယ်တန်းပြအဖြစ် တိုးမြှင့်ခန့်ထားသည်။

Source: 7DayDaily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.