Tuesday, 05 March 2019 03:12

htg.jpg

 

အကျဉ်းထောင်အသီးသီးတွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန်နှင့် အကျဉ်းထောင်အတွင်း တားမြစ်ပိတ်ပင်ထားသည့်ပစ္စည်းများ မရောက်ရှိစေရန် ဆောင်ရွက်ရာတွင် အကျဉ်းသားများ၏စအိုအတွင်း လက်နှိုက်ရှာခြင်းမပြုဘဲ စက်ဖြင့်ရှာရန် သန်လျင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ် ကတိုက်တွန်းထားပါတယ်။

မတ်လ ၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဦးလွင်ကိုလတ် က အကျဉ်းသားများ ရုံးထုတ်အပြန်၊ အ ချုပ်သားများ ထောင်တွင်း ပြန်ဝင်လာချိန်တွင် တရားမဝင်ပစ္စည်းများ လျှို့ဝှက်သယ်ဆောင်လာကြောင်း သတင်းရရှိ၍ ထိုသို့ ပြုလုပ်ခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ် သဖြင့် X-Ray စက်ဖြင့် ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်သိလိုကြောင်း မေးခွန်းမေးမြန်းခြင်းဖြစ်ပါတယ်။

လုံခြုံရေးအရ မရှာ၍မရသော်လည်း ယခင်က အခြားနည်းလမ်းမရှိ၍ ခန္ဓာကိုယ်ထဲသို့ လက်ထိုးသွင်းပြီး မွှေနှောက်ရှာဖွေရခြင်းဖြစ်ကြောင်း၊ သတင်းသဘောအရ တိကျမှုများရှိသကဲ့သို့ အချို့မှာ ရှာသော်လည်း ဘာမှမတွေ့ သည်မျိုးရှိ၍ လူ့ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း၊ မလိုလားအပ်သည့် ရောဂါကူးစက်မှုများလည်း ဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်တွင် X-Ray စက်ဖြင့် ရှာ၍ရသည့် နည်းလမ်းရှိလာကြောင်း ဦးလွင်ကိုလတ် က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းဆွေးနွေးသွားပါတယ်။

အကျဉ်းထောင်လုံခြုံရေးနှင့် အကျဉ်းထောင်အတွင်း တားမြစ်ပိတ်ပင်ထားသည့်ပစ္စည်းများ မရောက်ရှိစေရန် ထောင်ဝင်စာပစ္စည်းများရှာဖွေခြင်း၊ တရားရုံးအပြန်ရှာဖွေခြင်း၊ ဝန်ထမ်း အဝင်၊ အထွက် ရှာဖွေခြင်းတို့ ဆောင်ရွက်ရာတွင် လူ့ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် အထူးအလေးထားဆောင်ရွက်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူ ကပြောကြားထားပါတယ်။

‘‘ခန္ဓာကိုယ်အတွင်း သွင်းယူ လာကြောင်း သတင်းအတိအကျ ရရှိသူကို စအိုအတွင်း လက်နှိုက်ရှာဖွေခြင်း လုံးဝမပြုလုပ်ဘဲ စအို အောက်တွင် ကြည့်မှန်ခံ၍ ထိုင်ထပြုလုပ်စေခြင်းနှင့် အန်စေခြင်း နည်းလမ်းတို့ကိုသာ ဆောင်ရွက် ပြီး ရှာဖွေနေပါတယ်’’ဟု ဒုဝန်ကြီးက ပြောကြားပါတယ်။

လက်ရှိတွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများပြားနေရာ မူးယစ်ဆေးဝါးစိတ်ကြွဆေးပြားများကိုလည်း အကျဉ်းထောင်အတွင်းသို့ စအိုအတွင်းထည့်၍လည်းကောင်း၊ ပါးစပ်မှမျိုချ၍လည်းကောင်း၊ ခေါက်ဆွဲထုပ်၊ မုန့်ထုပ်၊ ကော်ဖီမစ်ထုပ်အတွင်း ထည့်သွင်း၍လည်းကောင်း၊ အခြားအစားအသောက်ဘူးများအတွင်း ထည့်သွင်း၍လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် သွင်းယူလာနေခြင်းကြောင့် ရှာဖွေရေးကို အထူးအာရုံ စိုက်လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကစ၍ မူးယစ်ဆေးခိုးသွင်းမှုများကို ရှာဖွေရန် စက်များဝယ်ယူရန်ဘဏ္ဍာငွေများ တင်ပြတောင်းခံသော်လည်း ဖြတ်တောက်ခံရခြင်းများရှိခဲ့ကြောင်း ဒုဝန်ကြီးက ပြောပါတယ်။

Source: 7DayDaily


Read 24 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.