Saturday, 26 January 2019 05:05

F110922GY10-640x400.jpg

 

အစ္စရေးနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် ပညာရေးကို လေ့လာကြည့်သည့်အခါ၌ အဆင့်သုံးဆင့်ရှိကြောင်း တွေ့ရပါသည်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း ကျောင်းအဆင့်ဟူ၍ အခြေခံပညာအဆင့်တွင် သတ်မှတ်ခွဲခြားထားသည်။ 
 
မူလတန်းပညာရေးကို Grade 1 မှ Grade 6  အထိ သတ်မှတ်ထားသည်။ အလယ်တန်းကို Grade 7 မှ Grade 9 နှင့် အထက်တန်းကို Grade 10 မှ Grade 12 အထိဖြစ်သည်။ မူလတန်းမှသည် အထက်တန်းအဆင့်အထိ ပညာရေးမှာ မသင်မနေရ ပညာရေးစနစ်လည်းဖြစ်သည်။ 
 
ကျောင်းစာသင်နှစ်စတင်ချိန်သည် စက်တင်ဘာလ ၁ ရက်နေ့ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မူလတန်းအဆင့် ပြီးဆုံးပြီး ကျောင်းပိတ်သည်။ အလယ်တန်းနှင့် အထက်တန်းများမှ ဇွန်လ ၂၀ ရက်နေ့အထိဖြစ်သည်။ ပျမ်းမျှ ကျောင်းတက်သူ၏ ၈၅ ရာခိုင်နှုန်းခန့်မှာ အလယ်တန်းကျောင်းထွက် ဒီပလိုမာလက်မှတ်များ ရရှိကြသည်။ အထက်တန်းအဆင့်ကို ၄၉ ရာခိုင်နှုန်းခန့် တက်ရောက်သင်ကြားနိုင်ကြပြီး ဒီပလိုမာလက်မှတ်များရရှိကြောင်း သိရသည်။ 
160914_school.JPG
 
Webometrics လေ့လာဆန်းစစ်ချက်အရ အစ္စရေးနိုင်ငံ တက္ကသိုလ်များသည် အာရှကျောင်းအဆင့် ၁၀၀ သတ်မှတ်ချက်ထဲ၌ အဆင့် ၆ ဝင်သည်။ အကောင်းဆုံး ကမ္ဘာ့တက္ကသိုလ် ၁၅၀ တွင် ကျောင်း ၄ ကျောင်း ပါဝင်ခဲ့သည်။ Times Higher Education-QS World University Rankings သတ်မှတ်ချက်တွင် အစ္စရေးနိုင်ငံမှ တက္ကသိုလ်ကြီး သုံးခုပါသည်။ 
 
အစ္စရေးနိုင်ငံပညာရေးစနစ်တွင် ထူးခြားချက်တစ်ခုမှာ ဘာသာရေးအလိုက်၊ လူမျိုးရေးအလိုက်လည်း ကျောင်းများကို ခွဲခြားသင်ကြားခြင်းဖြစ်သည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် ကျောင်းများတွင် ဟီးဘရူး ဘာသာစကားကို အဓိကထားကာ သင်ကြားပေးပြီး ထိုကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင် ရှိကြသည်။ 
 
ရှေးရိုး ခရစ်ယာန် Orthodox ကျောင်းများကိုလည်း ဖွင့်ခွင့်ပြုထားသည်။ နိုင်ငံတော်ဘာသာရေးအဖြစ် သတ်မှတ်ထားသည့် ဘာသာရပ်များကို ဟီးဘရူးစာပေဖြင့် သင်ကြားကြသည်။ လောကီရေးရာ ပညာရပ်ဆိုင်ရာများကို ဟီးဘရူးဘာသာစကားနှင့် သင်ကြားကြသည်။ စာပေများတွင် ဂျူးလူမျိုး ယဉ်ကျေးမှုနှင့် ဘာသာရေးတို့အပေါ် လွန်ကဲစွာ တန်ဖိုးထားလေးစားပြီး သင်ကြားကြကြောင်းတွေ့ရသည်။
 
