Friday, 13 October 2017 05:45

    money rain
    ငွေကြေး ကုံလုံကြွယ်ဝသူ တစ်ယောက်ဖြစ်ဖို့ဆိုရင် စဉ်းစားပုံ စဉ်းစားနည်းတွေ၊ ပြုမူနေထိုင်ပုံတွေ အားလုံး ပြောင်းလဲရပါလိမ့်မယ်။ မှန်ကန်တဲ့ အပြုအမူတွေနဲ့ ကောင်းမွန်တဲ့ လမ်းညွှန်မှုသာရှိရင် သူဌေးတစ်ယောက် ဖြစ်လာဖို့က လွယ်ပါတယ်။ ကိုယ့်ရဲ့စဉ်းစားပုံကိုက သူဌေးတစ်ယောက်လို ဖြစ်လာမယ်ဆိုရင် ငွေကြေးပိုင်း အမှားအယွင်းတွေ ရှိခဲ့ရင်တောင် ပြန်လည် ထူထောင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို စဉ်းစားဖို့က နည်းလမ်းတွေ လိုပါသေးတယ်။

    ကိုယ့်ငွေကြေး အခြေအနေကို သိပါ
    ကိုယ့်ရဲ့ ငွေကြေးအခြေအနေ၊ ကိုယ့်မှာ ဘယ်လောက်ရှိတယ်၊ လက်ထဲ ဘယ်လောက် ကျန်တယ် ဆိုတာမျိုးတွေကို တိတိကျကျ သိထားဖို့လိုပါတယ်။ ဒီလိုသိမှလည်း ဘယ်လိုတိုးပွားအောင် လုပ်မလဲ၊ ရည်မှန်းချက်က ဘာလဲဆိုတာ ချမှတ်နိုင်ပါလိမ့်မယ်။ ကိုယ့်မှာရှိတဲ့ ငွေကြေးနဲ့ အခုအလုပ်ထက်ပိုတဲ့ အခြေအနေတစ်ခုကို ဘယ်လို တက်လှမ်းမလဲဆိုတာ တွက်ဆနိုင်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး အနာဂါတ် အစီအစဉ်တွေ လုပ်ချင်တယ်ဆိုရင်
    - ဝင်ငွေကို သိအောင်လုပ်ပါ

    - ဘယ်လောက်သုံးမလဲ တိုင်းထွာပါ
    - ဘယ်လောက်စုမလဲ သေချာတွက်ဆပါ
    - ငွေကြေးသုံးစွဲမှုတွေ ကွဲကွဲပြားပြားသိဖို့  အွန်လိုင်း Invoice စနစ်ကို အသုံးပြုပါ
    - ငွေကြေးရည်မှန်းချက်နဲ့ ဘဝရည်မှန်းချက်တွေကို ချရေးထားပါ

    လက်ရှိ ဝင်ငွေကို တိုးမြှင့်အောင် ကြိုးစားပါ  
    Plan တစ်ခု ချပြီးသွားရင် ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ ဘဝရည်မှန်းချက်တွေကို မှတ်ထားပြီး တကယ်ဖြစ်မြောက်ဖို့ လုပ်ရပါတော့မယ်။ နေ့တိုင်းအသုံးစရိတ် ချွေတာရုံနဲ့တော့ သူဌေး ဖြစ်မလာနိုင်ပါဘူး။ လက်ရှိဝင်ငွေကို တိုးပွားအောင် လုပ်မှ ဖြစ်လာမှာပါ။ ပထမဦးဆုံး လုပ်ရမှာက လက်ရှိ အလုပ်အကိုင် အခွင့်အလမ်းကိုကြည့်ပါ။ ရာထူးတိုးပြီး လစာတိုးတဲ့ အခွင့်အရေးမျိုးကို ရယူပါ။ ဒုတိယအနေနဲ့ ကျိန်းသေပေါက် ပိုက်ဆံရမယ့် အလုပ်တစ်ခုကို လုပ်ပါ။ နေ့စဉ် ဝင်ငွေရှိတာမျိုးပေါ့။

