Thursday, 03 January 2019 09:15

 

47067083_1610866555680717_508703678954209280_n.jpg

 

အခု Admin ပြောပြမယ့်အကြောင်းကတော့ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားလူငယ်တွေအတွက် အဓိကရည်ရွယ်ထားပါတယ်။

တက္ကသိုလ်တစ်ခုတည်းတော့လည်း မဟုတ်ပါဘူး၊

လုပ်ငန်းခွင်မဝင်မီ သင်တန်းတက်ရောက်နေဆဲ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု လေ့လာနေဆဲ လူငယ်တွေအားလုံးလည်း ပါဝင်ပါတယ်။

ဘာဖြစ်လို့ ဒီဆောင်းပါးရေးဖြစ်သွားသလဲဆိုတော့ Admin ကိုယ်တိုင် တက္ကသိုလ်တုန်းက ကျောင်းစာအပြင် ဘာမှမလုပ်ခဲ့မိတဲ့ အချိန်တွေအတွက် ပြန်ပြောင်းနှမြောမိလို့ ရေးဖြစ်သွားခြင်းပါ။

မှန်တာပြောရရင် ကျောင်းစာလည်း ကောင်းကောင်းတော့မလုပ်ခဲ့ပါဘူး။

“သူတောင်ဘာမှမလုပ်ခဲ့ဘဲနဲ့ ငါတို့လာပြီး ဆရာလုပ်နေတယ်” လို့ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။

ကျွန်တော့်မှာ ငါတော့မလုပ်ဘူး မင်းတို့လုပ်ကြလို့ ပြောနိုင်တဲ့ Right မရှိပါဘူး။

ဒါကြောင့် လိုပါကယူပြီး မလိုပါက ပယ်နိုင်တဲ့ အကြံပေးဆောင်းပါးသာဖြစ်ကြောင်း စကားပုလ္လင် ခံခြင်းပါ။

တကယ်တော့ တက္ကသိုလ်တက်နေတာ၊ ပညာလေ့လာသင်ယူနေကြတာဟာ တစ်နေ့လုပ်ငန်းခွင်ဝင်ဖို့အတွက်၊ ကိုယ့်ဘ၀ကိုယ်ကျောင်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။

ယနေ့ခေတ်ပညာရေးစနစ်ရဲ့ အားနည်းမှုက တစ်ကြောင်း၊ အချို့သော ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်ကြွစွာ ပါဝင်သင်ယူလေ့လာမှု အားနည်းတာက တစ်ကြောင်း

ကျောင်းပြီးလို့ ဘွဲ့ရတဲ့အခါ ဘာမှ သိပ်ပြီးတတ်မြောက်မလာတာတွေ တွေ့နေရပါတယ်။

ဘွဲ့လည်းရပြီဆိုတော့ အလုပ်လည်းရှာရော အဲဒီမှာ စပြီးတော့ ပြဿနာတွေ့ပါတယ်။

ဘာတွေဖြစ်သလဲဆိုရင် ကျောင်းသားတွေဘက်ကလည်း ‘ငါဘွဲ့ရပညာတတ်ကွ၊ ဘယ်နှနှစ်တောင် ပညာသင်လာတာ၊ ငွေဘယ်လောက်တောင်ကုန်ခဲ့တာ၊

ဘယ်လိုအလုပ်မျိုးရမှလုပ်မယ်၊ လစာဘယ်လောက်ရမှ လုပ်နိုင်မယ်’ ဆိုပြီး တင်းခံကြပါတယ်။

အလုပ်ခန့်မဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း ‘ဘာတွေဘာတွေ လုပ်တတ်ရမယ်၊

အတွေ့အကြုံ ဘယ်လောက်ရှိရမယ်၊ ဒါမှ အလုပ်ခန့်မယ်၊ ဒီလစာပေးနိုင်မယ်’ လို့ဆိုကြပါတယ်။

နှစ်ဘက်လုံးက မှန်တယ်လို့ဆိုရင်တောင် ရောင်းသူ၊ ဝယ်သူ သဘောတရားအရ ဝယ်သူကပဲ မှန်နေမှာပါ။

ဒီနေရာမှာ ကိုယ်က အလုပ်ရှာနေတဲ့သူဆိုရင် ကိုယ့်ရဲ့အရည်အချင်းနဲ့လုပ်အားကို ရောင်းချတာဖြစ်ပြီး၊ အလုပ်ရှင်က အဲဒါကို ဝယ်ယူတဲ့သဘော သက်ရောက်ပါတယ်။

ဒါဆို ဘယ်လိုလုပ်ကြမလဲ။ တက္ကသိုလ်ကဆင်းတာနဲ့ ကျွမ်းကျင်တဲ့အထိ သင်ပေးနိုင်တဲ့ ပညာရေးစနစ်ကို စောင့်မှာလား။

‘ဟုတ်ကဲ့ စောင့်ပါမယ်’ ဆိုတဲ့သူတော့ မရှိဘူးလို့ယူဆပါတယ်။

စနစ်ကလုပ်မပေးနိုင်ရင် ကိုယ်တိုင်လုပ်ယူရမှာပါ၊ ကိုယ့်ဘဝတက်လမ်း ကိုယ်တိုင်ဖောက်ရမှာပါ။

