Tuesday, 18 July 2017 08:20

travel tips
ခရီးတစ်ခုထွက်တဲ့အခါ ပစ္စည်းတွေ ထုပ်ပိုးတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ အရေးကြီးတဲ့ ပစ္စည်းတစ်ခုခုများ မေ့ကျန်မိရင် ခရီးရောက်မဆိုက် စိတ်ညစ်ရ၊ လိုအပ်တဲ့ ပစ္စည်းအတွက် စတိုးဆိုင် ထွက်ရှာရနဲ့  စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရပြီပေါ့။ မလိုအပ်ဘဲ ပစ္စည်းတွေ တစ်ပုံတစ်ပင်ကြီး သယ်သွား မိပြန်ရင်လည်း လေးလံလှတဲ့ဝန်တွေနဲ့ ခရီးဖင့်နှေးတတ်သလို လေဆိပ်နဲ့ ဂိတ်တွေမှာ အထုပ်အပိုးတွေအတွက် ငွေအဆမတန် ကုန်ကျတတ်ပြန်ပါတယ်။ ဒါကြောင့် ပစ္စည်းတွေ ဘယ်လိုထုပ်ပိုးရမယ်ဆိုတဲ့ အခြေခံ ကျကျအကြံပြုချက်လေးတွေကို ပြန်ဝေမျှပေးချင်ပါတယ်။

ပစ္စည်းတွေကို မခေါက်ဘဲ လိပ်ပြီး ထုပ်ပိုးပါ
ခရီးသွားကျွမ်းကျင်သူတွေ၊ အချိန် ရက်လရှည်ကြာ ခရီးသွားဖူးသူတွေရဲ့ အကြံပြုချက်အရ ပစ္စည်းတွေကို မခေါက်ဘဲ လိပ်ပြီး ထုပ်ပိုးတာက ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ ကောင်းကောင်းလိပ်ပြီး ထုပ်ပိုးထားတဲ့ အဝတ်အစားတွေက ခေါက်ပြီးသိမ်းတဲ့ အဝတ်အစားတွေလောက် နေရာမယူတာမို့ပါ။ ဒါ့အပြင် အရမ်း ခေါက်ချိုးထားလို့ ဖြစ်ပေါ်တတ်တဲ့ အတွန့် အကြောင်းတွေက လိပ်ထားတဲ့ အဝတ်အစားတွေမှာ မရှိနိုင်ဘူးလေ။
ထုပ်ပိုးမယ့် ပစ္စည်းစာရင်း ပြုလုပ်ပါ

အထုပ်အပိုးပြင်ဆင်တဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကို ခန့်မှန်းပြီး ထုပ်ပိုးတာက အဆင်မပြေနိုင်ပါဘူး။ ခရီးမထွက်ခင် ရက် (သို့) ရက်သတ္တပတ် အတော်များများကနေစပြီး အထုပ်အပိုးအလုပ်အတွက် ပြင်ဆင်ပါ။ ဒါမှသာ ပစ္စည်းစာရင်းကို ပြည့်ပြည့်စုံစုံ ရေးမှတ်နိုင်မှာဖြစ်သလို ခရီးအတွက် လိုအပ်နိုင်တဲ့ နောက်ထပ် ပစ္စည်းတွေကိုလည်း ဝယ်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ ပစ္စည်းစာရင်း ပြုလုပ်တာက မမှားနိုင်တဲ့ နည်းလမ်းဖြစ်သလို အရေးကြီးတဲ့ ပစ္စည်းတွေဘယ်တော့မှ မေ့မကျန်မိစေဖို့ သေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။
ပစ္စည်းတန်ဆာခနဲ့ ဆိုင်တဲ့ လေကြောင်းလိုင်းရဲ့ ပေါ်လစီကို သိထားပါ

လေယာဉ်နဲ့ သွားဖို့ ဆုံးဖြတ်ထားရင် လေကြောင်းလိုင်းတွေက ကုန်ပစ္စည်း တန်ဆာခ ဘယ်လိုယူတယ်ဆိုတာ သိထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါဟာ ငွေအကုန်အကျသက်သာစေဖို့ ထုပ်ပိုးတဲ့နေရာမှာ အဓိကအချက်ဖြစ်ပါတယ်။ လေကြောင်းလိုင်းအများစုက အနည်းဆုံး အိတ်တစ်အိတ်ကိုပဲ စစ်ဆေးပြီး တန်ဆာခမယူဘဲ ကိုင်ဆောင်ခွင့်ပြုတတ်ပေမယ့် အချို့ ပြည်တွင်းလေကြောင်းလိုင်းတွေက ကိုယ်ကိုင်ဆောင်တဲ့ အိတ်အပါအဝင် အိတ်အားလုံးအတွက် တန်ဆာခအများကြီး ကောက်တတ်ပါတယ်။ ဒါကြောင့် လက်မှတ် မဝယ်ခင်မှာ တန်ဆာခနဲ့ သက်ဆိုင်တဲ့ လေကြောင်းလိုင်းတွေရဲ့ ပေါ်လစီကို သိထားသင့်ပါတယ်။
ကိုယ့်ရဲ့ပုဂ္ဂိလ်ရေးရာပစ္စည်း သယ်ဆောင်ခွင့်ကို လိမ္မာပါးနပ်စွာအသုံးချပါ       
ခရီးသည်တွေအနေနဲ့ အိတ်တစ် အိတ်ကို လက်နဲ့ ကိုင်ဆောင်သွားခွင့်ရှိသလို ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးရာ အရေးကြီး ပစ္စည်းတစ်ခုကိုလည်း လေယာဉ်ပေါ် ကိုယ်နဲ့မကွာ သယ်ယူခွင့်ရှိတာက လေကြောင်းလိုင်းတွေမှာ သတ်မှတ်ထားတဲ့ စံဖြစ်ပါတယ်။ ဒီလို သယ်ယူနိုင်တဲ့ ပစ္စည်းရဲ့ အရွယ်အစားက လေကြောင်းလိုင်းတွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ ကွန်ပျူတာ လက်ပ်တော့အိတ်နဲ့ ကျောပိုးအိတ် အရွယ်အစားအထိ လက်ခံတတ်ပါတယ်။  ဒါကြောင့် အိတ်တွေထဲမှာ ပြည့်သိပ်ထည့်မနေဘဲ လက်နဲ့ကိုင်သွားလို့ရမယ့် ပစ္စည်းတွေကို ရွေးချယ်တာက ကောင်းပါတယ်။
ခရီးစဉ်အတွင်းမှာ အဝတ်အစားတွေကို လျှော်ဖွတ်အသုံးပြုပါ