    အမြတ်ငွေ တိုးမယ့်လမ်းကြောင်း ရှာပါ
    သူဌေးတွေက လုပ်ငန်းတစ်ခု၊ လမ်းကြောင်းတစ်ခုတည်းကနေ အမြတ်ငွေရနေတာ ရှားပါတယ်။ သူတို့ဆီမှာ တစ်ခုထက်ပိုတဲ့ လမ်းကြောင်းတွေ ရှိပါတယ်။ ပထမဆုံး ဝင်ငွေကျိန်းသေတဲ့ လုပ်ငန်းသေးက စတာ အကောင်းဆုံးပါပဲ။ အဲဒါမျိုးတွေကတော့ Freelance  အနေနဲ့ အလုပ်လုပ်မလား၊ အချိန်ပိုင်း လုပ်မလား၊ အခန်း ဌားစားမလား၊ အွန်လိုင်း ရှော့ပင် လုပ်မလားပဲ။

    စုဆောင်းပါ
    ပုံမှန်ဝင်ငွေရနေပြီဆိုရင် ဘယ်အတွက် ဘယ်လောက်သုံးမလဲဆိုတာ စတင်ပိုင်းခြားထားဖို့ လိုလာပါပြီ။  အဲဒါတွေက နေထိုင်စရိတ် (မီတာဘေလ်၊ အခန်းခ၊ အသုံးအဆောင်ပစ္စည်း)၊ တစ်ကိုယ်ရေ စရိတ် (ထမင်းစရိတ်၊ အပြင်သွားခြင်း)၊ စုဆောင်းခြင်းပေါ့။ စုဆောင်းတဲ့ နေရာမှာလည်း ၂ မျိုး ရှိပါလိမ့်မယ်။ ရေရှည် စုဆောင်းတာနဲ့၊ အရေးပေါ်ကိစ္စအတွက် စုဆောင်းတာပါ။

    ပညာသစ် ဆည်းပူးပါ
    ပညာသစ်တစ်ခုတိုးတာ လက်ရှိအလုပ်အတွက် အကျိုးဖြစ်သလို နောက်ပိုင်းမှာလည်း အကျိုးမယုတ်ပါဘူး။ ကိုယ်က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာနိုင်လေလေ လူရည်ဝင်ဆန့် လာလေလေဖြစ်ပါတယ်။ ပညာအသစ်တွေ သင်ဖို့အတွက်ကလည်း မခက်ခဲပါဘူး။ စာဖတ်လို့ ရမယ်၊ လက်ချာတွေ နားထောင်မယ်၊ ဟောပြောပွဲတွေ လိုက်တက်မယ်၊ အွန်လိုင်းကနေ သင်တန်းတက်မယ်။ အခုခေတ်က အွန်လိုင်းပေါ်မှာတင် သင်ယူပါလေ့။

    အခွင့်အလမ်းသစ်ရှာဖွေပါ
    အခွင့်အရေးဆိုတာ ကိုယ့်ရှေ့ကို အဆင်သင့်ရောက်လာမှာ မဟုတ်ပါဘူး။ ကိုယ်တိုင်သွားရှာမှ ရလာမှာပါ။ ဒါကြောင့် ပေါ်လာတဲ့ အခွင့်အရေးကို သေချာလေ့လာပြီး ရေရှည် ရင်းနှီးမြုပ်နှံသင့်မသင့် ဆိုတာကြည့်ရပါမယ်။ ကိုယ် ဘာတွေ သင်ယူနေတယ်၊ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာ လူတွေ မြင်နေအောင် လူတွေထဲ နေဖို့ လိုပါတယ်။ ဒါမှ ကိုယ်နဲ့ ကိုက်ညီတဲ့ အခွင့်အလမ်းပေါ်တာနဲ့ ကိုယ့်မျက်နှာကို ပြေးမြင်ကြမှာလေ။  

