Friday, 04 August 2017 11:17

rs2
လူဆိုတာ တစ်ယောက်တည်း မနေနိုင်တဲ့ အမျိုးမို့လို့ အဖော်မင်ပြီး အပေါင်းအသင်း မက်တယ်လေ။ သူငယ်ချင်းတွေကို ချစ်ရတာနဲ့ ချစ်သူကိုချစ်ရတာနဲ့ သားသမီးအတွက် ပူရပင်ရ အစရှိတဲ့ သောကတွေ များလှပါတယ်။ အရေးအကြီးဆုံး အချက် ဖြစ်တဲ့ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတာကို မေ့နေကြတယ်။ သူများတွေကိုပဲ လိုက်ချစ်နေတယ်။ ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့နေကြတယ်လေ။ အဲဒီတော့ ကိုယ့်ကိုယ်ကို ချစ်ဖို့ရာအတွက် အဆင့် ခြောက်ဆင့်ကနေ ရိုးရိုးရှင်းရှင်း စလိုက်ကြရအောင်။
အဆင့် ၁    မှန်ထဲကနေ ကိုယ့်ကိုယ်ကို သေသေချာချာပြန်ကြည့်ပါ။

မှန်ထဲမှာ ကိုယ့်ကိုယ်ကို သေချာပြန်ကြည့်ပြီး ကိုယ့်ခန္ဓာကိုယ်ပေါ်က အနှစ်သက်ဆုံး သုံးခုကို ချရေးလိုက်ပါ။ ဆံပင်လား၊ အပြုံးလား၊ လက်ချောင်းလေးတွေလား၊ မျက်လုံးလား၊ ဘာဖြစ်ဖြစ်ပေါ့။ အဲဒီသုံးခုကို ချရေးပြီး မြင်သာတဲ့ နေရာမှာ ကပ်သာထားလိုက်ပါ။ ဟိုလူက ဘယ်လို လှတယ်၊ ဟိုတစ်ယောက်က ဘယ်နေရာ ချစ်ဖို့ကောင်းတယ်တွေပဲ တွေးနေပြီး မြင်တွေ့နေရတယ်လေ။ သူများနဲ့ ယှဉ်မနေနဲ့တော့။ ကိုယ့်ခန္ဓာကိုယ်ပေါ်က အနှစ်သက်ဆုံးဆိုတာတွေကို နေ့တိုင်းနီးပါး သတိထားမိပြီး ဂရုစိုက်နိုင်တာပေါ့။
အဆင့် ၂    ဖြစ်ပြီးသမျှတွေ မေ့လိုက်ပြီး လက်ရှိကိုပဲ အာရုံစိုက်ပါ။

လူတွေက အတိတ်ကနေ ရုန်းထွက်ဖို့ တော်တော်ခက်ကြတယ်။ အတိတ်မှာပဲ နစ်မနေသင့်ပါဘူး။  အနာဂတ်ကိုလည်း စိတ်ကူးမယဉ်ပါနဲ့။ လက်ရှိအခြေအနေမှာပဲ သေချာအာရုံစိုက်ပါ။ မနေ့ကကိုလည်း ပြန်မတွေးနဲ့။ မနက်ဖြန်ကိုလည်း မျှော်မငေးမနေပါနဲ့။ လက်ရှိအချိန်မှာ ကိုယ်ပျော်နိုင်ဖို့ကိုပဲ သေချာဆုံးဖြတ်လိုက်တာ အကောင်းဆုံး နည်းလမ်းပါ။
အဆင့် ၃    တခြားသူတွေကို ဂရုစိုက်ပေးသလို ကိုယ့်ကိုယ်ကိုလည်း
ဂရုစိုက်လိုက်ပါ။
လူတွေဟာ ကိုယ်မဟုတ်တဲ့ တခြားသူကို ဂရုစိုက်ရ ဖေးမရတာနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေခဲ့တယ်။ ဘဝရဲ့ အချိန်တော်တော်များများကို သူများအတွက် ပေးဆပ်နေရတာနဲ့ အချိန်တွေ ကုန်နေခဲ့တယ်။ ကိုယ်ဘာဖြစ်နေတယ် ဘာလိုအပ်နေတယ်ဆိုတာ သိရဖို့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြည့်လိုက်ပါဦး။
အဆင့် ၄     အဆင့် ၃ ကို တစ်ခါလောက်တော့ ပြုမူကြည့်လိုက်ပါ။

အထူးသဖြင့် မိန်းမတွေဟာ အိမ်မှုကိစ္စ၊ မယားဝတ္တရား၊ သားသမီးကိစ္စတွေနဲ့ အချိန်ပြည့် ဖြစ်နေတတ်ပါတယ်။ ခင်ပွန်းသည်နဲ့ သားသမီးတွေကို ဂရုစိုက် ပြုစုနေရင်း အချိန် တော်တော်များများ ကုန်နေကြပါတယ်။ တစ်ခါလောက်တော့ သူတို့တွေ အားလုံးကို မေ့ထားလိုက်ပြီး ကိုယ့်ဘာသာ ဂရုစိုက်လိုက်ကြည့်စမ်းပါ။ ကိုယ် ဘာဖြစ်ချင်နေတာလဲ။ ကိုယ် ဘာလုပ်ချင်နေတာလဲဆိုတာ သေချာ စဉ်းစားပြီး လုပ်လိုက်ပါ။
အဆင့် ၅     ပြည့်စုံအောင် လိုက်ဖြည့်ဆည်းပေးနေတာတွေ ရပ်တန့်လိုက်ပါ။

သူတစ်ပါးကို ဒီလောက် လုပ်ပေးမယ်ဆိုပြီး မလုပ်ပေးခဲ့နိုင်လို့ စိတ်မကောင်း စိတ်ညစ်ရတာမျိုး တစ်ခါတလေ ဖြစ်တတ်ပါတယ်။ အဲဒါတွေ မေ့လိုက်ပါတော့။ ဘယ်သူမှ ပြည့်စုံတယ်ဆိုတာ မရှိဘူးလေ။ သူများ အဆင်ပြေအောင် လိုက်ဖြည့်ဆည်း ပေးနေရတာတွေနဲ့ပဲ အချိန်မကုန်နေပါနဲ့တော့။ ကိုယ့်အတွက်လည်း အဆင်ပြေအောင် ပြန်အချိန်ပေးလိုက်ပါ။
အဆင့် ၆    ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ။

အရေးကြီးဆုံးက ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် ဂုဏ်ယူပါ။ တစ်ချိန်က ဖြစ်ခဲ့တဲ့ အမှားတွေ၊ ရခဲ့တဲ့ အတွေ့အကြုံတွေ အားလုံးဟာ ဒီနေ့ သင့်ရဲ့ ဖြစ်တည်မှုပါပဲ။ ဘဝမှာ ကြုံခဲ့ ဆုံခဲ့ရသမျှ ဒဏ်ရာအနာတရတွေကြားမှာ ဒီလောက်အထိ ရပ်တည်နိုင်တာဟာ ဂုဏ်ယူစရာပဲ မဟုတ်လား။
အဲဒီတော့ အခုပဲ စာရွက်နဲ့ ဘောပင်ယူပြီး ပထမဆုံး အဆင့်ကို စတင်လိုက်ကြပါစို့။

နေလင်း
Read More About Relationship Articles Here


Read times Last modified on Friday, 04 August 2017 11:23
Rate :
(0 votes)

1 comment

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.