Friday, 11 January 2019 09:10

160629105940_1_540x360.jpg

အလုပ်ကြိုးစားတိုင်းအိုကေမယ် ထင်လို့လား

ကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေကို ငါ ပြောပြချင်တာ တစ်ခု ရှိတယ်။ မင်းတို့ဟာ အလုပ်ကြိုးစားလုပ်ရင် ရာထူးတက်မယ်၊ လစာတိုးမယ်လို့ ထင်နေကြတယ် မဟုတ်လား။ အဲဒါ မမှန်ဘူးကွ။

ဘာကြောင့် မမှန်သလဲဆိုတာကို ငါ ကြားဖူးတဲ့ ပုံပြင်လေးတစ်ခုနဲ့ ရှင်းပြပါမယ်။

ဒီလိုကွာ။ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာပါ။ ၀န်ထမ်းက ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။

ဝန်ထမ်းတစ်ယောက်ဟာ အလုပ်ချိန်မှာ ဘာမှ မလုပ်ဘဲ သူ့စားပွဲမှာပဲ ထိုင်ပြီး ငေးနေ တွေးနေ အိပ်ငိုက်နေတယ်။ အဲဒါ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် နေ့စဉ်လိုလို ဖြစ်နေတယ်။ တခြားဝန်ထမ်းတွေကတော့ အလုပ်ကို ကြိုးစားလုပ်နေကြတယ်။ သူတို့ဟာ အလုပ်မလုပ်ဘဲ ထိုင်ငိုက်နေတဲ့ ၀န်ထမ်းကို မကြည်ကြတော့လို့ ကုမ္ပဏီပိုင်ရှင်ကို သူ့အကြောင်း သွားတိုင်ကြတယ်။

ကုမ္ပဏီပိုင်ရှင်ဟာ သူတို့ပြောတာတွေကို သေချာနားထောင်နေပြီး ရုတ်တရက် သူတို့ကို ခုလို မေးခွန်းတစ်ခု မေးလိုက်တယ်။

- “ဒါနဲ့ သူ အဲဒီလို ဘာမှမလုပ်ဘဲ ထိုင်ငိုက်နေတာ ဘယ်လောက်ကြာပြီလဲ”

တိုင်တဲ့ ၀န်ထမ်းတွေထဲက တစ်ယောက်က ခုလို ပြန်ဖြေတယ်။

- “သီတင်းပတ် အတော်ကြာနေပြီ ဆရာ။ သူဟာ ဘာအလုပ်တစ်ခုမှကို မလုပ်ဘဲ ထိုင်ငိုက်နေတယ်။ ကျွန်တော်တို့ကတော့ အလုပ်တွေကို ကြိုးစားလုပ်နေကြတယ်။ အဲဒါ မတရားဘူး ခင်ဗျ”

ပိုင်ရှင်က ခုလို ပြန်ပြောလိုက်တယ်။

- “အော် ဟုတ်လား။ အေး မင်းတို့ အလုပ်လုပ်ရင် အသံမထွက်အောင် လုပ်ကြ။ သူ့အနားမှာ စကားပြောရင်လည်း တိုးတိုးတိတ်တိတ် ပြောကြ။ သူငိုက်နေတာကို အနှောင့်အယှက် မဖြစ်ကြစေနဲ့။ နောက်ပြီး သူ ကော်ဖီသောက်ချင်တယ်ဆိုရင် ကော်ဖီဝယ်ပေးလိုက်ကြ။ သူ ဗိုက်ဆာတယ် ပြောရင် သူစားချင်တာကို ၀ယ်ပေးလိုက်ကြ။ အိုကွာ၊ သူ လိုချင်တာ ဘာဖြစ်ဖြစ် ရအောင် လုပ်ပေးလိုက်ကြ။ မင်းတို့ ငါပြောတာကို နားလည်တယ်နော်”

သူ့စကားကို ကြားတဲ့ ၀န်ထမ်းတွေဟာ မကျေမနပ်ဖြစ်သွားကြတယ်။ ဒါပေမဲ့ ကုမ္ပဏိပိုင်ရှင်ဆိုတော့ ပြန်မပြောရဲကြဘူး။ ကုမ္ပဏီပိုင်ရှင်လည်း ၀န်ထမ်းတွေ မကျေမနပ် ဖြစ်သွားတယ်ဆိုတာကို ရိပ်မိလို့ ခုလို ရှင်းပြလိုက်ပါတယ်။

- “ငါ ပြောတာ အကြောင်း ရှိပါတယ်။ သူ အရင်ကလည်း အဲဒီလိုပဲ ရက်အတော်ကြာကြာ အိပ်ငိုက်ခဲ့ဖူးတယ်။ အဲဒီလို ဖြစ်ပြီး သိပ်မကြာခင်မှာ သူက ငါ့ကို ပစ္စည်းတစ်မျိုးကို ထုတ်ဖို့ အကြံပေးတယ်။ သူပေးတဲ့ အကြံအတိုင်း ငါ ပစ္စည်းထုတ်လိုက်တာ ပစ္စည်းတွေ အရမ်းရောင်းရလို့ ငါတို့ကုမ္ပဏီ အရမ်းကြီးပွားသွားခဲ့တယ်။ ဒါကြောင့် သူ့ကို မနှောက်ယှက်ကြနဲ့လို့ ငါ သတိပေးတာနော်”

ဒီပုံပြင်လေးက ဘာကို ပြောချင်တာလဲ။ မင်းတို့ အလုပ်ကို ဘယ်လောက်ပဲ ကြိုးစားပြီး သေအောင်ပဲ လုပ်လုပ်ပါ၊ ကုမ္ပဏီအတွက် ၀င်ငွေတိုးစေတာ မဟုတ်ရင် မင်းတို့ Boss က ကြိုက်မှာ မဟုတ်ဘူး။ အလုပ်ကို သိပ်ကြိုးစားမလုပ်ပေမယ့် ကုမ္ပဏီကို ၀င်ငွေအများကြီး ရအောင် လုပ်ပေးနိုင်သူကို Boss က ဖူးဖူးမှုတ်ထားမှာ သေချာပါတယ်။

မင်းတို့ အခု ငါပြောတာကို ကြိုက်ကြိုက် မကြိုက်ကြိုက်၊ သဘောတူတူ မတူတူ၊ ကုမ္ပဏီတွေမှာ ဖြစ်နေတာ အဲဒီအတိုင်းပဲဆိုတာ နားလည်ထားကြပါ။

အေး အကြံကောင်းရချင်ရင်တော့ စာများများ ဖတ်ရမယ်။

ဗန်းမော်သိန်းဖေ


Read 64 times Last modified on Friday, 11 January 2019 09:38
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.