Thursday, 10 October 2019 06:43

22278658-1990880017856659-1303638960-n.jpg
ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း အဝလွန်၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါတွေ မိမိကိုယ်မှာ စွဲကပ်လာနိုင်ပါတယ်။

စက်ဘီးနင်းတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ အေရိုးဗစ်ကစားတာ၊ Gym ဆော့တာ၊ ယောဂကျင့်တာ စသဖြင့် ကိုယ်လက်လှုပ်ရှားမှုတွေ အမျိုးမျိုးရှိတဲ့ထဲက စက်ဘီးနင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ လူအများစုအတွက် အသင့်တော်ဆုံး ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စက်ဘီးနင်းတာက Gym ဆော့တာ၊ ယောဂကျင့်တာ၊ အေရိုးဗစ်ကစားတာ တို့လို နည်းစနစ်တွေများစွာ တတ်ကျွမ်းဖို့ မှတ်သားနေဖို့ မလိုဘဲ စက်ဘီးနင်းတတ်ရုံနဲ့တင် ရပါတယ်။

ကလေးငယ်လေးတွေကနေ အသက်ကြီးတဲ့သူတွေအထိ လုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းလမ်းတခုဖြစ်ပြီး တခြားကိုယ်လက်လှုပ်ရှားမှုတွေနဲ့စာရင် ခန္ဓာကိုယ်မှာ ဒဏ်ဖြစ်တာနည်းပါတယ်။ ဒါကြောင့် စက်ဘီးနင်းခြင်း ပြုလုပ်ပါက ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်ရှိ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ခြင်း

စက်ဘီးနင်းတာဟာ တခြားလေ့ကျင့်ခန်းတွေထက်စာရင် ကယ်လိုရီပမာဏလောင်ကျွမ်းနိုင်မှု ပိုများပါတယ်။ပုံမှန်အရှိန်နဲ့ နင်းမယ်ဆိုရင် နာရီဝက်လောက်နဲ့ ခန္ဓာကိုယ်ရှိ ကယ်လိုရီ ၂၆၀ ပမာဏလောက်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ အားစိုက်နင်းမယ်ဆိုရင် ဒီထက်ပိုများတဲ့ ကယ်လိုရီပမာဏကို ပိုလောင်ကျွမ်းစေနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

စက်ဘီးနင်းခြင်းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့အဆီဓါတ်ကို လျော့ကျစေပြီး ကောင်းတဲ့အဆီဓါတ်ပမာဏကို တိုးမြင့်လာစေနိုင်တာကြောင့် သွေးကြောကျဉ်းတာတွေ ဖြစ်နိုင်ခြေနည်းလာကာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါ့အပြင် နှလုံးရဲ့ သွေးညှစ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း သိရပါတယ်။

၃။ တင်ပါး၊ ပေါင်၊ ခြေသလုံးကြွက်သားများ ကျစ်လျစ်တောင့်တင်းသန်မာစေခြင်း

စက်ဘီးနင်းခြင်းဖြင့် တင်ပါး၊ ပေါင်၊ ခြေသလုံးကြွက်သားတွေကို ကျစ်လျစ်တောင့်တင်းလာစေနိုင်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို သန်မာအခြေခိုင်စေနိုင်ပါတယ်။ Gym ဆော့ရာမှာ အောက်ပိုင်းထိုင်တဲ့ လေ့ကျင့်ခန်းမလုပ်ချင်သူများအနေနဲ့ စက်ဘီးနင်းနိုင်ပါတယ်။

၎။ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်း

စက်ဘီးနင်းခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေ ထွက်တဲ့ပမာဏနဲ့ ထွက်တဲ့အချိန်တွေကို ညီညွတ်မျှတစေရန် အထောက်အကူပေးနိုင်တာကြောင့် ညအိပ်ရာဝင်တဲ့အခါ မျက်စိကြောင်နေတာ အိပ်မရတာမျိုးတွေမဖြစ်စေဘဲ နှစ်ခြိက်စွာ အိပ်ပျော်စေနိုင်ကြောင်း သိရပါတယ်။

၅။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း

စက်ဘီးနင်းခြင်းဟာ ကိုယ်ခန္ဓာရှိသွေး၊ လေ လှည့်ပတ်မှုကို ကောင်းစေနိုင်ပြီး သွေးဖြူဥတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲ့အခါမှာ ကိုယ်ခံအားစနစ်စွမ်းရည်က မြှင့်တက်လာကာ အလွယ်တကူ ဖျားနာခြင်း၊ အအေးမိခြင်းတွေမှ ကာကွယ်ပေးနိုင်ပါတယ်။

၆။ စိတ်ဖိစီးမှုတွေကို သက်သာစေခြင်း
ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာဟာ Adrenaline နဲ့ Endorphin ဟော်မုန်းတွေ ထွက်လာအောင် အထောက်အကူပေးနိုင်ပြီး စိတ်ဖိစီးမှုတွေ စိတ်ဓါတ်ကျမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ တခြားလေ့ကျင့်ခန်းတွေလို နေရာကျဉ်းမှာ လုပ်ရတာမဟုတ်ဘဲ မြို့ပြင်ထွက်နင်းတာ၊ တောင်တက် တောင်ဆင်းနင်းတာတွေ လုပ်နိုင်တာကြောင့် ရှုခင်းတွေ၊ လတ်ဆတ်တဲ့လေတွေကို ခံစားနိုင်ပြီး စိတ်ကိုပိုပျော်ရွှင်စေနိုင်ပါတယ်။


Read times Last modified on Thursday, 10 October 2019 07:51
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.