အစ္စရေးနိုင်ငံတွင် အာရပ်ကျောင်းများလည်း ရှိသည်။ အာရဗီဘာသာစကားဖြင့် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းပေးထားသော သင်ရိုးများကို သင်ကြားကြရခြင်းဖြစ်သည်။ အာရပ်သမိုင်း၊ ယဉ်ကျေးမှုနှင့် အာရဗီစာပေများကို သင်ကြားခွင့်ပေးထားသည်။ ဘာသာရေးတို့ကိုလည်း သင်ကြားခွင့်ပြုသည်။ 
 
ကမ္ဘာ့နိုင်ငံများတွင် ဘော်ဒါစနစ်ဖြင့် ကျောင်းအိပ်၊ ကျောင်းစားထားကြသည့် အလေ့အထများရှိသည်။ ဘော်ဒါကျောင်းများသည် ချမ်းသာသူများသာ တက်နိုင်သည့် ကျောင်းများဖြစ်သည်။ အစ္စရေးနိုင်ငံတွင်တော့ ပြောင်းပြန်ဖြစ်သည်။ ဘော်ဒါကျောင်းဆိုသည်မှာ ဆင်းရဲသားများ လာထားသည့် နေရာဖြစ်နေသည်။ အစိုးရက အထောက်အပံ့ပေးထားသည့် ကျောင်းများဖြစ်ပြီး လူငယ်အများစု လာမတက်ချင်ကြသည့် ကျောင်းများလည်း ဖြစ်နေသည်။ 
 
ပညာရေးနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ကျောင်း၊ မွန်တက်ဆိုရီကျောင်း၊ Waldorf ကျောင်း စသည့် ပုဂ္ဂလိကကျောင်းများလည်း ရှိသေးသည်။ ထိုကျောင်းများသည် နိုင်ငံတော် ကျောင်းစနစ်ထဲတွင် ပါဝင်ပြီး အစိုးရက ထောက်ပံ့ပေးသည်။ တက်ရောက်သည့် ကျောင်းသားအလိုက် အစိုးရက အထောက်အပံ့ပေးသည့် စနစ်မျိုးဖြစ်သည်။ 
 
မြောက်အမေရိက၊ ဥရောပ ပညာရေးစနစ်တို့နှင့် ကွာခြားချက်မှာ တစ်နိုင်ငံလုံးတွင် သတ်မှတ်ပြဋ္ဌာန်းချက်များသည် တစ်ခုတည်း၊ တစ်သားတည်းဖြစ်နေခြင်းပင်။ တစ်ခုတည်းသော သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း သင်ကြားကြရသည်ကလည်း အစ္စရေးနိုင်ငံ၏ ထူးခြားချက်တစ်ခုဖြစ်သည်။ ကျောင်းများသည် မိမိတို့စိတ်ကြိုက် သင်ကြား၊ သင်ယူမှုနယ်ပယ်တို့ကို ဖြန့်ချဲ့နိုင်သည်။ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများကို သုံးခွင့်ရှိသည်။ ပညာရေးဝန်ကြီးဌာနကလည်း လိုအပ်ချက်များကို ထောက်ပံ့ပေးသည်။ 
 
အစ္စရေးနိုင်ငံပညာရေးစနစ်တွင်လည်း ထူးခြားချက်တစ်ခုမှာ ကျောင်းသားများသည် ကျောင်းသက်တမ်း ကာလအတွင်း စာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုကြရခြင်းဖြစ်သည်။ ယင်းစနစ်သည် ဖင်လန်နိုင်ငံ ပညာရေးစနစ်နှင့် တူညီနေကြောင်းလည်း သတိပြုမိသည်။ အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ရောက်မှ နောက်ဆုံး အထက်တန်းအဆင့် ကျောင်းထွက်စာမေးပွဲအဖြစ် တစ်ကြိမ်သာ စာမေးပွဲကို ရင်ဆိုင်ကြရခြင်းဖြစ်သည်။ 
 
