Thursday, 06 July 2017 10:26

Travel
ပုဂံကို အခေါက်ပေါင်းများစွာ ရောက်ဖူးပေမယ့် ရာသီအားလုံးထဲမှာ လည်ပတ်လို့ အကောင်းဆုံးကာလကို ပြောပါဆိုရင် မိုးတွင်းသွားရတာကိုပဲ ပြောရမှာပါ။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်ဆိုတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ အဆိုအတိုင်း ပုဂံဟာ မြန်မာလူမျိုးတိုင်းရဲ့ အသည်းနှလုံးထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမယ့် နှစ်တိုင်းတော့ ရောက်အောင် သွားနိုင်ဖို့က မလွယ်လှပါဘူး။ ပုဂံဟာ မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ခြောက်သွေ့တဲ့ဒေသမှာ တည်ရှိနေတာကြောင့် ရာသီဥတုဟာ မိုးတွင်းကာလမဟုတ်ရင် ခြောက်သွေ့ပူပြင်းပါတယ်။ ဒါပေမယ့်လည်း ခရီးသွားအများစုဟာ မိုးအကုန်ဆောင်းအကူးနဲ့ နွေဦးပေါက်တွေမှာသာ ပုဂံကို လည်ပတ်လေ့ရှိတာကို တွေ့ရပါတယ်။ မိုးကာလဟာ စိုစွတ်ပြီး သွားလာရခက်ခဲတာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ အလာနည်းတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် ဒီကာလဟာ ပုဂံမှာ သွားလာလည်ပတ်လို့ အကောင်းဆုံးကာလဆိုတာကို သိကြပါသလား။ ဘာကြောင့်ပါလဲ။
baganr
မိုးလေးတဖြောက်၊ နှစ်ဖြောက်ကျလိုက်တာနဲ့ ပုဂံက သဲဆန်တဲ့ မြေကြီးတွေဟာ ချက်ချင်း ဖုန်တွေသိပ်သွားပြီး မြေသင်းနံ့လေးမွှေးနေတာနဲ့တင် အဲဒီအညာရနံ့က စပြီးတော့ ခံစားမိရပါပြီ။ ကျွန်မတို့မိသားစု ဒီအပတ် ပုဂံကိုသွားဖို့ စီစဉ်ကြတော့ မိုးတွင်းမို့ အဆင်ပြေပါ့မလား စိုးရိမ်မိပေမယ့် တကယ်ရောက်သွားတဲ့အခါမှာ တော်တော်လေးကို သွားလာလည်ပတ်ရ အဆင်ပြေတာတွေ့ရပါတယ်။ ဥပမာ ရာသီဥတုမပူတာ၊ ဟိုတယ်တွေ တည်းခိုခန်းတွေ ချိတ်ဆက်ရတာ အဆင်ပြေတာ၊ ဘုရားတွေ လှည့်ပတ်ဖူးတဲ့အခါမှာ လူအများကြီးမဖြစ်လို့ အေးအေးဆေးဆေး လေ့လာ ဖူးမြော်နိုင်တာတွေကြောင့်ပါ။ ခရီးတစ်ခုစီစဉ်ပြီဆိုတာနဲ့ ရာသီဥတုဟာ အဓိက အရေးပါပါတယ်။ ပုဂံကို ဘုရားဖူးထွက်ကြမယ်၊ လေ့လာရေးထွက်ကြမယ်ဆိုရင် အများစုက မိုးလေကင်းလွတ်မှသွားတာ ကောင်းတယ်ဆိုတဲ့ အယူရှိပြီးသားပါ။ ဘုရားဖူးခရီးသွားတွေ သိပ်များလွန်းတဲ့ကာလမှာ အချို့ကလည်း လူများလေ ပိုပျော်လေဆိုသလိုမျိုး ခရီးသွားကြတာရှိပါတယ်။ ဆောင်းတွင်းကာလကတော့ မနက်ပိုင်း ဆောင်းလေလေး အေးအေးဆိုပေမယ့် နေ့လယ်နေ့ခင်း အပြင်ထွက်တာနဲ့ ဖုန်လုံးကြီးတွေနဲ့ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ လွတ်လွတ်လပ်လပ် လည်ပတ်လို့ မကောင်းတာကတော့ အားလုံးအသိပါပဲ။ မနက်ခင်းပိုင်းလေးနဲ့ ညနေခင်းနေလေးအေးမှ အပြင်ထွက်နိုင်ကြတာမို့ ကိုယ်သွားချင်တဲ့နေရာစုံ ရောက်ကြပါ့မလား။ ခုမိုးကာလမှာ အားသာချက်တွေထဲက ရာသီဥတုက ကိုယ့်ဘက်မှာ ရှိတယ်ဆိုတာလေး ပြောချင်ပါတယ်။
