Monday, 25 September 2017 03:36

    low badget
    အခုခေတ်မှာက မင်္ဂလာပွဲ တစ်ပွဲအတွက်ဆိုရင်  ငွေကုန်ကြေးကျ တော်တော်များတာပါ။ ချဲ့ရင် ချဲ့သလောက်ကို အတောမသတ်နိုင်ဘူးပေါ့။ စုံတွဲတွေအနေနဲ့လည်း ဒါဟာ တစ်သက်မှာတစ်ခါဆိုတဲ့ စိတ်နဲ့ အကောင်းဆုံးနဲ့ အလှအပဆုံးဖြစ်ချင်မှာ အမှန်ပါပဲ။ ဒီမှာတော့ မင်္ဂလာဆောင်တစ်ခုကို စရိတ်စက အနည်းဆုံးနဲ့ ဘယ်လို ကျင်းပမလဲဆိုတာ အကြံပြုပေးထားတာပါ။ ကိုယ်ဖိတ်ချင်တဲ့ သူတွေလည်း အကုန်ဖိတ်ရမယ်၊ ပျော်ရွှင်မှုလည်း မပျက်စေရဘူး၊ အကောင်းဆုံးလည်း ဖြစ်နိုင်မယ့် နည်းလမ်းပေါ့။

    မင်္ဂလာဆောင်နေရာ
    မင်္ဂလာဆောင်ဖို့ စပြီး စဉ်းစားပြီဆိုရင် နေရာကို အဓိကစဉ်းစားကြမှာပါပဲ။ အဓိကကတော့ ဟိုတယ်တွေပေါ့။ ဟိုတယ်တွေဆိုတာကလည်း များသောအားဖြင့် ဈေးကြီးကြတာပါပဲ။ နာမည်ကြီး ဟိုတယ်တွေထက်စာရင် မင်္ဂလာခန်းမလိုနေရာ၊ ရိုးရိုး မြေနေရာလွတ် တစ်ခုမှာ သေချာခင်းကျင်း ပြင်ဆင်ပြီး မင်္ဂလာဆောင်တာ၊ နောက်ဘွတ်ခ်ကင် ကျပ်တတ်တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေလို နေ့မျိုးရှောင်တာ အကုန်အကျ သက်သာပါလိမ့်မယ်။

    အစားအသောက်
    ကျွေးမွေးရမယ့် အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ချွေတာနိုင်ပါတယ်။ အစားအသောက်ကို လေးလေးပင်ပင်တွေ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး စားသောက်လို့ ရတာတွေပဲ ကျွေးမွေးတာ၊ နောက် အပြင်ကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် အကုန်အကျ သက်သက်သာသာနဲ့ သယ်လာခွင့်ပြုတဲ့ နေရာမျိုး ရွေးထားတာက စရိတ် သက်သာစေနိုင်တာပေါ့။

    ဓါတ်ပုံသမား၊ ကင်မရာသမား
    မင်္ဂလာဆောင် မှတ်တမ်းအတွက် ဓါတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်တာကလည်း ဈေးကြီးတဲ့အထဲ ပါပါတယ်။ ဒါကြောင့် ဓါတ်ပုံသမား၊ ဗီဒီယိုသမားခေါ်မယ်ဆိုရင် ကိုယ့်အသိထဲက (သို့) သူငယ်ချင်းကဖြစ်စေ၊ အခုမှ စလုပ်တဲ့သူတွေကိုဖြစ်စေ ခေါ်တာက ဈေးသက်သာပါလိမ့်မယ်။

    တီးဝိုင်း၊ သီချင်း
    မင်္ဂလာပွဲမှာ အဆိုတော်တွေခေါ်ပြီး သီချင်းဆိုခိုင်းတာက ကြီးကျယ်ခမ်းနားတယ်ဆိုပေမယ့် စရိတ်စက အတော်ကြီးပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုဝင် သို့ သူငယ်ချင်းတွေကိုဖြစ်စေ တီးပေးဖို့၊ ဆိုပေးဖို့ အကူအညီတောင်းတာ ပိုမကောင်းဘူးလား။ ပျော်စရာလည်း ဖြစ်တယ်လေ။

    ပန်းစည်း
    မင်္ဂလာပန်းစည်းဆိုတာကလည်း ချဲ့ရင်ချဲ့သလောက် စရိတ် ကုန်ပါတယ်။ ဒါကြောင့် အလှဆုံးနဲ့ စရိတ်အနည်းဆုံးဖြစ်ဖို့  အသေးစိတ် ရွေးချယ်တာ အကောင်းဆုံးပါပဲ။

    အခမ်းအနား အပြင်အဆင်
    မင်္ဂလာဆောင် အခမ်းအနား အပြင်အဆင်ဆိုတာကလည်း သိပ်ပြီး ကြီးကျယ်စရာ မလိုပါဘူး။  အနေတော်လေးနဲ့ ကြည့်ကောင်း ရှုကောင်းရှိရင်ရပါပြီ။ နောက် ပြန်ဖယ်ပစ်လိုက်ရမှာပဲလေ။

