Sunday, 09 July 2017 03:52

1 Copy1
“…ကလေးထိန်းရတာ မလွယ်ပါဘူး…ချေးပါလိုက် သေးပေါက်လိုက် ခေါင်းတွေ မူး…သူ့အမေက မီးဖိုချောင်မှာ အိုးမည်းတွေ လူး…ဒီကလေးက အတော်ဆော့တယ် မအိပ်နိုင်ဘူး….”

ဒါကတော့ လတ်တလောမှာ လူမှုကွန်ရက် Facebook စာမျက်နှာထက် အတော်လေး ပျံ့နှံ့နေတဲ့ သားချော့တေးတစ်ပုဒ်ထဲက စာသားတွေပဲ ဖြစ်ပါတယ်။ Like လုပ်သူ၊ Share သူတွေ သောင်းဂဏန်းဝန်းကျင်အထိ ရှိနေတဲ့ အဲဒီ သားချော့တေးဟာ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ ကြားနေကျ သားချော့တေးမျိုး မဟုတ်ဘဲ Rap သီချင်းတစ်ပုဒ် ဖြစ်နေတာက ထူးခြားချက်ပါ။ သီဆိုသူကလည်း နာမည်ကြီး ဂီတအနုပညာရှင်တစ်ဦး မဟုတ်ဘဲ သာမန် ၀ါသနာရှင်တစ်ယောက်က သူ့ဝါသနာအလျောက် ကိုယ်တိုင် ရေးစပ်သီဆိုထားတာပါ။ တော်တော်နဲ့ မအိပ်နိုင်သေးတဲ့ သားငယ်ကို ချော့သိပ်ရင်း လက်တန်း ရေးစပ်သီဆိုကာ Facebook ပေါ် တင်လိုက်ချိန်မှာတော့ ရင်ဘတ်ချင်း တူတဲ့ ကလေးမိဘတွေ၊ အိမ်ထောင်သည်တွေနဲ့ ဂီတချစ်သူတွေက သဘောကျနှစ်ခြိုက်ပြီး တစ်ခဲနက် ပြန်လည်မျှဝေခဲ့ကြတာပဲ ဖြစ်ပါတယ်။ သီဆိုထားသူကတော့ Facebook မှာ Bo Kyaw Khaung အကောင့် အသုံးပြုသူ၊ လက်ရှိ မန္တလေးမြို့မှာ နေထိုင်သူ ကိုနေမျိုးထွန်းပါ။
“အဲဒီနေ့က ကျွန်တော် သီချင်း ရေးနေတာ။ တီးလုံးတွေ နားထောင်နေရင်းပေါ့။ ကျွန်တော့်သားကလည်း မအိပ်ဘူးဗျ။ အဲဒါနဲ့ တီးလုံးကလည်း ဖွင့်ထားရက်သား ဖြစ်နေတော့ ကျွန်တော်က စိတ်ကူးမိတယ်။ သားကိုလည်း အိပ်အောင် ချော့သိပ်ရင်းနဲ့ တစ်ခါမှလည်း သားကိုချီရင်း သီချင်းမဆိုဖူးဘူးဆိုတော့ လက်တန်း ဆိုကြည့်မယ်ဆိုပြီး ဆိုလိုက်တာ။ ဆိုပြီးတော့မှ Facebook မှာ တင်လိုက်တာပါ။ ရန်ကုန်မှာရှိတဲ့ အဖေနဲ့ အမေတို့ကိုလည်း အဖေ့မြေးကို ကြည့်လိုက်ပါဦး၊ မအိပ်သေးလို့ ဒီလို ချော့သိပ်နေရတယ်ဆိုပြီး Facebook ကနေ ပြတဲ့သဘောပေါ့။ ဒီလိုမျိုး ပျံ့နှံ့သွားအောင် ရည်ရွယ်ချက်နဲ့ တင်လိုက်တာ မဟုတ်ပါဘူး။ အခုလောက် ပျံ့နှံ့သွားမယ်လို့လည်း မထင်ထားခဲ့ဘူး” လို့ ကိုနေမျိုးထွန်းက ပြောပါတယ်။