ထိုစာမေးပွဲကို မအောင်လျှင်လည်း ကိစ္စမရှိ။ သူတို့ စစ်မှုထမ်းပြီးချိန်တွင် ဤစာမေးပွဲကို ပြန်လည်ဖြေဆိုခွင့်ရှိသည်။ ကျောင်းသားများသည် (Orthodox, Pacifists, Arabs) တွေကလွဲပြီး အစ္စရေးတပ်မတော် IDF (Israel Defense Forces) ကို အသက် ၁၈ နှစ်ပြည့်လျှင် ဝင်ကြရသည်။ ကောလိပ် သို့မဟုတ် တက္ကသိုလ်မတက်မီ အထက်တန်းအဆင့် ကျောင်းပြီးလျှင် စစ်ထဲဝင်ကြရသည့် သဘောဖြစ်သည်။ အသက် ၂၁ နှစ် သို့မဟုတ် ၂၂ နှစ်အထိ စစ်တပ်ထဲတွင် စစ်မှုထမ်းပေးကြရသည်။ 
 
အမျိုးသမီးများလည်း ၂ နှစ် စစ်မှုထမ်းကြရသည်။ အမျိုးသားများက ၃ နှစ်ခန့် စစ်မှုထမ်းရသည်။ အစ္စရေးတပ်မတော်သည် နိုင်ငံ၏ အရေးအပါဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ပညာရေးအားလုံးအပေါ် လွှမ်းမိုးနေသည်။ လွှမ်းမိုးခွင့်လည်း ပေးထားသည်။ နည်းပညာသည် ပညာရေးအတွက် ပြုပြင်ပြောင်းလဲရန် အကောင်းဆုံးလက်နက် တစ်ခုအဖြစ် ခံယူထားသည်။ ထို့ကြောင့် ကျောင်းသားများ e-Book များ လေ့လာဖတ်ရှုနိုင်ရေးနှင့် အွန်လိုင်းကတစ်ဆင့် ပညာရှာနိုင်ရေး များကို အလေးထားကာ စီစဉ်ပေးသည်။ 
 
အစ္စရေးပညာရေးသည် မိမိတို့နိုင်ငံ၊ မိမိတို့ လူမျိုး၊ မိမိတို့နေရာဒေသနှင့် အကိုက်ညီဆုံးစနစ် တစ်ခုဖြစ်စေရန် ဖန်တီးတီထွင်ထားသဖြင့် နိုင်ငံတကာစံ များနှင့် တူညီသည်လည်းရှိသည်၊ ကွဲပြားချက်များလည်း ရှိနိုင်သည်။ မည်သို့ဆိုစေ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက် အကောင်းဆုံး ဆောင်ရွက်ဖော်ဆောင်ပေးထားနိုင် သော ပညာရေးစနစ်တစ်ခုဖြစ်ကြောင်း မငြင်းနိုင်ပေ။
 
၂၁ ရာစုသည် နည်းပညာကို မဖြစ်မနေ အသုံးပြုရမည့် ခေတ်ဖြစ်လာသောကြောင့် ပညာရေးတွင်လည်း နည်းပညာကို ထည့်သွင်းအသုံးပြုရန် လိုအပ်ပါသည်။ အစ္စရေးနိုင်ငံပညာရေးစနစ်ကို လေ့လာကြည့်လိုက်လျှင် အဆင့်မြင့်ပညာရေးအပိုင်းကိုလည်း နည်းပညာဖြင့် မြှင့်တင်နိုင်ရန် ကြိုးစားအားထုတ်နေမှုများကို တွေ့ရသည်။ အထက်တန်းအဆင့်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံစံမျိုး စာမေးပွဲတစ်ကြိမ်ဖြေပြီး စစ်ပညာကိုသင်၊ ထို့နောက်မှာ တက္ကသိုလ်ကို ဝင်ခွင့်ပြုလိုက်သောကြောင့် မည်မျှစမတ်ကျသည့် လူငယ်များဖြစ်လာမည် ဆိုခြင်းကို ပြောစရာပင် လိုမည်မထင်ပေ။ 
 
အထက်တန်းအောင်၊ စစ်မှုထမ်းဘဝမှထွက် လာပြီးနောက် တက္ကသိုလ်ဆက်မတက်ချင်လည်းရသည်။ သူတို့တွင် ဘွဲ့မရဘဲ အလုပ်ခန့်နိုင်သည့် အလုပ်တွေ အများကြီးရှိနေသည်။ ထိုသို့လုပ်ခွင့်ရစေရန်လည်း ဖန်တီးပေးထားသည်။ အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင် ပညာတတ်အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံတွင် အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် အထက်တန်းအဆင့်ပညာကို သင်ကြားပြီး သူများဖြစ်နေသည်။ OECD နိုင်ငံများအတွင်းမှာပင် ၃၃ ရာခိုင်နှုန်းရှိသည်ဆိုသောကြောင့် အစ္စရေးက ပိုပြီးမြင့်သည်ဟုဆိုရမည်။
 
