Tuesday, 01 August 2017 04:46

mom3
အိမ်ထောင်ထိန်းသိမ်းတဲ့ အိမ်ရှင်မတွေအနေနဲ့ တစ်အိမ်လုံး ကျန်းမာပျော်ရွှင်နေစေဖို့ဆိုတာ တော်တော်လေးကို အရေးထားရတဲ့ ကိစ္စပါ။ မိသားစုတွင်း စီးပွားရေး၊ ကြီးပွားရေးတွေအပြင် ကိုယ့်ကိုယ်ကိုယ် လှအောင်လည်း နေရသေးတယ်။ ဒီကြားထဲ အိမ်မှုကိစ္စတွေဆိုတာကလည်း နေ့စဉ်လုပ်လို့ကို မပြီးနိုင်ဘူး။ ဒါတွေဟာ အင်မတန် ခေါင်းရှုပ် စိတ်ညစ်ရပေမယ့် အောက်ပါ အချက်လေးတွေကို သိထားလိုက်ရင်တော့ အများကြီး အထောက်အကူပြုမှာပါ။

ကိုယ့်အတွက် အချိန်ယူပါ
နေ့စဉ် အိမ်မှုကိစ္စတွေနဲ့ လုံးလည်လိုက်နေရတဲ့ မေမေ့မှာ ကိုယ်ပိုင်အချိန်ဆိုတာ ပျောက်နေတတ်တယ်။ အဲဒီတော့ အိမ်မှုကိစ္စတွေ ပြီးသွားပြီဆိုတာနဲ့ ကိုယ့်အတွက် ကိုယ်ပိုင်ချိန်လေးဆိုတာကို ရအောင်ဖန်တီးထားပါ။ အဲဒီအချိန်မှာ ကိုယ်နှစ်သက်ရာကို စိတ်ကြိုက်လုပ်ပေါ့။ ကိုယ်တိုင် စိတ်လက် ပေါ့ပါးအောင် အပန်းဖြေပြီးမှ နောက်နေ့အတွက် အားတွေ ရှိလာမှာပေါ့။

ရယ်လိုက်ရင် စိတ်ညစ်စရာတွေ ပျောက်တယ်
ပြောချင်တာကတော့ ပျော်ပျော်နေတတ်ဖို့ပါပဲ။ တစ်နေ့ တစ်နေ့ အိမ်မှုကိစ္စတွေက ထိုင်ငိုချင်စရာကောင်းလောက်အောင်ကို များလှပါတယ်။ အဲဒီ အရှုပ်ထုပ်ကြီးထဲမှာ ကိုယ့်စိတ်သာ အဓိကပါ။ ပျော်အောင် နေပါ။ ပြုံးပျော်စရာတွေကို များများတွေးပြီး အားရပါးရသာ ရယ်လိုက်ပါ။

အချိန်ဇယားနဲ့ လုပ်လိုက်ပါ
တစ်နေ့တစ်နေ့ အိပ်ရာက နိုးလာရင် ဘယ်ကစလို့စရမယ်မှန်းတောင် မသိတဲ့ အိမ်မှုကိစ္စတွေက တန်းစီ ကြိုနေပါတယ်။ အရှုပ်တွေ ရှင်းသွားအောင် အချိန်ဇယားလေး ဆွဲပြီး လုပ်ကြည့်လိုက်ပါ။ တော်တော်လေးကို အစီအစဉ်တကျ ဖြစ်သွားတာ တွေ့ရမှာပါ။

မိသားစုကို အာရုံစိုက်ပါ
မိသားစုမှာ သားသမီးနဲ့ ကိုယ့်အပြင် ခင်ပွန်းက အဓိကပါ။ သူတို့ထက် အရေးကြီးတာ မရှိပါဘူး။ အဲဒီတော့ ကုန်နေတဲ့ အချိန်တွေကို ကလေးတွေနဲ့ သေချာကုန်ဆုံးလိုက်ပါ။ မိသားစုနဲ့ ပျော်ပျော်နေနိုင်ဖို့ အာရုံစိုက်လိုက်ပါ။ နေဝင်နေထွက်နဲ့ ဒီကလေးတွေဟာ လက်ပေါ်တင် ကြီးပြီး တစ်နေ့ ကိုယ်နဲ့ဝေးရာခွဲသွား ကြတော့မှာလေ။

ကျန်းမာပျော်ရွှင်စရာ ဂေဟာလေး ဖြစ်အောင်လုပ်ပါ
ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်အောင် အဓိကကတော့ သန့်ရှင်းသပ်ရပ်မှုကလည်း အရေးကြီးပါတယ်။ အိမ်ကို သန့်ရှင်းသပ်ရပ်နေအောင် ထားပါ။ ကလေးငယ်တွေ ရှိတဲ့ အိမ်ဆိုရင် ဒီအချက်က ပိုပြီး သတိထားသင့်ပါတယ်။

ဒီအချက်လေးတွေကို သိပြီးပြီဆိုရင်တော့ ဒီနေ့ကစပြီး လုပ်ဆောင်ကြည့်လိုက်ပါနော်။ တစ်အိမ်လုံးကို ကျန်းမာ ပျော်ရွှင်စေတဲ့ မေမေဟာ ကိုယ်တိုင်လည်း ပျော်ရွှင်တဲ့ သူတစ်ယောက်အဖြစ် ဖန်တီးသွားနိုင်မှာပါ။

နေလင်း
Read More About Relationship Articles Here


Read 268 times Last modified on Tuesday, 01 August 2017 04:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.