G Fatt, Snare, Cobra စတဲ့ နာမည်ကျော် အဆိုတော်တွေကပါ ကြိုက်နှစ်သက်တယ်ဆိုပြီး Facebook မှာ Share ထားကြတဲ့ အဲဒီ သားချော့တေးလေးကို ကိုနေမျိုးထွန်းက စတူဒီယိုတွေ၊ တီးဝိုင်းတွေနဲ့ အသံသွင်းယူခဲ့တာမျိုး မဟုတ်ဘဲ နေအိမ်မှာသာ သီဆိုဖန်တီးခဲ့တာပါ။ ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးစပ်ထားတဲ့ စာသားကို အိမ်မှာပဲ ကွန်ပျူတာ၊ iPad, iPhone 5S တို့နဲ့ သံစဉ်တီးလုံးတွေ ဖန်တီးပြီး သီဆိုအသံသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ Instrumental Music ပိုင်းဆိုင်ရာတွေကိုတော့ အင်တာနက်မှာ You Tube ကနေ တစ်ဆင့် ရှာဖွေပြီး Download ရယူခဲ့တယ်လို့ ကိုနေမျိုးထွန်းက ဆိုပါတယ်။
အခုဆိုရင် Facebook မှာ ကိုနေမျိုးထွန်း တင်ထားတဲ့ သားချော့တေးက သုံးပုဒ်အထိ ရှိပြီ ဖြစ်ပါတယ်။ ဒီသီချင်း မတိုင်ခင်မှာလည်း ၅ ပုဒ်၊ ၆ ပုဒ်လောက် တင်ထားသေးတာမို့ စုစုပေါင်းဆိုရင် ၁၃ ပုဒ်လောက် ရှိပြီလို့ သိရပါတယ်။ Happy New Year အမှတ်တရ ရေးတဲ့ သီချင်း၊ သူငယ်ချင်းတွေအတွက် ရေးတဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်။ ကိုနေမျိုးထွန်းမှာ မစိုးစိုးဆိုတဲ့ ဇနီးသည်နဲ့ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက် ရှိတာမို့ မိသားစုအတွက် သီချင်းတွေလည်း ရေးဖြစ်ပါတယ်။ ဇနီးသည်ရဲ့ မွေးနေ့မှာလည်း မွေးနေ့လက်ဆောင်အဖြစ် သီချင်းတစ်ပုဒ် ရေးစပ်သီဆိုထားသေးတာပါ။ မိသားစုနဲ့ ပတ်သက်တဲ့ သီချင်းတွေ၊ သားသမီးတွေကို ချော့သိပ်တဲ့ သီချင်းလေးတွေက သူတို့ မိသားစုအတွက် မှတ်တမ်းလေးတစ်ခုပါလို့လည်း ကိုနေမျိုးထွန်းက ပြောပါတယ်။ Facebook မှာ သားချော့တေးလေး ပျံ့နှံ့သွားပြီးနောက် Facebook က သူငယ်ချင်းတွေ၊ ပြင်ပက မိတ်ဆွေသူငယ်ချင်းတွေက သူတို့အကြောင်းကို သီချင်းလေးတွေ ရေးဖို့ တောင်းဆိုလာတာမျိုး ရှိတယ်လို့ သိရပါတယ်။
