Friday, 23 June 2017 07:58 Written by 

wine
ဝိုင်ကို မှန်မှန်ကန်ကန်နဲ့ စမတ်ကျကျ သောက်တတ်ဖို့နဲ့ မသောက်သူတွေ အတွက်လည်း ဗဟုသုတရစေချင်လို့ပါ။

စားသောက်ဆိုင်တွေမှာ သွားစားလို့ မသောက်ခင် ဝိုင်မြည်းမယ်ဆိုရင်တော့ ပုလင်းထဲမှာ အကြာကြီး ပိတ်လှောင်ခံထားရတဲ့ ဝိုင်ကို အောက်စီဂျင်ရသွားအောင် ဖန်ခွက်ကို အောက်ခံခြေထောက်လေးကနေ ကိုင်ပြီး စက်ဝိုင်းပုံ သုံးလေးချက် လှုပ်ရမ်းလိုက်ပါ။ ပြီးရင် အနံ့ခံပါ။ ဝိုင်နံ့သင်းသင်းလေး ထွက်လာပါလိမ့်မယ်။ ပြီးရင် တစ်ကျိုက်လောက် သောက်ကြည့်ပါ။ ခပ်အောင်းအောင်းကြီးဖြစ်မနေရင် သောက်လို့ရတဲ့ဝိုင်ပါ။
- သက်ရင့်ဝိုင်၊ သက်နုဝိုင် နှစ်မျိုးစလုံး သောက်လို့ ကောင်းပါတယ်။ ပါးစပ်ထဲမှာ ခါးသက်သက်အရသာ ကပ်ကျန်မနေဘဲ လျှောကနဲဖြစ်သွားရင် သက်ရင့်ဝိုင်ဖြစ်ပြီး ပါးစောင်နံရံတွေ အာခေါင်တွေမှာ အရသာ ခါးသက်သက်ကျန်နေသေးရင် သက်နုလို့ ဆိုကြပါ တယ်။
- ဝိုင်ခွက်ကို ကိုင်ပြီး မြှောက်ကြည့် တာဟာ ဝိုင်ရဲ့ အရောင်ကို ကြည့်တာပါ။ ဝိုင်ရဲ့ ဂါဝန် (la robe) လို့လည်း ခေါ်ပါတယ်။
- ခွက်ထဲမှာရှိတဲ့ ဝိုင်ရဲ့အပေါ်ဆုံးက အနားသားလေးတွေကို သေချာကြည့်ရင် တစ်မျိုးနဲ့တစ်မျိုး အနားသားအရောင်တွေ မတူဘူးဆိုတာ သတိထားမိပါလိမ့်မယ်။ ဝါကျန့်ကျန့် အရောင်ဖျော့ဖျော့ အနားသားဆိုရင် သက်တန်းရင့်ဝိုင်ပါ။
- ဒီနေ့ ကမ္ဘာ့ဈေးအကြီးဆုံးဝိုင်ကတော့ တစ်ပုလင်းကို သိန်း ၁၈၀ တန်ပါတယ်။
- စားသောက်ဆိုင်တွေမှာ သွားစားလို့ ဝိုင်မှာဖို့ တွေဝေနေတယ်ဆိုရင် waiter က ကိုယ်စားမယ့် အစားအသောက်ပေါ် မူတည်ပြီး ဘယ်ဝိုင် ဘယ်နှစ်ခုနှစ်ထွက် ဘယ်တံဆိပ်နဲ့ လိုက်ကြောင်း အကြံပေးနိုင်ပါတယ်။
- စားပွဲထိုးလုပ်သူက ကိုယ့်စားပွဲနားမှာလာပြီး ကိုယ့်ရှေ့မှာ ဝိုင်ပုလင်းဖွင့်ရပါတယ်။ ဝိုင်အနီဆိုရင် လာစားတဲ့သူတွေထဲက ဘယ်သူမြည်းမှာလဲလို့ မေးပါတယ်။ မြည်းမယ့်သူရဲ့ဖန်ခွက်ထဲကို ဝိုင်အနည်းငယ်ထည့် ပေးပြီး Yes or No အဖြေကို ရပ်စောင့် နေပါတယ်။ ဆိုလိုတာက ဝိုင်ကောင်းတယ်၊ Ok ထားခဲ့တော့။ ဝိုင်မကောင်းဘူး၊ အောက်စော်နံနေတယ်၊ အရသာပဲ့နေတယ် ဘာညာဆိုရင် ပုလင်းအသစ် နောက်ထပ်ထပ်ဖွင့်ပေးပြီး ထပ်မြည်းခိုင်းပါတယ်။ စားသုံးသူက ကြိုက်တယ်၊ ကောင်းတယ်ဆိုမှ ဘယ်သူတွေ သောက်ကြမှာလဲ မေးပြီး သောက်မယ့်သူတွေရဲ့ ဖန်ခွက်တွေထဲကို ငဲ့ထည့်ပေးပြီး ပုလင်းကို ချထားပေးခဲ့ပါတယ်။
- ဝိုင်သောက်ခြင်းဟာ ဟိုးလွန်ခဲ့တဲ့ BC 7000 လောက်ကတည်းက စခဲ့ပြီး နောင်ပိုင်းမှာ ခရစ်ယာန်တို့၊ ဂျူးတို့အစရှိတဲ့ ဘာသာရေးတွေမှာ သူတို့ဘာသာရေးနဲ့ ဆက်နွှယ်ပြီး သောက်ခဲ့ကြတာပါ။
- ဝိုင်ကို အနောက်နိုင်ငံတွေမှာ အမျိုးသမီး အမျိုးသား နှစ်ခြိုက်စွာ သောက်လေ့ရှိပြီး ဘယ်လိုမျိုးပွဲတွေမှာပဲဖြစ်ဖြစ် ဝိုင်မပါရင် မပြီးပါဘူး။
- ဝိုင်သောက်ခြင်းဟာ ကျန်မာရေးနဲ့ ညီညွတ်စေပြီး သွေးလည်ပတ်မှုအတွက် ကောင်းတယ်လို့ ဆိုကြပါတယ်။
- ဒီနေ့ထိ ကမ္ဘာ့အကောင်းဆုံးဝိုင်တွေ ထုတ်လုပ်နေတာ ပြင်သစ်နိုင်ငံပါ။ အီတလီ နဲ့ စပိန်ကတော့ သူ့နောက်ကနေ လိုက်ကြပါတယ်။
- စပျစ်သီးနဲ့ ထုတ်လုပ်တဲ့ ဝိုင်တွေဖြစ်ပြီး စပျစ် အဖြူ အနီ အကုန်သုံးပါတယ်။
- ဝိုင်မှာ အနီရောင်၊ အဖြူရောင်၊ ပန်းရောင်နဲ့ အဝါရောင်ကျန့်ကျန့် (ဝိုင်အချို) ဆိုပြီး ရှိပါတယ်။
- အနီရောင် အများစုကို ပုံမှန် အခန်းအပူချိန်အတိုင်း သောက်သုံးနိုင်ပြီး အဖြူရောင်၊ ပန်းရောင်နဲ့ ဝိုင်အချိုတွေကတော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီးမှ အေးအေးလေးသောက်ရပါတယ်။
- ဝိုင်အနီနဲ့ ပန်းရောင်ကို အသားဟင်းတွေပါတဲ့ ထမင်းပွဲတွေနဲ့ ပူပူစပ်စပ်ရှိလှတဲ့ အစားအသောက်တွေနဲ့ အလွန်လိုက်ဖက်ပါတယ်။
- Sweet wine အဝါရောင်ကိုတော့ ပြင်သစ်က နာမည်ကြီး foie gras ဖွာဂရာ ခေါ် ဘဲအသဲနဲ့ အဝင်စာအဖြစ် စားကြပါတယ်။
- ဝိုင်အဖြူ အေးအေးလေးကိုတော့ ပင်လယ်စာတို့၊ ငါးဟင်းတို့ စားတဲ့အခါ သောက်သုံးကြပါတယ်။
- No! No! No! ဝိုင်တို့၊ ရှန်ပိန်တို့ကို ရေခဲနဲ့ရောပြီး မသောက်ရပါဘူး။ ဓာတ်ပျယ်ပြီး အရသာ လုံးဝပျက်သွားပါတယ်။