အဝတ်လျှော်စက်တွေနဲ့ ဝန်ဆောင်မှု ရှိတဲ့နေရာမှာ တည်းခိုဖို့ပါပဲ။ ဒါဆိုရင် အဝတ်အစားနည်းနည်းကို ယူသွားရုံနဲ့ လျှော်ဖွတ်သန့်စင်ပြီး အလှည့်ကျ ဝတ်ဆင်နိုင်တာပေါ့။ ဒါကြောင့် ကိုယ်တည်းမယ့် ဟိုတယ်မှာ အဝတ်လျှော် ဝန်ဆောင်မှု  ရှိလားဆိုတာ စူးစမ်းပြီးမှ တည်းခိုပါ။
နှစ်မျိုးသုံးလို့ရမယ့် ပစ္စည်းတွေကို ရွေးသယ်သွားပါ

ပစ္စည်းတစ်ခုတည်းကို နှစ်မျိုးတွဲသုံးလို့ ရတယ်ဆိုရင် ထုပ်ပိုးသယ်သွားရာမှာ ဝန်ပေါ့စေနိုင်ပါတယ်။ လိုအပ်ရင် ခေါင်းအုံး အနေနဲ့လည်း သုံးလို့ရမယ့် ဂျက်ကက်အင်္ကျီ၊ ဘောင်းဘီတိုအဖြစ်လည်း ခေါက်ဝတ်လို့ရမယ့် ဘောင်းဘီရှည်စတဲ့ အရာမျိုးတွေကို ရွေးသယ်သွားတာက အသုံးလည်း တည့်သလို ပိုဝန်ပေါ့စေမယ် မဟုတ်လား။
အထပ်လိုက် ထုပ်ပိုးပါ

ဒီအချက်ကတော့ နှစ်မျိုးယူလို့ ရပါတယ်။ ကိုယ်တိုင်လည်း အဝတ်အစားနှစ် ထပ်ဝတ်သွားနိုင်သလို ပစ္စည်းတွေကိုလည်း အထပ်လိုက် ထပ်ပြီး ထုပ်ပိုးရမှာပါ။ ဒါမှသာ ဘယ်အချိန် ဖွင့်ကြည့်ကြည့် ပစ္စည်းတွေက ကြည့်ကောင်းပြီး စနစ်ကျမှာပါ။ ဒါ့အပြင် ပစ္စည်းတစ်ခုခုကို လွယ်လွယ်ကူကူ  ဖွင့်ရှာလို့ရအောင်၊ စစ်ဆေးရေး ဖန်သားပြင်မှာ လွယ်လင့်တကူ ထင်ရှားအောင်ပစ္စည်းတွေကို စနစ်တကျ ထပ်ထားဖို့လိုပါတယ်။
အရေးကြီးတဲ့ ပစ္စည်းတွေကို ကိုယ်နဲ့မကွာ ယူထားပါ

ဂိတ်မှာ စစ်မယ့် ပစ္စည်းအိတ်တွေထဲမှာ ကိုယ့်အတွက် အရေးကြီးပစ္စည်းတွေ ဖြစ်တဲ့ ပတ်စ်ပို့၊ ငွေ၊ လက်ဝတ်လက်စားတွေ၊ ခရစ်ဒစ်ကတ် အစရှိတဲ့ တန်ဖိုးကြီးပြီး မရှိမဖြစ် လိုအပ်မယ့် ပစ္စည်းတွေကို မထည့်ဘဲ လက်နဲ့ သယ်သွားလို့ရမယ့် အိတ်ထဲမှာ ထည့်ပါ။ တကယ်လို့များ လေကြောင်းလိုင်းမှာ အိတ်မတော်တဆ ပျောက်ခဲ့ရင် တန်ဖိုးကြီးပစ္စည်းတွေအတွက် သင် စိတ်ညစ်ရပါလိမ့်မယ်။
ဇွန်မာန်
Read More About Travel Tips Articles Here


Read times Last modified on Tuesday, 18 July 2017 08:28
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.