Wednesday, 24 April 2019 04:37

Yangon_night.jpg

 

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ကဏ္ဍအတွက် ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၂၂ဘီလီယံကျော် အသုံးပြုသွားမည်ဖြစ်ပြီး ဓာတ်အားမလုံလောက်၍ ဒီဇယ်စက်များဖြင့်လည်ပတ်နေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်ပေးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ၄၊ ဦးအောင်ကျော်ဦးက ဧပြီ ၂၃ရက်နေ့က ပြောခဲ့ပါတယ်။

"ဒီနှစ်မှာတော့ မိုးနောက်ကျတဲ့အတွက်ကြောင့် အခက်အခဲနည်းနည်းရှိတယ်။ ဓာတ်အားမလုံလောက်တဲ့ ပြဿနာတွေနည်းနည်းပါးပါး ရှိနိုင်ပါတယ်။ ဒီဇယ်နဲ့လည်နေရတဲ့အခါကျတော့ တစ်ယူနစ်ကို ၃၅၀လောက်ကျတယ်" ဟု ရန်ကုန် လျှပ်စစ်ဓာတ်ပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်(၄) ဦးအောင်ကျော်ဦး ကပြောပါတယ်။

ရာသီဥတုပိုမိုပူပြင်းလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နေ့တခြားတိုးလာကာ ဝန်အားမမျှမှုများရှိနေကြောင်း၊ သို့သော် အများပြည်သူလျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားအပြည့်အဝရှိစေရေး တတ်နိုင်သလောက်လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ဓာတ်အားသုံးစွဲသည့် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲဓာတ်အားသုံးစွဲမှုများ မလုပ်ကြရန် ၎င်းကဆိုထားပါတယ်။

"၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ပြည်သူတွေအများစုအသုံးပြုနိုင်ရန်အတွက် ၂၂ဘီလီယံကျော်ကျော် ခွင့်ပြုထားတယ်။ အဲ့ဒါကို ကျွန်တော်တို့ အကောင်အထည်ဖော်နေတယ်။ ကျေးရွာမီးလင်းရေးမှာ သုံးထားတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်တိုင်းမြို့နယ်တိုင်းမှာရှိတဲ့ ကျေးရွာတွေကို ပေးသွားမှာဖြစ်တယ်" ဟု ဦးအောင်ကျော်ဦး ကပြောပါတယ်။

မြို့ပေါင်း (၂၁)မြို့ လျှပ်စစ်မီးရရှိသုံးစွဲနေပြီး ကျေးရွာပေါင်း (၂၁၄၃)ရွာရှိသည့်အနက် (၁၀၆၉)ရွာကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကာ ကျန်ရှိသည့်ကျေးရွာများအနက် ကျေးရွာပေါင်း (၁၆၆)ရွာ ဓာတ်အားရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေ၊ World Bank ၊ ADB ၊ JICA စသည့် အဖွဲ့အစည်းများ၏ချေးငွေများဖြင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် Residential & Commercial (၉၁၄)မဂ္ဂါဝပ်၊ Industrial (၁၈၂)မဂ္ဂါဝပ်၊ စုစုပေါင်း (၁၀၉၆)မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် Residential & Commercial (၁၂၇၈)မဂ္ဂါဝပ်၊ Industrial (၂၇၀)မဂ္ဂါဝပ်၊ စုစုပေါင်း (၁၅၄၈)မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၏ နောင်တွင်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုံမြို့နယ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၁၂၀)မဂ္ဂါဝပ်၊ အလုံ (LNG) ဓာတ်အားပေးစက်ရုံ (၃၅၆)မဂ္ဂါဝပ်နှင့် မီးလင်းချိုင့် (LNG) ဓာတ်အားပေးစက်ရုံ (၁၃၉၀)မဂ္ဂါဝပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Source: MyanmarTimes


Read 121 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.