- ဝိုင်အဖြူ၊ ဝိုင်ပန်းရောင်နဲ့ ရှန်ပိန် တို့ကို ရေခဲသေတ္တာထဲမှာ သေချာအေးနေအောင် ထည့်ထားပြီးမှ သောက်ရပါတယ်။ စားသောက်ဆိုင်တွေမှာ ဝိုင်အဖြူတို့ ပန်းရောင်တို့၊ ရှန်ပိန်တို့ မှာတယ်ဆိုရင် ရေခဲတုံးတွေထည့်ထားတဲ့ ချိုင့်လှလှလေးတွေထဲမှာ ပုလင်းကို စိမ်ပြီး စားပွဲပေါ် ချထားပေးပါတယ်။
- ဝိုင်ရဲ့ alcohol ပါဝင်နှုန်းက ၁၁% ကနေ ၁၄% ထိ ရှိပါတယ်။ ဘီယာက ၅.၅% ဝန်းကျင်နဲ့ ဝီစကီက ၄၀% ၄၅% ရှိတယ် ဆိုတော့ သူတို့နှစ်ခုကြားပေါ့။
- ခွက်ထဲကို ဝိုင်ထည့်ရင် အပြည့်ကြီး မထည့်ရပါဘူး။ ဝိုင်အနီကို ဖန်ခွက်ရဲ့ သုံးပုံနှစ်ပုံ သို့မဟုတ် တစ်ဝက်အထိ အများဆုံးထည့်ရပါတယ်။ မဟုတ်ရင် အောက်စီဂျင်ပေးဝင်ဖို့ ခွက်ကို လှုပ်ရမ်းလို့မရဘဲ အောက်ကို ဖိတ်ကုန်မှာစိုးရပါတယ်။
- ဝိုင်အဖြူကိုလည်း ဖန်ခွက်ရဲ့ တစ်ဝက်အထိပဲ ထည့်ကြပါတယ်။
- ရှန်ပိန်ကိုတော့ ခွက်ရဲ့ ၃/၄ ပြည့်လုနီးပါးထိ ထည့်ကြပါတယ်။
- vie de table စားပွဲတင်ဝိုင်ဆိုပြီး အရင်ကတော့ ပြင်သစ်တွေရဲ့ အိမ်က ထမင်းစားပွဲပေါ်မှာ ဝိုင်အမြဲရှိကြပါတယ်။
- ပြင်သစ်လူမျိုးတွေရဲ့အိမ်တိုင်းမှာ အိမ်သောက်သုံးဖို့နဲ့ ဧည့်သည်လာရင် ဧည့်ခံဖို့အတွက် ဝိုင်ပုလင်းတွေထည့်ဖို့ အထူးထုတ်လုပ်ထားတဲ့ ဝိုင်ဘီရိုတွေ ကိုယ်စီရှိကြပါတယ်။ ဆိုဒ်မျိုးစုံ၊ ပုံစံမျိုးစုံရှိပါတယ်။
- ဝိုင်အကြောင်းရေးထားတဲ့ စာအုပ်အထူကြီးတွေ၊ CD တွေကို ကျွန်မ မိတ်ဆွေရဲ့ စာအုပ်စင်ကြီးပေါ်မှာ ထည်ထည်ဝါဝါ စတွေခဲ့ဖူးစဉ်က ပါးစပ်အဟောင်းသားဖြစ်ခဲ့ဖူးပါရဲ့။ဪ... အဲဒီလောက်တောင် သိစရာများတာလား...ဆိုပြီးပေါ့။ ဒီတော့ စပျစ်ခင်းတွေနဲ့ ဝိုင်အကြောင်း သိကောင်းစရာတွေ ဆက်ပြောရမယ်ဆိုရင် အများကြီးကျန်ပါသေးတယ်။ အခုတော့ ဒီလောက်ပဲနော့။
စောသူဇာ (France)
Read More About Nightlife Here


Read times Last modified on Friday, 23 June 2017 08:19
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.