Monday, 22 April 2019 11:28

Screenshot_from_2019-04-22_18-01-50.png

 

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်တဲ့ “ဧရာဝတီကို ပြန်ရွေးကြမယ်” စကားဝိုင်းဆွေးနွေးပွဲကို ဧပြီလ ၂၀ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး သရုပ်ဆောင် ဒေါင်း၊ ပိုင်ဖြိုးသု၊ အောင်ထက်တို့နှင့်အတူ အသိပညာရှင် ၊ အတတ်ပညာရှင်များကလည်း ကလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အောင်ထက် တို့ပါဝင်ဆွေးနွေးခဲ့တဲ့ သရုပ်ဆောင်များရဲ့ စကားသံများကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

သရုပ်ဆောင် ဒေါင်း

daung.jpg

“ကျွန်တော်တို့ချစ်မြတ်နိုးတာတွေ အမြဲဆုံးရှုံးခဲ့ကြပါတယ်။ အဲ့လိုပဲအခုလည်း ဧရာဝတီကို ကျွန်တော်အပါအဝင် ကျွန်တော်တို့ပြည်သူတွေဆုံးရှုံးရမှာကို ကြောက်မှာပါ။ အခုမြစ်ဆုံမှာ ခံစားရသလောက်တွေ့ရတဲ့အချက်က ကျွန်တော်တို့ အားလုံးညီညွတ်ကြပါတယ်။ ကျွန်တော်တို့ ပြည်သူတွေမှာ အယူဝါဒကွဲပြားမှုတွေရှိတယ်။ တိုင်းရင်းသားရေးတွေ၊ နိုင်ငံရေးပါတီတွေ အခြားယူဝါဒကွဲပြားမှုတွေအများကြီးရှိတယ်။ ဒါပေမဲ့ မြစ်ဆုံမှာတော့ တူညီတဲ့စည်းလုံးခြင်း ရှိတယ်”

“အဲ့ဒါက အရမ်းကိုကြည်နူးစရာကောင်းတဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ ခံစားချက်တစ်ခုပါ။ ကျွန်တော်တို့ မြစ်ဆုံမှာ အများကြီးမျှော်လင့်ချက်ထားတယ်။ အဲ့မျှော်လင့်ချက်တွေကုန်ဆုံးသွားရင် ဘာဖြစ်မှာလည်း ကျွန်တော်မတွေးရဲဘူး။ ကျွန်တော်က အနုပညာသမားတစ်ယောက်၊ သရုပ်ဆောင် တစ်ယောက်။ သရုပ်ဆောင်တစ်ယောက်က ပြည်သူတွေနဲ့အလုပ်လုပ်နေတာ ပြည်သူတွေရဲ့ခံစားချက်တွေနဲ့ ရပ်တည်ရှင်သန်နေတာ။ အနုပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ရှင်သန်နေတယ်ဆိုကလည်း ပြည်သူတွေရဲ့ခံစားချက်တွေသိမှ ရပ်တည်ရှင်သန်လို့ရတာ။ ပြည်သူတွေဆီက တစ်ဒေါ်လာ ကောက်တာလည်း ဘာမှလုပ်ချင်လို့မဟုတ်ဘူး။ ပြည်သူတွေကလက်မခံဘူးဆိုတာကို အကောင်းဆုံး နည်းလမ်းနဲ့ ဖော်ပြတာပါ”

“အဲ့ဒါ သမိုင်းတစ်ခုရေးထိုးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အကြောင်းအရာတစ်ခု ဖြစ်ကောင်းဖြစ်မယ်။ အဲ့ထက်ထိရောက်တာမရှိဘူး။ သမိုင်းအခွင့်အရေးကို ကျွန်တော်တို့မရေးထိုးရင် ကျွန်တော်တို့ညံ့လို့ပဲ။ ကျွန်တော်တို့ဆွဲမခေါ်ချင်ဘူး။ ဆွဲခေါ်တယ်ဆိုတာ အတင်းအကျပ်လုပ်ရာရောက်တယ်။ အားလုံးနှလုံးသားထဲမှာရှိတယ်လို့ ယုံကြည်ပြီးသား” လို့ သရုပ်ဆောင်ဒေါင်း က ပြောပါတယ်။