အဆင့်မြင့်ပညာရေးအဆင့်တွင် တက္ကသိုလ်ပေါင်းများစွာကို ပါဝင်ဖွဲ့စည်းထားသည်။ တက္ကသိုလ် မဟုတ်သည့် ပညာပေးရာ အဖွဲ့အစည်းများလည်း ရှိသေးသည်။ သာမန်ဘွဲ့များကို သူတို့နည်း၊ သူတို့ဟန်များဖြင့် လေ့ကျင့်သင်ကြားပေးကာ လက်မှတ်ထုတ်ပေးနေကြသည်။ ဒေသကောလိပ်များလည်းရှိပြီး မိမိတို့ကိုယ်စားပြု တက္ကသိုလ်များက သတ်မှတ်ပြဋ္ဌာန်း ပေးထားသည့် သင်ရိုးများအတိုင်း သင်ကြားပေးကြသည်။ အထက်တန်းကျောင်းအဆင့်ပြီးသူတိုင်း တက်ရောက်သင်ကြားနိုင်သည်။ ပညာရေးဆိုင်ရာစီမံခန့်ခွဲ မှုနှင့် သင်ကြားမှုများကို မိမိတို့ တက္ကသိုလ်အဖွဲ့ အစည်းများအလိုက် လွတ်လပ်ခွင့်ပေးထားသည်။ 
 
အဆင့်မြင့်ပညာရေးတွင် ကောင်စီတစ်ခု ဖွဲ့စည်းထားသည်။ အစ္စရေးနိုင်ငံမှ တရားဝင်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံတော်က ခန့်အပ်ထားသော အဖွဲ့ဝင် ၁၉ ဦးမှ ၂၅ ဦးအထိ ဖွဲ့စည်းနိုင်သည့် ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းကြီးလည်းဖြစ်သည်။ အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက ခန့်အပ်ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့် အပြည့်အဝပေးထားသည်။ ထိုအဖွဲ့သည် အစိုးရအပေါ် ပညာရေးဆိုင်ရာ အကြံပြုချက်များအား ပေးနိုင်ခွင့်လည်း ရှိသည်။ 
 
အဆင့်မြင့်ပညာရေးကောင်စီသည် ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလုပ်ဆောင်ရာ၌ မည်သည့် သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရမည်ဆိုခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာတို့တွင် မည်သို့စီမံ သုံးစွဲသင့်သည် ဆိုခြင်းများကို အစိုးရအား အကြံပေးရသည်။ စီမံကိန်းနှင့် ဘတ်ဂျက်ကော်မတီကို ကောင်စီ၏ အဖွဲ့ခွဲတစ်ခု အနေနှင့်ထားရှိပြီး အဆင့်မြင့်ပညာရေးဆိုင်ရာ ရန်ပုံငွေ ခွဲဝေသုံးစွဲမှုများကို မည်သည့်နေရာများတွင် သုံးစွဲသင့် ကြောင်း အကြံပြုတင်ပြရသည်။ အဆင့်မြင့်ပညာရေးအတွက် ဘတ်ဂျက်ကို သုံးစွဲရာ၌ ကမ္ဘာ့စံနှုန်းများအတိုင်း အချိုးညီစွာ ရရှိခံစားနိုင်ရေးများကို စနစ်တကျပြုစုတင်ပြပြီး သုံးစွဲကြလေ့ရှိသည်။ အဆင့်မြင့်ပညာရေးကဏ္ဍတွင် တက္ကသိုလ်များနှင့် ကောင်စီသည် အပြန်အလှန်နားလည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်လေ့ရှိသည့်အတွက်လည်း အဆင့်မြင့်ပညာရေးတွင် ဖွံ့ဖြိုးတိုးတက်မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။
 
