Wednesday, 09 August 2017 05:17

MYEA
ယနေ့ခေတ်မှာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်လမ်းတွေ ပိုမိုများပြားလာပါတယ်။ တချို့သော လူငယ်တွေဟာ စွန့်စားမှုကို ကြိုက်နှစ်သက်ကြပါတယ်။ သူတို့မှာ တီထွင်ဖန်တီးလိုစိတ်၊ ကြိုးစားလိုစိတ်၊ အောင် မြင်လိုစိတ်တွေ ရှိကြပါတယ်။ ဒါပေမယ့် အခုလို ရည်ရွယ်ချက်ကြီးမားတဲ့ စွန့်ဦးလူငယ်တွေအတွက် အခက်အခဲတွေကလည်း ရှိနေပါတယ်။ အဲဒါကတော့ စွန့်ဦးလူငယ်တွေမှာ သူတို့လုပ်ချင်တဲ့ အိုင်ဒီယာတွေ၊ နည်းပညာတွေ ရှိပေမယ့်လည်း သူတို့မှာ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးအခက်အခဲတွေ ရှိနေကြတာပါပဲ။

ဒီလို ကြိုးစားလိုစိတ်ရှိတဲ့ လူငယ်တွေကို မြေတောင်မြှောက်ပေးနေတာကတော့ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) ပဲ ဖြစ်ပါတယ်။ MYEA ဟာ စွန့်ဦးတီထွင်လုပ်ကိုင်လိုတဲ့ လူငယ်တွေကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပေးတဲ့အပြင် ရင်းနှီးမြှုပ်နှံမှုကို စနစ်တကျ ဖြစ်စေဖို့ သင်တန်းတွေလည်း ပေးနေတာပါ။ MYEA ရဲ့ ရည်ရွယ်ချက်က လူငယ်တွေရဲ့အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့နဲ့ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်နေတဲ့ လူငယ်တွေကိုလည်း ဆက်လက်ကူညီပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ "ကျွန်မတို့ အသင်းအနေနဲ့ လူငယ် စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေ စွန့်ဦးလုပ်ငန်းတွေကို ပိုမိုလုပ်နိုင်စေဖို့နဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေအတွက် မြန်မာနိုင်ငံရဲ့ တက်ကြွပြီး ထိရောက်တဲ့ စွန့်ဦးတီထွင်မှု ဝန်းကျင်တစ်ရပ်ကို ဖန်တီးတဲ့နေရာမှာ ထိရောက်တဲ့အားပေးမှုတွေ အထောက်အကူတွေ ပေးဖို့ကို ရည်ရွယ်ပြီး ဖွဲ့စည်းထားတာပါ" လို့ MYEA ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်မေသက်ခိုင်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ စွန့်ဦးတီထွင်လိုစိတ်ရှိတဲ့ လူငယ်တွေကို မြေတောင်မြှောက်ပေးတာတွေ၊ ကူညီဆောင်ရွက်ပေးတာတွေ၊ သင်ကြားပြသပေးတာတွေ၊ မြန်မာနိုင်ငံက လူငယ်တွေကို အခြေပြုတဲ့ နိုင်ငံတကာအသိအမှတ်ပြု အသင်းကြီးတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ကို ကြိုးပမ်းဆောင်ရွက်နေပါတယ်။
အစ်မတို့ အသင်းအနေနဲ့က အိုင်ဒီယာလည်း ရှိမယ်၊ ကိုယ်လုပ်မယ့်လုပ်ငန်းကို သေချာလည်းသိမယ်၊ ဒီလို လူငယ်တွေကို ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ ချိတ်ဆက်ပေးတယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုလည်း စနစ်တကျ ဖြစ်အောင် ထရိန်နင်တွေလည်း ပေးပါတယ်" လို့ ဒေါ်မေသက်ခိုင်က ပြောပါတယ်။
MYEA အနေနဲ့ နောက်ပိုင်းမှာလည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို လက်တွေ့ သင်တန်းတွေနဲ့ အထူးကျွမ်းကျင်မှု သင်တန်းတွေပေးဖို့အတွက် (Education Center) ကိုလည်း ဆောင်ရွက်နေပါတယ်။ အဲဒီ သင်တန်းတွေမှာ အကြံဥာဏ်အတည်ပြုတာတွေ၊ စီးပွားရေးလုပ်ငန်း စတင်တာတွေ၊ စီးပွားရေးလုပ်ငန်းအတွက် လက်တွေ့ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။
MYEA ကို ၂၀၁၂ခုနှစ်က အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှာ တရားဝင် မှတ်ပုံတင်ပြီး တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် MYEA အသင်းဟာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းပွဲများစွာကို ဦးစီးဦးဆောင်အဖြစ် ကျင်းပနိုင်ခဲ့ပါပြီ။ MYEA ရဲ့ စွန့်ဦးတီထွင်မှု ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အသိပညာ၊ အဆက်အသွယ်ကောင်းတွေနဲ့ ကျယ်ပြန့်စွာ ချိတ်ဆက်ရယူနိုင်မှု၊ မဟာဗျူဟာကျတဲ့ အစီ အစဉ်တွေ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ကိုယ်တိုင် အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အခြေခံ ကောင်းတွေက မြန်မာနိုင်ငံရဲ့ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်စေဖို့ များစွာ အထောက်အကူပြုပေးနေမှာပဲ ဖြစ်ပါတယ်။

ဖူးပွင့်သူ
Read More About Education Articles Here


Read 371 times Last modified on Wednesday, 09 August 2017 05:31
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.