    လက်ဖွဲ့လက်ခံနေရာ  အပြင်အဆင်
    ဒါကလည်း သိပ်ပြီး ကြီးကြီးမားမား လုပ်စရာမလိုပါဘူး။ သူငယ်ချင်းတွေ အကူအညီတောင်းပြီး  ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ် ဘာလေး ညာလေးထည့် ပြင်ဆင်လိုက်ရင် တော်ပြီပေါ့။

    မင်္ဂလာဆောင် ဝတ်စုံ
    မင်္ဂလာဆောင်ဝတ်စုံကတော့ ပိုက်ဆံအသုံးချင်ဆုံး နေရာ ဖြစ်ပါလိမ့်မယ်။ လူတိုင်းက ဈေးသက်သာတာထက် လှတာကိုပဲ ရွေးလေ့ရှိကြပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ဘတ်ဂျက်နဲ့ ကိုက်မယ့် မင်္ဂလာဆောင် ဝတ်စုံဝယ်ဖို့၊ ငှားဖို့လောက်ပဲ အကြံပေးချင်ပါတယ်။

    မင်္ဂလာဆောင်  လက်ဝတ်ရတနာ
    မင်္ဂလာဆောင်မှာ လက်ထပ်လက်စွပ် အလဲအလှယ် လုပ်ရတာ အပြင် သတို့သမီးဘက်ကလည်း လက်ဝတ်ရတနာ တချို့လိုမှာပေါ့။ စရိတ်သက်သာချင်ရင်တော့ အရမ်းဈေးကြီးတဲ့ ရတနာတွေ မရွေးချယ် မိဖို့နဲ့ အသိဆွေမျိုး၊ မိသားစုထဲက ငှားရမ်းဖို့ လုပ်ပါ။

    သတို့သား အဝတ်အစား
    မင်္ဂလာဆောင်တစ်ခုမှာ လူတိုင်းက သတို့သမီးကိုပဲ အာရုံစိုက်ကြလေ့ ရှိတယ်ဆိုပေမယ့် သတို့သားအတွက် ဝတ်စုံကလည်း အရေးကြီးပါတယ်။ သတို့သားအနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျမယ့် အဝတ်အစားဖြစ်နေဖို့ အရေးကြီးပါတယ်။ ဈေးကြီးတဲ့ Tuxedos တွေ ချည်းပဲ ရွေးနေဖို့တော့ မလိုပါဘူး။

    သတို့သမီးဆံပင်၊ မိတ်ကပ်
    ဆံပင်၊ မိတ်ကပ် အလှဖန်တီးရှင်ကိုယ်တိုင် ပြင်ပေးတာက စိတ်ကျေနပ်စရာ ကောင်းတယ်ဆိုပေမယ့် ဆံပင်ကို ကိုယ့်ဘာသာ ကိုယ်ပြင်တတ်မယ်ဆိုရင် စရိတ်လည်း သက်သာပါလိမ့်မယ်။ မဟုတ်လည်း သူငယ်ချင်း တစ်ယောက်ယောက်ကို လက်စွမ်းပြခွင့် ပေးလိုက်ပါ။ ဒါမှမဟုတ် ရင်းနှီးတဲ့ အလှပြင်ဆိုင်တစ်ခုမှာ ဈေးသက်သက်သာသာနဲ့ ရအောင် ကြိုးစားကြည့်ပေါ့။

    ဖိတ်စာ
    ဒီနေရာက မင်္ဂလာဆောင်စရိတ်ကို အသက်သာဆုံးဖြစ်အောင် ချွေတာနိုင်မယ့် နေရာဖြစ်ပါတယ်။ အခုဆိုရင် မင်္ဂလာဆောင်ကို Facebook ပေါ်၊ အီးမေးလ်ကနေလည်း  ဖိတ်လို့ရနေပြီ မဟုတ်လား။

    မင်္ဂလာဆောင် လက်ကမ်းပစ္စည်း
    မင်္ဂလာဆောင်တစ်ခုမှာ လာရောက်သူတွေကို ကျေးဇူးတုံ့ပြန်တာပဲဖြစ်ဖြစ် သို့ ယဉ်ကျေးမှုတစ်ခုအနေနဲ့ဖြစ်ဖြစ် လက်ဆောင် ပြန်ပေးလေ့ရှိပါတယ်။ ဒီလိုပြန်ပေးတဲ့နေရာမှာ အရမ်းဈေးကြီးတဲ့ အရာတွေမပေးဘဲ အမှတ်တရဖြစ်မယ့် အရာလေးတွေ ပြန်ပေးဖို့ စဉ်းစားစေချင်ပါတယ်။ ပေါ့ပေါ့ပါးပါးပဲပေါ့။

    ရဲထွဋ်
    Read More About Relationship Articles Here


    Read 319 times Last modified on Monday, 25 September 2017 03:52
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.