ကိုယ့်ဘဝအတွက် သူများလုပ်ပေးတာ စောင့်နေရတယ်ဆိုတာ ယုတ္တိမရှိပါဘူး။

စကားကြီး စကားကျယ်တွေပြောနေတာတော့မဟုတ်ပါဘူး၊ လေးနက်သွားစေချင်တဲ့သဘောနဲ့ပါ။

- ကျောင်းပြီးလို့ ကိုယ်ဝင်မဲ့လုပ်ငန်းခွင်နဲ့ သက်ဆိုင်ရာတွေ ကြိုတင်လေ့လာမယ်၊

- လူမှုရေးအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ကိုင်မယ်၊

- အသိပညာတိုးစေမဲ့ စာအုပ်စာပေတွေဖတ်မယ်၊

- အားကစားလိုက်စားမယ်၊

- ဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်မယ်၊

- အချိန်ပိုင်းအလုပ်တွေ ဝင်လုပ်မယ်၊

- Volunteer အလုပ်တွေဝင်လုပ်မယ်၊

- ဘာသာစကားတွေလေ့လာမယ်၊

- မရောက်ဖူးတဲ့နေရာဒေသတွေ ခရီးသွားမယ် စသည်ဖြင့် လုပ်စရာတွေကတော့ တပုံတပင်ပါ။ ကိုယ်နဲ့ကိုက်ညီရာတော့ ရွေးလုပ်ရမှာပါ။

တစ်ရက်ကို အချိန် (၁၀) မိနစ်ပေးရင် တစ်နှစ်ဆိုရင် (၃၆၅၀) မိနစ်၊ လေးနှစ်ဆိုရင် (၁၄၆၀၀) မိနစ် ရှိပါတယ်။

နာရီနဲ့ပြောမယ်ဆိုရင် (၂၄၃) နာရီရှိပါတယ်။ (ပုံမှန်ဘွဲ့တစ်ခုရဖို့ အနည်းဆုံး (၄) နှစ်တက်ရပါတယ်)။

အဲဒီကြာချိန်ဟာ..

- အင်္ဂလိပ်စာသင်တန်းဆိုရင် (၄) တန်းလောက်တက်လို့ပြီးပါတယ်၊

- Computer သင်တန်းဆိုရင် (၄) တန်းလောက်တက်လို့ပြီးပါတယ်၊

- Marketing, HR, Business Administration စတဲ့ Diploma တန်းတွေ (၄) ခုလောက်ပြီးပါတယ်၊

- Engineering သင်တန်းတွေ (AutoCAD, Revit, M&E) စတဲ့သင်တန်းတွေကို ကောင်းကောင်းပြီးမြောက်တတ်ကျွမ်းနိုင်တဲ့အချိန်ဖြစ်ပါတယ်။

မြင်လွယ်ပြီး လူသိများတဲ့ သင်တန်းတွေနမူနာပေးလိုက်တာဖြစ်ပါတယ်။

တစ်ရက် (၁၀) မိနစ်လေး အချိန်ပေးတာနဲ့ အကြမ်းဖျင်းတွက်ကြည့်တာပါ။

တစ်ခုခုကို လုပ်ငန်းခွင်ဝင်နိုင်တဲ့ Level အထိရောက်အောင် လုပ်ထားလို့ရပါတယ်။

တကယ်လို့ ကိုယ်က တစ်ရက် (၁) နာရီသာအချိန်ပေးမယ်ဆိုရင် အဲဒါတွေထက် (၆) ဆ ပိုလုပ်နိုင်မှာပါ။

ကိုယ်အချိန်ပေးသလောက် ကိုယ့်အတွက်ကျန်မှာပါ။

တက္ကသိုလ်တက်တုန်း၊ ကျောင်းတက်တုန်းကတော့ သူလိုကိုယ်လို သူငယ်ချင်းတွေ လည်ပင်းဖက်ပေါင်းကြနဲ့ အတူတူပဲ။

မြန်မာဇာတ်ကားထဲစာတန်းထိုးလိုက်သလို (၄) နှစ်ခန့်ကြာသော်… ကျောင်းလည်းပြီးရော မတူတော့ဘူးဖြစ်ရော။

ဘာသာစကားလေ့လာတဲ့သူက ဘာသာစကားတစ်ခုခု တတ်ကျွမ်းနေပြီ၊

ကိုယ်ကတော့ ‘မိုင်နိမ်းအစ်မောင်ဘ၊ မိုင်ဖားသားနိမ်းအစ် ဦးဘ’ ကနေ မတက်သေးဘူး ….

အဖွဲ့အစည်းတွေမှာပါဝင်တဲ့သူတွေ၊ Volunteer လုပ်ခဲ့တဲ့သူတွေ၊ အချိန်ပိုင်းအလုပ်လုပ်ခဲ့တဲ့သူတွေက မိတ်ဆွေတွေ၊ အဆက်အသွယ်ကောင်းတွေရနေပြီ၊

အလုပ်အတွေ့အကြုံတွေရနေပြီ၊ ကိုယ်က ဘာမှမရှိသေး …

လုပ်ငန်းခွင်သုံးပညာရပ်တွေ လေ့လာထားတဲ့သူတွေက လုပ်နည်းကိုင်နည်းလေး နည်းနည်းလောက်ပြပေးတာနဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်နေပြီ၊

ကိုယ်က ဟိုဟာလည်းမသိ ဒီဟာလည်းမလုပ်တတ်ဖြစ်နေတုန်း။

ရှေ့ရေးကို သေသေချာချာလေး ကြိုတွေးပြီး နည်းနည်းလောက်ဖြစ်ဖြစ် ပူပန်ကြစေလိုပါတယ်။

အဲဒီအချိန်ကျမှ နောင်တရရင် အနည်းဆုံးသူများထက် (၄) နှစ်စာ နောက်ကျနေပါပြီ။

မနည်းပြန်လိုက်ရပါမယ်။ အဲဒီလိုနောင်တမျိုးလည်း ဘယ်သူမှ မရချင်ကြဘူးလို့ထင်ပါတယ်။

လူငယ်တွေ ခေါင်းမော့ပြီး ရင်ကော့နိုင်ကြပါစေ…

Credi; mahawthadahr


Read 93 times Last modified on Friday, 15 March 2019 07:10
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.