အစ္စရေးနိုင်ငံတွင် တက္ကသိုလ်ပညာရေးကို လာရောက်လေ့လာပညာရှာကြသည့် အရွယ်များသည် အသက် ၂၀ နှင့် ၂၄ နှစ် အရွယ်များဖြစ်သည်။ သူတို့က စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အထက်တန်းပြီးကတည်းက စစ်ထဲဝင်နေကြရပြီး တည်ငြိမ်ရင့်ကျက်သည့်အရွယ်မှ တက္ကသိုလ်ကို ရောက်လာကြသည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် OECD နိုင်ငံများအတွင်း တက္ကသိုလ်တက်ရောက်သည့် လူငယ်များ၏အသက်ကို ဆန်းစစ်ရာတွင် အစ္စရေးနိုင်ငံမှ ကျောင်းသားများ၏ အသက်သည် အကြီးဆုံးဖြစ်သည်။ ဘွဲ့ရပြီး ပျမ်းမျှ အသက်မှာ ၂၇ နှစ်ဖြစ်နေသည်။
 
သူတို့ဘွဲ့ရပြီးမှ ဘဝကို စကြရသည်ဟုဆိုနိုင်သည်။ အထက်တန်းပြီးသည့်အခါ စစ်ထဲဝင်၊ စစ်တပ်က ထွက်သည့်အခါ ကျောင်းထဲဝင်နှင့် တကယ့်လက်တွေ့ဘဝကို ၂၇ နှစ်လောက်မှ ရောက်ကြသည်။ ထို့ကြောင့် ဘွဲ့လွန်ပညာရပ်များကို ဆက်ပြီး မလေ့လာကြသည်ကလည်း များသည်။ 
 
တက္ကသိုလ်များတွင် လက်ရှိသင်ယူနေကြသည့် ဘာသာရပ်များမှာ လူမှုရေးသိပ္ပံ၊ လူမှုရေးပညာ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် သင်္ချာဘာသာရပ်တွေက အများဆုံးဖြစ်သည်။ လက်တွေ့အသုံးချ သိပ္ပံဆိုင်ရာ ဘာသာရပ်များကို လေ့လာသူတွေကနည်းပါး လာကြောင်းလည်းတွေ့ရသည်။ 
 
အစ္စရေးတက္ကသိုလ်များတွင် Open University နှင့် Weizmann Institute တို့က လွဲပြီး Bachelor, Master, Doctoral Degrees များကို ပေးအပ်ချီးမြှင့်သည်။ တက္ကသိုလ်ရောက်လာသည့် ကျောင်းသား ၃၂ ရာခိုင်နှုန်းခန့် ကျောင်းပြီး ဘွဲ့ရသည်အထိ တက်သွားကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် အမြင့်ဆုံးဟုဆို နိုင်သည်။ 
 
အစ္စရေးနိုင်ငံလူနေမှုစနစ်တွင် အဆင့်မြင့်ပညာကို အလွန်အလေးထားပြီး တက္ကသိုလ်ဘွဲ့ရဆိုသည့် ဂုဏ်မျိုးကိုလည်း လေးစားတတ်ပါသည်။ ဂျူးတို့သည် စီးပွားရေးကိုသာ အလေးထားရှာနေကြသူများ ဖြစ်သည်ဟု ဆိုသော်လည်း ကော်လာဖြူလုပ်သားများကို ခေတ်သစ်တွင် တန်ဖိုးထား အလေးထားလာကြသည်။ လူငယ်တွေကို စနစ်ကျအောင်၊ စည်းကမ်းရှိအောင် ပြုပြင်ယူသည်။ ပြီးမှ ပညာကိုသင်ယူခိုင်းသည်။ အားလုံးကို သူ့နေရာနှင့်သူ ပုံစံကျအောင် မွေးထုတ်စီစဉ်ထားသည့် ပညာရေးစနစ်တစ်ခုသည် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရှိနေသည်မှာလည်း အဘယ်ကြောင့် ဖြစ်သနည်းဆိုခြင်းကို လေ့လာသင့်ပါသည်။ 
 

(Ref: The Times of Israel, Higher Education in Israel: Background & Overview, Jewish Virtual Library)
 source the voice 

 


Read times Last modified on Saturday, 26 January 2019 06:20
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.