bagan
ရန်ကုန်မှာလို သဲကြီးမဲကြီး ရွာချတတ်တဲ့ မိုးမဟုတ်တာကြောင့် ပုဂံမိုးဟာ မိုးပေါက်လေးတွေ၊ မိုးပြေးလေးတွေနဲ့တင် ပြီးနေတာပါပဲ။ မိုးသည်းတယ်ဆိုတဲ့ အချိန်တောင် နာရီဝက်လောက်သာ ရွာတတ်တာပါ။ ကောင်းကင်က ခပ်ညိုညို၊ နေက မပူ၊ မိုးစက်တွေကြောင့် ဖုန်တွေသိပ်လို့ မြေသင်းနံ့ သင်းသင်းနဲ့ ကိုယ်လေ့လာချင်သလောက် ဘုရားတွေကို မပင်မပန်းဘဲ သွားလေ့လာနိုင်မှာပါ။

တစ်ခုရှိတာက မိုးတွင်းမို့ ညနေ နေဝင်ချိန် sunset ကြည့်ချင်သူတွေတော့ ခက်ခဲပါလိမ့်မယ်။ မနှစ်က ငလျင်ဒဏ်ခံခဲ့ရတာမို့ အချို့နာမည်ကြီး ဘုရားတွေဖြစ်တဲ့ စူဠာမဏိ၊ ပြသာဒ်ကြီး၊ ဓမ္မရံကြီး၊ သဗ္ဗညု၊ ဓမ္မရာဇက၊ မြောက်ဂူနီစတဲ့ ဘုရားကြီးတွေမှာတော့ ပြင်ဆင်ထိန်း သိမ်းမှုတွေ လုပ်နေဆဲပါ။ ရွှေသင်္ကန်းကပ်တဲ့ ဘုရားတွေမှာတော့ အပေါ်လုံးတော်ပတ်လည်ကို ကာကွယ်ထားတာမို့ ရွှေရောင် ဝင်းဝင်းတော့ သေချာမြင်ရမှာ မဟုတ်ပါဘူး။ ကျန်စစ်သားမင်းကြီး ကောင်းမှုတော်စေတီကြီးမှာတော့ အစိုးရအချင်းချင်း အစီအစဉ်နဲ့ အိန္ဒိယက ပညာရှင်တွေက အရင်ခေတ်လက်ရာ နံရံဆေးရေး ပန်းချီတွေကို ပြန်လည်ဖော်ထုတ်ဖို့ ပြင်ဆင်နေတာတွေ တွေ့နိုင်ပါတယ်။ ဂူဘုရားအတွင်းပိုင်းမှာတော့ အေးအေးဆေးဆေး လည်ပတ်လေ့လာနိုင်ပါတယ်။ ကျွန်မတို့ အာနန္ဒာဘုရားအတွင်း ရောက်နေတုန်း မိုးက ဗြုန်းဆို ရွာချလိုက်တာမို့ မိုးခိုနေရင်းနဲ့ ဘုရား ပရဝုဏ်အတွင်း မိုးတွေ တပေါက်ပေါက်ကျနေတာကို ကြည့်ရင်းနဲ့ အရင်ပုဂံခေတ်က မိုးခေါင်ရေရှားကာလမှာ ဒီဘုရားကြီးတွေကို ဘယ်လိုပုံနဲ့ တည်ထားခဲ့တာလဲဆိုတာ ခပ်လေးလေးအတွေးတွေ ဝင်မိပါသေးတယ်။
bagan1

ပုဂံဟာ ဘယ်ချိန်သွားသွား သမိုင်းကို တစ်ပါတည်း ယူဆောင်သွားနိုင်တာမို့ ခရီးသွားရတာ သိပ်အရသာရှိစေပါတယ်။ ပုဂံရဲ့ နာမည်ကြီး ဘုရားတွေထဲက နောက်တစ်ဆူဖြစ်တဲ့ ထုမှာ ဓမ္မရံဆိုတဲ့ စကားအတိုင်း ဓမ္မရံကြီးစေတီကတော့ ကျွန်မတို့ အကြိုက်ဆုံး ပုဂံက စေတီတစ်ဆူပါပဲ။ အဝေးကပဲ ကြည့်ကြည့်၊ အနီးကပဲ ကြည့်ကြည့် မှိုင်းညို့ညို့နဲ့ ထုထည်ကြီးကြီး ရပ်တည်နေတဲ့ ဒီစေတီကြီးဟာ လွမ်းဆွေးစရာ၊ ရွံ့ကြောက်စရာ၊ သနားစရာ အတိတ် တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီစေတီရောက်ပြီဆိုရင် ကုလားကျမင်းလို့ ခေါ်တဲ့ နရသူမင်းနဲ့ သူ့ရဲ့ သီဟိုဠ် သူမိဖုရား၊ ဒီဘုရင်ကို လာရောက် သတ်ဖြတ်တဲ့ ပုဏ္ဏားအယောင်ဆောင် သီဟိုဠ်ကျွန်းက အထူးသူလျှိုတွေနဲ့ သူတို့ရဲ့ ဇာတ်လမ်း၊ စေတီထဲ ဝင်သွားတာနဲ့ အတွင်းဆုံး ဂူအတွင်းပိုင်းကို ပိတ်ဆို့ထားတာ၊ ထီးတင်လို့ မရတာ၊ အပြင်ဘက်က ကျယ်ဝန်းလှပြီး ပြိုပျက်နေသေးတဲ့ အုတ်တံတိုင်း၊ ဒါတွေအားလုံးဟာ ပုဂံကို ခဏခဏလာဖို့ ဆွဲဆောင်နေတဲ့ အရာတွေပေါ့။
ပုဂံဘုရား တစ်ဆူစီတိုင်းမှာ သူ့ရာဇဝင်နဲ့သူ၊ သိပ်ခံစားလို့ကောင်းတဲ့ သမိုင်းတွေရှိတယ်။ သမိုင်း နဲ့ အရသာရှိရှိ ခံစားလည်ပတ်တဲ့အခါ နေရာတိုင်းဟာ အတိတ်တွေနဲ့ ကြွတက်လာစေပါတယ်။ ကျွန်မတို့ လောကနန္ဒာဆိပ်ကမ်း ရောက်တဲ့အခါ ဟိုးနှစ်ပေါင်း တစ်ထောင်ကျော်က ဧရာဝတီမြစ်ကြီးကို မှီခိုပြီး လူတွေ စီးပွားရေးအတွက် ကူးလူးခဲ့ကြရာမှာ တခြားပြည်ပက ကုန်တင်လှေကြီးတွေ ဒီဆိပ်ကမ်းမှာ ရပ်နားကြမှာ၊ ကျန်စစ်မင်းကြီးရဲ့သမီးတော် ရွှေအိမ်စည်နဲ့ ပဋိက္ခရားမင်းသား ဘယ်နေရာမှာများတွေ့ခဲ့ကြမလဲ ဆိုတာ တွေးရင်းနဲ့ အတိတ်ကို အနာဂတ်ကို ဆွဲယူကြည့်မိပါသေးတယ်။
မနူဟာဘုရားဘက်ရောက်တော့လည်း သထုံက စစ်ရှုံးလို့ ပုဂံပြည်ပါလာတဲ့ မနူဟာမင်းကြီး ရဲ့ ကောင်းမှုတော်ကို စဉ်းစားကြည့်မိရပါသေးတယ်။ ရာဇဝင်ဆရာတွေ ပြောသလို မနူဟာမင်းကြီးဟာ သူ့ရဲ့ ကျဉ်းကျပ်တဲ့ စိတ်ကိုဖော်ပြချင်လို့ ကျောင်းဆောင်သေးသေးထဲက ရုပ်ပွားတော်ကြီးကြီးကို ထုလုပ်ခဲ့လေသလား။ ဒါမှမဟုတ် ဗိသုကာဆရာတွေကပဲ တီထွင် တည်ဆောက်ထားတာများလား၊ သို့လော သို့လောတွေက အများသားရယ်။ ဒါပေမယ့်လည်း မွန်ပညာရှိတွေ အများကြီးပါလာတဲ့အတွက် ပုဂံရဲ့ ယဉ်ကျေးမှု အများကြီးတိုးတက်သွားတယ် ဆိုတာကိုတော့ ကျေးဇူးတင်ရပါလိမ့်မယ်။ စေတီတိုင်းရဲ့ ရာဇဝင်ကို ရေးရရင်တော့ ပြီးမယ် မထင်ပါဘူး။ ဒါကြောင့် အေးအေးဆေးဆေး စိတ်ကြည်ကြည်လင်လင်နဲ့ ဘုရားဖူးထွက်ချင်ရင်တော့ ဒီမိုးကာလဟာ သိပ်အဆင်ပြေတယ်လို့ ညွှန်းချင်ပါတယ်။ ပေါ့ပေါ့ပါးပါး ခရီးတစ်ခုစီစဉ်မယ်ဆိုရင် မိုးတွင်းကာလကတော့ သုံးရက်လောက်နဲ့ ပုဂံကို လေ့လာဖို့ အပန်းဖြေဖို့ သွားသင့်ပါတယ်လို့ ညွှန်းပါရစေ။
ကျော်ဆုမွန်
Read More About Traveling Here


Read 287 times Last modified on Thursday, 13 July 2017 05:45
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.