သရုပ်ဆောင် ပိုင်ဖြိုးသု

PPT.jpg

“ကျွန်မ အသက် ၂၁ နှစ်တုန်းက တစ်ဦးသောအစ်မကို ဆုံးရှုံးခဲ့ဖူးတယ်။ အဲ့ထဲက ဘဝနဲ့ပတ်သက်ပြီး အမြင်တွေပြောင်းလဲလာခဲ့တယ်။ ဘဝဆိုတာ တိုတိုလေး အဲ့တော့ နေခွင့်ရတဲ့အချိန်လေးမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေကို ချစ်တတ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်တွေကိုလည်း တန်ဖိုးထားတတ်လာခဲ့တယ်”

“အခု အိမ်ထောင်ကျပြီးချိန်မှာ တစ်ချိန်ချိန်ကျရင် ကျွန်မသားသမီးလေးတွေရလာမယ်။ နောက်နှစ်တွေအများကြီးကြာတဲ့အခါမှာလည်း မြေးလေးတွေလည်းရလာမှာပေါ့နော်။ ကိုယ်ချစ်တဲ့သားသမီးတွေ မြေးလေးတွေကို မြန်မာ ပြည်ကြီးကဘယ်လောက်ချစ်ခင်ဖို့ကောင်းလဲ၊ ဧရာဝတီမြစ်ကြီးက ဘယ်လောက်လှလဲ၊ ဧရာဝတီမြစ်ကြီးက ပြည်သူပြည်သားတွေအသက်မွေးဖို့ ဘယ်လိုကူညီပေးနိုင်လဲ။ မြစ်ဆုံဆိုတာဘယ်လောက်လှလဲ၊ မြန်မာပြည်မှာ တောအုပ်တွေ တောင်တန်းတွေက ဘယ်လောက်လှလဲဆိုတာကို ညအိပ်ရာဝင်ပုံပြင်တစ်ခုကို ကလေးတွေကို မပြောပြချင်ပါဘူး”

“ဧရာဝတီမြစ်ကြီးဆီကိုခေါ်ပြပြီး တွေ့လား ဘယ်လောက်လှလဲဆိုတာကို သူတို့လက်လေးတွေဆွဲခေါ်ပြီး သွားပြချင်ပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့စိတ်ထဲမှာလည်း ကျွန်မလိုပဲဖြစ်မယ်လို့ထင်ပါတယ်။ အဲ့အတွက် ကျွန်မတို့ချစ်တဲ့ ဧရာဝတီကြီးကို ရွေးယူခွင့်ရချင်ပါတယ်” လို့ သရုပ်ဆောင် ပိုင်ဖြိုးသု က ပါဝင်ဆွေးနွေးခဲ့ပါတယ်။


အဆိုတော် အောင်ထက်

“ကျွန်တော်တို့ ခံစားချက်တွေ ပါဝင်ဆွေနွေးပေးပါဆိုလို့ ပါဝင်ဆွေးနွေးတာပါ။ ဒီစီမံကိန်းသာဖြစ်သွားရင် ကျွန်တော့်မှာစိုးရိမ်မိတာအများကြီးရှိပါတယ်။ ကျွန်တော်တို့က အလှအပတရားတွေကိုခံစားကြတယ်။ အလှအပတွေအားလုံး ပျောက်ဆုံးသွားမှာကို ကြောက်ပါတယ်။ ဧရာဝတီကိုမှီခိုနေတဲ့သူတွေအတွက် မြစ်ရေမရှိရင် ဒုက္ခရောက်ကြလိမ့်မယ်။ ဧရာဝတီကိုမှီခိုနေကြတဲ့သူအားလုံးလည်း ဧရာဝတီကြီးမှမရှိတော့ဘူးဆိုရင် ပူပန်စရာတွေကတော့အများကြီးပါပဲ။ ကျွန်တော်တို့ဧရာဝတီနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်မိပါတယ်။ အဲ့လို စိုးရိမ်စရာတွေ ပူပန်စရာတွေမရှိအောင် ပြည်သူတွေပါဝင်ပေးဖို့ တိုက်တွန်းပါရစေ” လို့ အဆိုတော် အောင်ထက်က ပြောပါတယ်။

Source and photos from Irrawady


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.