Friday, 28 December 2018 06:49

လက်ဝှေ့သမားတစ်ယောက် ကြိုးဝိုင်းထဲကို ဝင်လိုက်ပြီဆိုရင် သူဟာ စွန့်စားမှုတွေ အများကြီး လုပ်လိုက်ပါတယ်။

သူဟာ သူ့ထက် လူကောင်ပိုကြီးပြီး ပိုအကြမ်းခံ ပိုကျွမ်းကျင်တဲ့ ပြိုင်ဘက်နဲ့ ထိုးသတ်ရနိုင်တယ်။

သူဟာ ပြိုင်ဘက်ရဲ့ လက်သီးထိုးချက်တွေကို အများကြီး ခံရနိုင်တယ်။

သူဟာ မေးရိုးကို ထိထိမိမိ အထိုးခံလိုက်ရလို့ ကြမ်းပြင်ပေါ် မှောက်ကျသွားနိုင်တယ်။

သူဟာ ပွဲကြည့်ပရိသတ်ရဲ့ လှောင်ပြောင်တာကို ခံရနိုင်တယ်။

သူဟာ ကြိုးဝိုင်းထဲကနေ အရှုံးသမားအဖြစ် ထွက်ခွာလာရမယ်။

သူ အဲဒါတွေကို မကြောက်ဖူးလား။ ကြောက်တာပေါ့။ ဒါကြောင့်လည်း ကြိုးဝိုင်းထဲကို မဝင်ရအောင် သူ့ကိုယ်သူ ဆင်ခြေတွေ အမျိုးမျိုးကို ပေးနေတယ်

ဒါပေမဲ့ သူဟာ ကြိုးဝိုင်းထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လဲ။ ကြိုးဝိုင်းထဲကို မဝင်ရင် သူ ဒါတွေကို ရမှာ မဟုတ်ဘူးဆိုတာကို သိနေတယ်။ ဘာတွေလဲ။

သူ ကြိုးဝိုင်းထဲ ဝင်လိုက်ပြီးရင် သူဟာ အရင်လူ မဟုတ်တော့ဘူး။ သူဟာ အနိုင်ရပြီး ဆုတွေ ရနိုင်တယ်။ အရှုံးနဲ့ ကြုံတွေ့ပြီး ခံနိုင်ရည်ရှိလာမယ်။ ဇွဲရှိလာမယ်။ သတ္တိကောင်းလာမယ်။

အနိုင်၊ အရှုံး၊ သရေ ဘာရလဒ်ပဲ ရရ - သူဟာ ပွဲပြီးချိန်မှာ တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်နေပြီး မျက်နှာတစ်ခုလုံးလည်း ဖူးရောင်နေမှာပါ။

အနိုင်၊ အရှုံး၊ သရေ ဘာရလဒ်ပဲ ရရ - သူဟာ တစ်ခါမှ ကြိုးဝိုင်းထဲ မဝင်ဖူးသူထက် အတွေ့အကြုံမှာ သာသွားမှာပါ။

အနိုင်၊ အရှုံး၊ သရေ ဘာရလဒ်ပဲ ရရ - ကြိုးဝိုင်းထဲက ခြေကုန်လက်ပန်းကျပြီး ထွက်လာခဲ့ရမှာပါ။ ဒါပေမဲ့ ပွဲတာနဲ့ သူဟာ နောက်တစ်ပွဲ ထိုးသတ်ဖို့ကို စိတ်ထဲမှာ ပြင်ဆင်နေပါတယ်။

ကြိုးဝိုင်းထဲမှာ အလုပ်မဖြစ်ရင် လူတွေ သူ့ကို လှောင်ပြောင်ကြမယ်။ ကံမကောင်းရင် သူ တစ်ချီတည်းနဲ့ နောက်ကောက်ထိုးကျပြီး ဆေးရုံရောက်သွားနိုင်တယ်။ ဒါပေမဲ့ သူဟာ ကြိုးဝိုင်းထဲမှာ ဆက်နေတယ်။

မင်းကိုလည်း အကြံပေးလိုက်မယ်။ 'ဘဝ'မှာ အောင်မြင်ချင်ရင် သူ့လို သတ္တိရှိပါ။ စွန့်စားလိုက်ပါ။ ဘဝဆိုတဲ့ ကြိုးဝိုင်းထဲကို ဝင်လိုက်ပါ။

အဲဒါ မင်းကို ပြိုင်စေချင်လို့ မဟုတ်ဘူး။ အောင်မြင်မှုရချင်ရင် ပြိုင်ကို ပြိုင်ရမှာမို့ပါ။

ပြိုင်ပွဲဟာ လွယ်လို့ အကြံပေးတာ မဟုတ်ပါဘူး။ ပြိုင်ဖို့ လိုကို လိုအပ်လို့ပါ။

မင်းအနေနဲ့ စွန့်စားတာကို သဘောကျလို့ လုပ်ရမှာ မဟုတ်ဘူး။ မစွန့်စားရင် မဖြစ်လို့ပါ။

စွန့်စားပြီး ရတဲ့ အတွေ့အကြုံ အရသာတွေကို ခံစားချင်ရင် ကြိုးဝိုင်းထဲ ဝင်လိုက်ပါ။ ဒါဆိုရင် မင်းဟာ ထူးခြားသူတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ ၉၉ ရာခိုင်နှုန်းသော လူတွေဟာ ကြိုးဝိုင်းထဲ မဝင်ရဲကြဘဲ အပြင်ကနေ လှောင်ပြောင်နေကြတဲ့ ဝေဖန်နေကြတဲ့ ဒါမှမဟုတ် အေးအေးဆေးဆေး ထိုင်ကြည့်နေကြတဲ့ ပွဲကြည့်ပရိသတ်တွေ ဖြစ်နေကြလို့ပါ။

သူတို့ဟာ မင်းလို စွန့်စားပြီး ရတဲ့ ဘဝအတွေ့အကြုံကို ဘယ်တော့မှ ရကြမှာ မဟုတ်ပါဘူး။ ဘဝကြမ်းကြမ်းရဲ့ အရသာတွေကို မြည်းစမ်းဖူးကြမှာ မဟုတ်ကြဘူး။

အဲဒါ စွန့်စားခြင်းရဲ့ အရသာပါ။ မစွန့်စားရဲရင် ဒီအရသာကို မသိနိုင်ပါဘူး။

source;ဗန်းမော်သိန်းဖေ


Read 64 times Last modified on Friday, 28 December 2018 07:36
Rate :
(5 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.