“အားသန်တာကတော့ မိသားစုသီချင်းလေးတွေပါ။ မိသားစုသီချင်းလေးတွေအပြင် ဘ၀ကို ခွန်အားဖြစ်စေမယ့် သီချင်းလေးတွေလည်း ဆိုချင်တယ်။ နောက်ပြီး Facebook သူငယ်ချင်းထဲက လက်ဝှေ့သမားတွေ၊ ဘောလုံးသမားတွေကလည်း သူတို့အတွက် သီချင်းလေးတွေ ရေးပေးပါလို့ ပြောထားကြတာ ရှိတယ်။ အဲဒီအတွက်လည်း ရေးဖြစ်မှာပါ။ လူပျိုကြီးအကြောင်း ရေးပေးပါဦးတို့၊ အပျိုကြီးအကြောင်း ရေးပေးပါဦးတို့၊ ကျောင်းဆရာမတွေအကြောင်း ရေးပေးပါဦးလို့ ဒီလိုမျိုးလေးတွေ ပြောထားကြတယ်။ ကျွန်တော့်အနေနဲ့ကတော့ သူတို့အကြောင်းကို သီချင်းလေးတွေ ရေးစပ်ပေးလိုက်လို့ သူတို့ ကျေနပ်သွားတယ်၊ အားတစ်ခု ဖြစ်သွားတယ်ဆိုရင် ကျေနပ်ပါတယ်။”လို့ ကိုနေမျိုးထွန်းက ပြောပါတယ်။
သီချင်းတွေကို ကိုယ်ပိုင်သံစဉ်နဲ့ ရေးစပ်သီဆိုတတ်ပြီး အကြောင်းအရာ အသစ်တွေ ရေးဖွဲ့ဖန်တီးရတာကို အားသန်တဲ့ ကိုနေမျိုးထွန်းကို အဆိုပြိုင်ပွဲ ၀င်ပြိုင်ဖို့ တိုက်တွန်းသူတွေလည်း ရှိပါတယ်။ ကိုနေမျိုးထွန်းကတော့ အဆိုပြိုင်ပွဲတွေ ၀င်ပြိုင်ဖို့ စိတ်ကူးမထားပါဘူး။ နယ်မှာ နေထိုင်တဲ့ ၀န်ထမ်းတစ်ယောက် ဖြစ်တဲ့အပြင် ကလေးတွေကလည်း ငယ်သေးတာမို့ လတ်တလောမှာ အဲဒီလိုမျိုး လုပ်ဖြစ်ဖို့ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ငယ်စဉ်ကတည်းက ဂီတကို ၀ါသနာကြီးခဲ့တဲ့ ကိုနေမျိုးထွန်းက တစ်ချိန်မှာ တေးစီးရီးခွေ ထုတ်ဖြစ်ဖို့တော့ မျှော်လင့်ထားပါတယ်။ စီးရီးထုတ်ဖို့ကို ဇနီးသည်ကလည်း သဘောတူပြီး အားပေးတယ်လို့ သိရပါတယ်။ ကလေးတွေလည်း နည်းနည်းကြီးတဲ့အချိန်၊ အခြေအနေလည်း ပေးလာတဲ့ တစ်ချိန်ကျရင်တော့ စီးရီးခွေလေးတစ်ခွေ လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။
“စိတ်ကူးယဉ်တယ်လို့တော့ မဟုတ်ဘူးပေါ့။ ဘ၀တစ်ကွေ့မှာ မှတ်တိုင်တစ်ခုပေါ့။ ဒီသီချင်းလေးတွေ ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ ကျွန်တော့်အနေနဲ့ ဒီအသက်အရွယ် ဒီကာလမှာ ဒါလေးတွေ ဖန်တီးခဲ့တယ်ဆိုတာ မှတ်တိုင်တစ်ခုပေါ့။ စီးရီးခွေလေးတော့ ဖြစ်အောင် လုပ်ချင်ပါတယ်။” အဲဒီလို အိပ်မက်ထားတဲ့ ကိုနေမျိုးထွန်းက လတ်တလောမှာတော့ အသစ် အသစ်သော သီချင်းတွေကို ဖန်တီးရေးဖွဲ့ရင်း Facebook မှာ ဂီတချစ်သူတွေ၊ မိသားစုတွေ၊ ရင်ဘတ်ချင်းတူသူအတွက် သီဆိုမျှဝေနေပါတယ်။
Read More About Daily Life Here


Read 555 times Last modified on Monday, 10 July 2017 04:03
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.