Tuesday, 27 August 2019 10:40

 

Pre-journey_checks.jpg

မိမိရဲ့ ကိုယ်ပိုင်ကားနဲ့ ခရီးဝေးသွားတော့မယ်ဆိုရင် သတိမမူ ဂူမမြင် မဖြစ်ရလေအာင် ဒါလေးတွေ ဆောင်သွားပါ။

(၁) စပယ်ယာဘီး

ကားစဝယ်ကထဲက တာယာကောင်းကောင်း ထည့်ထားပြီးလို့ စိတ်ချလက်ချနေလိုက်တယ်။ စပယ်ယာဘီးနဲ့တကွ အထောက်အကူပြု ကိရိယာများ ဘယ်နားထားလဲ မသိဘူးဆိုရင် လမ်းမှာ ခဲဆူး သံဆူးလို့ ဘီးလဲမယ်ဆိုရင် ရှာမတွေ့ ဖြစ်နေတတ်ပါတယ်။ Belta နဲ့ Vitz တွေမှာဆိုရင် ဂျိုက်ဂေါက်ဟန်ဒယ်က ဒရိုင်ဘာနဲ့ကပ်လျက် ထိုင်ခုံ အောက်မှာ ထားပါတယ်။

Honda ကားသေးများကတော့ ဝယ်ထဲက မပါပါဘူး။ အားမကိုးရတဲ့ ဆေးဗူးနဲ့ လေထိုးဗူးပဲ ပါပါတယ်။ ဘီးအပို ဆောင်သွားကြတယ် ဆိုရင်လဲ တစ်ခါမှ လေမချိန်ထားလို့ လေက ပြားနေတတ်ပါတယ်။ ဒီအခြေအနေဟာ ငွေမရှိတဲ့ ဘဏ်စာအုပ်လိုပါပဲ။ Spare Wheel ကို လေထိုးထားပါ။

(၂) Car Key နဲ့ Key battery

ခုခေတ် ကားသော့အားလုံးက စတိုင်ကျတယ်။ စမတ်ကျတယ်။ ဒါပေမယ့် သူတို့ ဒုက္ခပေးရင် စတိုင်ပျက်ရုံမက ချွေးပါထွက်သွားပါမယ်။ တံခါးဖွင့်မရ စက်နှိုးမရ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက သော့အပို တစ်ချောင်းကို လူနဲ့ထပ်ချပ်မကွာ ဆောင်ထားပါ။

ခရီးဝေးသွားလို့ သယ်ရတဲ့ အိတ်တွေကများ၊ စိတ်အာရုံတွေလည်းများတော့ ဟိုထဲထည့်မိလား ဒီထဲထည့်မိလား မေ့များကျန်ခဲ့ပီလား ခါးချိတ်မိလို့ ကျပျောက်သွားပြီလား ? ကားနောက်ဖုံး ဖွင်တဲ့အချိန် သော့ကို ပါးစပ်မှာကိုက်/ လက်မှာကိုင်ထားမှန်းမသိပဲ နောက်ဖုံးထဲကျမိပြီး အဖုံးကိုမေ့ပြီး ပိတ်မိတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကားရပ်ပီး အာရုံနောက်မယ့်အချိန်မှာ ဒရိုင်ဘာမှန်တံခါး တစ်ဝက်ဖွင့်ထားပါ။

>>> ကားဘက်ထရီနှင့် အပိုပစ္စည်း ပြုပြင် ရောင်းဝယ်ရေး လုပ်ငန်းများ

(၃) Fuse အပိုနဲ့ ပလာယာနှုတ်သီးချွန်

အမြဲတန်း မလွဲမသွေ Fuse အရောင်စုံ ဆောင်ထားပါ။ Amp No. အမျိုးမျိုးမို့ လိုအပ်လို့ လဲတဲ့အခါ နှုတ်ချွန်ပလာယာပါမှ လဲလို့ အဆင်ပြေမှာပါ။ ကားကထည့်ပေးထားတဲ့ ပလပ်စတစ်ဇာဂနာက သိပ်အဆင်မပြေပါဘူး။ EFI Fuse လေးပြတ်ရုံလောက်နဲ့ ပြန်ထည့်လိုက်တာနဲ့ ဒေါက်ဝီးပါ။

(၄) Pressure Cap

ရေတိုင်ကီ အဖုံးအပိုတစ်ခုကတော့ ဆောင်သွားရင် အကောင်းဆုံးပါ။ မူရင်းအဖုံးမို့ စိတ်ချရတယ်မထင်ပါနဲ့။ အဖုံးထဲက သားရေနဲ့ စပရိန်က ဇရာကိုင်နေပါပြီ။ အထုတ်နဲ့အစုပ်ထဲက တစ်လိုင်းအောက်သွားရင် အမြင်မှာ ရေလုံနေပေမယ့် လိုအပ်တဲ့အချိန်မှာ ရေပြန်ဗူးထဲကို ပြန်မဝင်တော့ပါဘူး။ မကြာခင် ရေပြန်ဗူး ရေလျော့သွားပါလိမ့်မယ်။

(၅) Battery Jump Cable

ဘက်ထရီထောက်ကြိုး နီ/နက် ကို လုံးဝဆောင်သွားသင့်ပါတယ်။ အော်တိုဂီယာကား အများဆုံးမို့ အဆင်မပြေတဲ့ကားကို ကိုယ်ကကူညီနိုင်ရင် ကုသိုလ်ရပါတယ်။

(၆) Refill Engine Oil

အင်ဂျင်ဆိုတာ အကြောင်းတစ်ခုခုကြောင့် မီးခိုးထွက်မပြပဲ အင်ဂျင်ဝိုင်လျော့တတ်ပါတယ်။ ရသေးတာပဲဆိုပြီး ဆက်မမောင်းပါနဲ့။ လမ်းတွေ့မှ ဝယ်ထည့်မယ် ဆိုပေမယ့် ဝယ်မရရင် ဒုက္ခရောက်ပါလိမ့်မယ်။

>>> ပထမဆုံးအကြိမ် ခရီးသွားမယ်ဆိုရင် ဘာတွေ ပြင်ဆင်သွားသင့်လဲ

(၇) ပန်ကာကြိုး (Belt ကြိုး) စစ်သွားပါ

နောက်ဆုံး အရေးအကြီးဆုံးမှာချင်တာ ပန်ကာကြိုးလို့ခေါ်တဲ့ အင်ဂျင်အပြင်ဘက်က ပူလီအားလုံးကို စလွယ်သိုင်းထားတဲ့ လိုင်းစိတ်လေးများစွာနဲ့ Belt ကြိုးဟာ အပိုဆောင်သွားလည်း လမ်းမှာလဲဖို့ မလွယ်ပါ။ လဲတတ်တယ်ထားအုံး Third Party ကထုတ်တဲ့ ကြိုးတွေဟာ ရေးတော့တစ်မျိုး လုပ်တော့တစ်မျိုးပါ။ အတိမ်းအစောင်း နဲနဲရှိပါတယ်။ ဒါကြောင့် အင်ဂျင်ပူလီ သားရေကြိုးကို အထူးစစ်ဆေးသွားပါ။

ဆောင်သင့်တာတွေ အများကြီးရှိပေမယ့် ဖြစ်တတ်တာလေးတွေကို ဦးစားပေးဖေါ်ပြပေးလိုက်ပါတယ်။

Original Writer


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.