Tuesday, 23 April 2019 03:17

home_maid.jpg

 

ပြည်ပ ၄ နိုင်ငံသို့ အိမ်အကူလုပ်သား (အိမ်တွင်း အထောက်အကူလုပ်သား) စေလွှတ်ခွင့်ပြုပြီဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လုပ်သားများစေလွှတ်ရန် မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေးတွင်ဆုံးဖြတ်ခြင်းဖြစ်ပြီး စနစ်တကျသွားရောက်လုပ်ကိုင်နိုင်ရေး စည်းကမ်းချက်များထုတ်ပြန်ရန် စီစဉ်နေသည်ဟုလည်း ၎င်းကဆိုပါတယ်။

အိမ်အကူလုပ်သားများကို ဟောင်ကောင်၊ မကာအို၊ စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စေလွှတ်ခွင့်ပြုမည်ဟု ဧပြီ ၂၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ထိုသို့ အိမ်အကူလုပ်သားများ ပြန်လည်စေလွှတ်ခွင့်ပြုမည့်အစီအစဉ်နှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယင်းလုပ်သားစေလွှတ်လိုသည့်အေဂျင်စီများကို ခေါ်ယူအသိပေးသော်လည်း စေလွှတ်ခွင့်ပြုပြီဟု ယမန်နေ့အထိ တရားဝင်ပြောကြားခြင်းမရှိသေးကြောင်း အေဂျင်စီလုပ်ငန်းရှင်အချို့က ဆိုပါတယ်။

‘‘တရားဝင်စာတော့ မရောက်သေးဘူး။ ခွင့်ပြုမယ်ဆိုတာတော့ သိထားကြတယ်။ အိမ်အကူလုပ်သားကို တရားဝင်ခေါ်ချင်တဲ့ နိုင်ငံတွေကလည်း အဆင်သင့်ရှိတယ်’’ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင် ဦးစိုင်းစည်သူ ကပြောပါတယ်။

မြန်မာနိုင်ငံအနေဖြင့် အိမ်အကူလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် နိုင်ငံအတွင်း ဝေဖန်မှုများရှိခြင်းကြောင့် ပြည်ပသို့ ယင်းလုပ်သားစေလွှတ်ခွင့်ကို ၂၀၁၄ က စတင်ရပ်ဆိုင်းခဲ့ပြီး၊ ထိုသို့ရပ်ဆိုင်းသော်လည်း အိမ်အကူလုပ်သားအဖြစ် တရားမ၀င်သွားရောက်လုပ်ကိုင်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

‘‘တရားဝင်ခွင့်ပြုလိုက်တော့ တရားမ၀င်သွားရောက်လုပ်ကိုင်နေတာတွေကိုလည်း ထိန်းသွားနိုင်မှာဖြစ်လို့ ကောင်းပါတယ်။ တရားဝင်ဖြစ်တဲ့အတွက် အလုပ်သမားအခွင့်အရေးကို ပိုပြီးကာကွယ်စောင့်ရှောက်နိုင်တာပေါ့’’ ဟု ဦးစိုင်းစည်သူ ကပြောပါတယ်။

မြန်မာနိုင်ငံမှ အိမ်အကူလုပ်သားများခေါ်ယူရန် စင်ကာပူနှင့် ဟောင်ကောင်တို့က မကြာခဏ ကမ်းလှမ်းမှုများပြုလုပ်ကြကြောင်း သတင်းများတွင်ဖော်ပြထားတာ တွေ့ရပါတယ်။

Source: 7DayDaily


Read 64 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.