Monday, 22 April 2019 04:53

ybs.jpg

 

အဲယားကွန်းမဖွင့်ခြင်းအပါအဝင် မှတ်တိုင်တွင် ရပ်မပေးခြင်း၊ မှတ်တိုင်ကျော်လွန်ကာ မီးပွိုင့်နားရောက်မှရပ်ပေးခြင်း စသည်ဖြင့် စည်းကမ်းဖောက်ဖျက်သော YBS များကို ထိရောက်စွာအရေးယူပေးရန်လိုလားကြောင်း YBS စီး ခရီးသည်အသိုင်းအဝိုင်းများထံမှ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၏အပူချိန်မှာ သင်္ကြန်ပြီးချိန်မှစ၍ ၄၀ ဒီဂရီစင်တီဂရိတ်အထိ သိသာစွာမြင့်တက်လာခဲ့ကာ ခရမ်းလွန်ရောင်ခြည်အထူးသတိပေးချက်ထုတ်ပြန်ထားရကြောင်း၊ သို့သော် ထိုသို့အပူချိန် အလွန်မြင့်မားသောအချိန်တွင်ပင် YBS ကားတချို့မှာ အဲယားကွန်းမပါရှိခြင်း၊ အဲယားကွန်းပါရှိပါလျက် ဖွင့်မပေးခြင်းများရှိနေ၍ ဘတ်စ်ကားစီးခရီးသည်များမှာ စီးနင်းရသက်သောင့်သက်သာမရှိကြကြောင်း ဘတ်စ်ကားစီးခရီးသည်အချို့ က ဖွင့်ဟပြောဆိုထားကြပါတယ်။

ထို့ပြင် YBS ယာဉ်အချို့မှာ ယခင်မထသခေတ်ကအတိုင်း မှတ်တိုင်တွင်ခရီးသည်များမြင်ပါလျက် ရပ်မပေးဘဲမောင်းပြေးခြင်း၊ ရှေ့ကားမီအောင် အရှိန်မြှင့်မောင်းခြင်း၊ နောက်ကားလိုက်မမီအောင် လမ်းပိတ်မောင်းခြင်း၊ လမ်းကြောင်းပေါ်တွင်ကားချင်းဆုံပါက အလုအယက်မောင်းနှင်ခြင်း၊ တစ်ခါတစ်ရံ တစ်ဖက်ယာဉ်ကြောဘက်သို့ရောက်ကာ လမ်းပြောင်းပြန်မောင်းနှင်ခြင်းစသည်ဖြင့် စည်းကမ်းဖောက်ဖျက်မောင်းနှင်နေကြသဖြင့် ကားပေါ်ပါ YBS စီးခရီးသည်များအနေဖြင့် စိုးရိမ်ပူပန်ရကြောင်းလည်း ပြောဆိုထားကြပါတယ်။

"တစ်ခါတလေ ခရီးသည်တွေကလည်း ခက်တယ်။ ကျွန်တော်တို့က အချိန်လုမောင်းနေရတာ။ ကားမြင်ရင်လှမ်းတားရမှာ လက်နှေးနေတယ်။ ကျွန်တော်တို့က လမ်းကြောင်းအရှည်ကြီး တစ်နေကုန်မောင်းရတော့ ခရီးသည်က လှမ်းတားရင် ခရီးသည်က လိုက်မယ့်ပုံမျိုးပြရင် ရပ်လိုက်တယ်။ မဟုတ်ရင်တော့ မောင်းချင်တာပဲ" ဟု YBS အမှတ် ၃ ယာဉ်လိုင်းမှ ယာဉ်မာင်းတစ်ဦးကလည်း ပြောဆိုထားပါတယ်။

"အခုရက်ပိုင်း နေအရမ်းပူနေတဲ့အချိန်အဲယားကွန်းပါပြီး မဖွင့်တဲ့ကားတွေ အခုနောက်ပိုင်း တော်တော်လေးများလာတယ်။ YBS စနစ်က တခြားဟာတွေပြင်လာပေမယ့် တကယ်ဖြစ်နေတဲ့အခက်အခဲတွေကိုတော့ ထိရောက်အောင်မလုပ်ဆောင်နိုင်သေးဘူး။ သတ်မှတ်ထားတဲ့မှတ်တိုင်အထိမရောက်ဘဲ ပြန်လှည့်နေတဲ့ကားတွေလည်းရှိတယ်။ ယုဇနပလာဇာမီးပွိုင့်မှာဆို လမ်းပြောင်းပြန်မောင်းတဲ့ကားတွေတောင်ရှိတယ်။ ဒီလိုမျိုး စည်းကမ်းဖောက်တဲ့ကားတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်။ အရေးယူမယ်လို့ပြောတာကလည်း ကြားရတာရိုးနေပြီ။ တကယ်လည်း ထိထိရောက်ရောက်မလုပ်ဘဲ အပြောပဲရှိတယ်"ဟု တောင်ဒဂုံမြို့နယ်မှ ဆူးလေသို့နေ့စဉ်သွားလာပြီး အလုပ်ခွင်ဝင်ရသူ ကုမ္ပဏီဝန်ထမ်း ဒေါ်သင်းသင်းအောင် က ဧပြီ ၂၀ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့တွင် YBS ခရီးသည်တင်ယာဉ်လိုင်း ၁၀ဝ ခန့်က ကားစီးရေ ၅၀ဝ၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း၊ YBS ယာဉ်လိုင်းများတွင် မီနီဘတ်စ်အများစုဖြင့်ပြေးဆွဲပေးနေသော တစ်ဦးချင်းပိုင်ယာဉ်လိုင်းများမှာ ခရီးသည်များကို ဝန်ဆောင်မှုအပြည့်အဝမပေးနိုင်ဘဲ မော်ဒယ်မြင့်ကားများဖြင့်ပြေးဆွဲပေးနေသော ကုမ္ပဏီယာဉ်လိုင်းများမှာမူ ဝန်ဆောင်မှုအတော်အတန်ပြည့်ဝစွာပေးဆောင်နိုင်ကြောင်း ဘတ်စ်ကားစီးခရီးသည်များက ပြောဆိုထားပါတယ်။

Source: MyanmarTimes


Read 118 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.