Monday, 22 April 2019 05:30

stray_dogs_in_ygn.jpeg

 

ရန်ကုန်မြို့ရှိခွေးလေခွေးလွင့်များကို ခွေးဂေဟာသို့စနစ်တကျပို့ဆောင်နိုင်ရေး မြို့နယ်ရပ်ကွက်အလိုက်စည်းရုံးပေးကြရန် စည်ပင်ကော်မတီဝင်များအား ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး က တိုက်တွန်းပြောဆိုထားပါတယ်။

“ခွေးတွေကိုသတ်ဖို့ပြောတာမဟုတ်ဘူး။ မြို့တော်ရဲ့လမ်းမတွေအပေါ်မှာ ခွေးလေခွေးလွင့်တွေမရှိအောင်လို့ စနစ်တကျနဲ့ဖမ်းပြီးတော့ဂေဟာပို့ပေးပါမယ်။ သို့သော် ရပ်ကွက်ကလက်မခံရင်လုပ်လို့မရဘူး။ အဲဒါကြောင့်ရပ်ကွက်ကလက်ခံလာအောင် စည်းရုံးပေးပါ။ ဘာကြောင့်လဲဆိုတော့လူကိုအန္တရာယ်ပေးနိုင်တယ်။ အမှိုက်ထက်ဆိုးပါတယ်။ နောက်တစ်ခုကဆေး မလုံလောက်ပါဘူး။ ဆေးလုံလောက်ရင်တောင်မှ လွယ်လွယ်လေး နဲ့ဆေးထိုးလိုက်ဆိုတဲ့ သဘောမျိုးလည်းမဖြစ်စေချင်ပါဘူး” ဟု ဦးမောင်မောင်စိုး က ဧပြီ ၁၈ ရက် ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

လမ်းမပေါ်မှာခွေးလေခွေးလွင့်များရှိပါက ကလေးသူငယ်များနှင့် လူအများအန္တရာယ်ရှိနိုင်သည့်အတွက် မြို့နယ်တိုင်းမှတာဝန်ရှိပြည်သူများက ခွေးလေခွေးလွင့်များဖမ်းနိုင်စေရေးစီစဉ်ပေးရန် မြို့တော်ဝန်က ဆက်လက်တိုက်တွန်းခဲ့ပါတယ်။

ထို့နောက် စည်ပင်သာယာကော်မတီအဖွဲ့ဝင်(၁၀) ဒေါ်နန်းစုရွှေစင်က ရန်ကုန်မြို့တွင်းခွေးလေခွေးလွင့်များကို ရှင်းလင်းရေးလုပ်ငန်းလုပ်ဆောင်ရန် နယ်မြေခံများပူးပေါင်းဆောင်ရွက်လုပ်ဆောင်သင့်ကြောင်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

“သင်္ကြန်​ကာလအတွင်းမှာ ကြည့်မြင်တိုင်မြို့နယ်မှာ ခွေးနှစ်ကောင်ကိုက်လို့ လူ ၁၅ ယောက်ထိခိုက်ဒဏ်ရာ ရတယ်လို့ကြားရတယ် ။ အဲဒီပြဿနာကိုရှင်းပေးဖို့လည်းပြောတယ်။ အဲဒီကိစ္စကိုနယ်မြေခံတွေနဲ့ ပူးပေါင်းပြီးမှ ဖြေရှင်းလို့ရတဲ့အတွက် မြို့နယ်ကော်မတီအဖွဲ့က ပူးပေါင်းလုပ်ဆောင်ပေးကြဖို့လိုပါတယ်။ ခွေးလေခွေးလွင့်တွေကိုဖမ်းဆီးပြီး ခွေးဂေဟာပို့ဖို့ကိစ္စကိုလည်းလုပ်ချင်တယ်။ Facebook တွေမှာလည်း ကာကွယ်ဆေးမထိုးပေးဘူးဆိုတဲ့ ပြဿနာတွေတက်လာတယ်။ ဒါကြောင့်စီမံချက်တစ်ခုအနေနဲ့လုပ်ဆောင်ချင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်စုစုပေါင်း အကောင်တစ်သိန်းကျော်ခန့် ရှိပြီး မကြာခင်မှာ ခွေးမျိုးပွားရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် ခွေးလေခွေးလွင့်များကို အမြန်ဆုံးရှင်းလင်းပေးသင့်ကြောင်း ဒေါ်နန်းစုရွှေစင် က ပြောဆိုခဲ့ပါတယ်။

Source: MyanmarTimes


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.