Friday, 19 April 2019 11:43

edu.jpg

 

မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနည်ီလာခံကို ပထမအကြိမ်အဖြစ် မေလ ၂၄ နှင့် ၂၅ ရက်တွင် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသွားမည်ဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ပြောပါတယ်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များကော်မတီတို့က ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံတက္ကသိုလ်များသုတေသနညီလာခံတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှဆရာ၊ ဆရာမများရေးသားထားသော သုတေသနစာတမ်းများ ဖတ်ကြားသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံတွင် ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာ နှင့် နည်းပညာရပ်များ၊ ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များ၊ ဆေးနှင့် နှီးနွှယ်ပညာရပ်များ၊ ဘာသာစကား၊ ယဉ်ကျေးမှု နှင့် အနုပညာရပ်များ၊ သစ်တော၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ၊ ဆရာအတတ်ပညာ စသည့် ပညာရပ်ဆိုင်ရာ အသုံးချသုတေသနစာတမ်းများ ဖတ်ကြားနိုင်ရေးစာတမ်းများ တင်သွင်းနိုင်ကြောင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ ဖေဖော်ဝါရီလကတည်းက ဖိတ်ခေါ်ခဲ့ပါတယ်။

‘‘လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် အသုံးချသုတေသနဆောင်ရွက်ထားတာတွေကိုတင်ပြမယ့် ညီလာခံပေါ့။ ပထမဆုံးသုတေသနညီလာခံကို လုပ်မှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အစကတော့ တော်တော်လေးစိုးရိမ်မိပါတယ်။ စာတမ်းများ ရရှိတာနည်းနေမလားလို့ စိုးရိမ်ခဲ့ပါတယ်။ ခုထိတော့ စာတမ်းဟာ လိုအပ်တာထက်တောင် ပိုပြီးရရှိထားပါတယ်။ စာတမ်း ၄၀၀ လောက်တောင် ရထားပါပြီ’’ဟု ဒေါက်တာမျိုးကြွယ် က ဆိုပါတယ်။

ရရှိထားသော စာတမ်းများအနက် အကောင်းဆုံးစာတမ်းများကို ရွေးချယ်ကာ မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံတွင် ဖတ်ကြားသွားမှာဖြစ်ပါတယ်။

‘‘သုတေသနဖွံ့ဖြိုးတိုးတက်ရေးဟာ တက္ကသိုလ်ရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုတာကြောင့်မို့ တက္ကသိုလ်ဆရာ၊ ဆရာမများရဲ့ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြုသုတေသန လုပ်ငန်းဆောင်ရွက်ခြင်းက အရေးကြီးပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။

နိုင်ငံအတွက် လက်တွေ့အသုံးချနိုင်သည့် သုတေသနများကို တက္ကသိုလ်ဆရာ၊ ဆရာမများ ပြုလုပ်ရန်၊ ငွေကြေးလိုအပ်ချက်ကို စီးပွားရေးလုပ်ငန်းရှင်များက ပံ့ပိုးပေးရန်လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် က ၂၀၁၈ သြဂုတ် ၂၄ ရက်က ကျင်းပခဲ့သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ)တွင် တိုက်တွန်းပြောကြားခဲ့ပါတယ်။

အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် သုတေသနဆောင်ရွက်သူပညာရှင်များအား သုတေသနရန်ပုံငွေလုံလောက်စွာထောက်ပံ့ချီးမြှင့်ရန် တိုက်တွန်းသည့်အဆိုကို ၂၀၁၈ သြဂုတ်၂၉ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမများ သုတေသနပြုလုပ်ရာတွင် ကွင်းဆင်းသုတေသနပြုသည့် စရိတ်အပါအဝင် စာရွက်စာတမ်းကြေး၊ စာအုပ်ချုပ်ခစသည့် ကုန်ကျစရိတ်အားလုံးကို ပညာရေးဝန်ကြီးဌာနက ထုတ်ပေးမည်ဟု ထိုအဆိုအတည်ပြုပြီး တစ်လခန့်အကြာ၌ ပညာရေးဝန်ကြီးဌာနက ကြေညာပြီးသုတေသနစာတမ်းရေးရာတွင် နိုင်ငံရေးကင်းရှင်းကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မထိခိုက်ကြောင်း၊ တို့တာဝန် အရေးသုံးပါးမထိခိုက်ကြောင်း ဝန်ခံကတိပြုရမှုကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

Source: 7DayDaily


Read 42 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.