    သိုသိုသိပ်သိပ်နေပါ
    ချမ်းသာတဲ့သူတွေက ကားအကောင်းစားတွေ စီးပြီး ပိုက်ဆံကို ဖောဖောသီသီ သုံးစွဲတယ်ဆိုပေမယ့် သူတို့ရဲ့ အစောပိုင်း အချိန်တွေက ဘာမှကို သုံးခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် သူဌေးဖြစ်ချင်ရင် အပိုဖြုန်းတီးနေတာတွေ ဖြတ်တောက်ပြီး ချွေချွေတာတာ သုံးရပါမယ်။
    တစ်ခုခု ၀ယ်မယ်ဆိုရင် ပရိုမိုးရှင်း အစီအစဉ်တွေ ဘာရှိလဲ၊ ဘယ်မှာလဲ၊ ကူပွန်သုံးလို့ ရမလားဆိုတာမျိုး၊  ဟိုသွားဒီသွားမှာ အများစီးဘတ်စ် စီးတာမျိုးနဲ့ အိမ်မှာပဲ ချက်စားတာမျိုး နဲ့ ချွေတာနိုင်သလောက် ချွေတာရပါမယ်။

    အကြွေးရှောင်ပါ
    သူဌေးဖြစ်ချင်ရင် ပထမဆုံးနဲ့ အရေးအကြီးဆုံး လုပ်ရမှာက အကြွေးကင်းစင်ဖို့ပါပဲ။ အကြွေးဆိုတာ နည်းနည်းချင်းစီနဲ့ များလာတာပါ။ အကြွေးကင်းစင်ရင် ကိုယ့်ရဲ့ ဝင်ငွေ Plan တွေကို အကောင်းဆုံး စိတ်လွတ်လက်လွတ် စီမံနိုင်မှာဖြစ်ပါတယ်။

    တစ်ယောက်တည်း ဖြစ်နေရတာကို စိတ်ဓာတ်မကျပါနဲ့
    တစ်ယောက်တည်းဖြစ်နေလို့ ပျင်းနေတာတွေက ကိုယ့်အတွက် အချိန်ပိုရတယ်လို့ သတ်မှတ်ရပါမယ်။ ဒီအချိန်တွေမှာ တရားထိုင်တာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် လုပ်နေလို့ ရပါတယ်။ ဒါဆို ကိုယ့်ရဲ့ အာရုံစူးစိုက်နိုင်တဲ့အားကို ပိုကောင်းစေတာ၊ ကျန်းမာရေး ပိုကောင်းစေတာဆိုတဲ့ အထောက်အကူတွေ ရမှာပါ။

    လူမှုကွန်ယက်
    သူဌေးဖြစ်ချင်ရင် ကိုယ့်ရဲ့လူမှုကွန်ယက်ကလည်း ကျယ်ပြန့်မှ ရပါမယ်။ လူတကာနဲ့ သိနေစရာမလိုပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ သတိထားမိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်ကိုလည်း ကောင်းသောဘက်က သိထားတာမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်က ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ၊ ဘယ်လောက်ပဲတော်တော် လူမသိရင် ဘာမှမဟုတ်ပါဘူး။ ဒီလိုလူသိဖို့  ဥပမာတွေက ပွဲတွေ တက်မယ်၊  ဆိုရှယ် မီဒီယာကို သုံးမယ်၊ အီးမေးလ်ပို့မယ်။ ၀က်ဘ်ဘီနာတွေ၊  Seminar နဲ့ Workshop တွေ တက်မယ်။

    ပေးထားတဲ့အချက်တွေကို တစ်ခုချင်း သေချာ လိုက်နာလုပ်ဆောင်ရင်း ကိုယ့်အနေအထားကို မြှင့်တင်သွားရမှာပါ။ အဓိကက စဉ်းစားပုံ Mindset ပြောင်းလဲပြီး နေ့စဉ်လုပ်နေတဲ့ အရာတွေမှာ စည်းကမ်းပိုရှိတာ၊ ပိုသေသပ်တာ၊ စိတ်ရှည်တာတွေ လုပ်လိုက်တာနဲ့ မလွဲမသွေကို တိုးတက်လာပါလိမ့်မယ်။

    ရဲထွဋ်
    Read More About Daily Life Articles Here


    Read 331 times Last modified on Friday, 13 October 2017 06:29
    Rate :
    (5 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.