Wednesday, 14 June 2017 07:08

Shwe Guu
ပြည်တွင်းခရီးသွားတွေ အပန်းလည်းဖြေရင်း၊ ဈေးဝယ်လည်းထွက်ရင်း၊ အချိန်တိုတိုနဲ့ တစ်နေရာတည်းမှာ ကိုယ်ကြိုက်ရာ လည်ပတ်နိုင်တဲ့ ခရီးစဉ်ဆိုရင် နယ်စပ်ဖြတ်ကျော်ပြီး လည်ပတ်လို့ရတဲ့ မြဝတီ- မဲဆောက်ခရီးလို့ပဲ ပြောရပါလိမ့်မယ်။
တစ်ဘက်ထိုင်းနိုင်ငံထဲ လည်ပတ်ဖို့ဆိုတာ အရင်ဆယ်စုနှစ်ကျော် ကာလတုန်းကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရှိခဲ့တာ၊ နယ်စပ်ဖြတ်ကျော်ဖို့ စာရွက်စာတမ်းတွေနဲ့ ဆိုတော့ တော်ရုံလည်ပတ်ဖို့ သွားသူတွေထက် စီးပွားရေးကိစ္စ၊ တခြားတရားမဝင် နယ်စပ်ဖြတ်ကျော် သွားဖို့လောက်သာ ဒီလမ်းခရီးက ရှိနေခဲ့တာလေ။
အခုနောက်ပိုင်းမှာ မွန်ပြည်နယ် တစ်လျှောက်ရော ကရင်ပြည်နယ်ထဲမှာရော၊ အဝေးပြေးလမ်းမကြီးတွေက အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်းထဲ ပါဝင်နေတာကြောင့် ခရီးသွားတွေ မြန်မြန်ဆန်ဆန် သွား လာနိုင်ပါပြီ။ မြဝတီမြို့အထိ ၇နာရီကျော်ကျော် ၈နာရီနီးပါးခန့် အေးအေးဆေးဆေး ကားမောင်းရင် ရောက်နိုင်ပြီဆိုတော့ ခရီးသွားတွေလည်း များလာပြီပေါ့။ အရင်က တော်တော်လမ်းခရီးဆိုးခဲ့တဲ့ ဒေါန တောင်တန်းဖြတ်ကျော် အာရှလမ်းဟာ ကော့ကရိတ်မြို့ကနေ မြဝတီကို မိနစ်လေးဆယ်လောက်ပဲ မောင်းရတော့တာဆိုတော့ သွားလာရ လွယ်ကူသွားတာဟာ ခရီးသွားများလာရခြင်းရဲ့ အကြောင်းတစ်ရပ်ပါပဲ။
မြဝတီမြို့မှာတော့ လည်ပတ်စရာ သိပ်မရှိလှပေမယ့် ထိုင်းနိုင်ငံတစ်ဘက်ကမ်း မဲဆောက်မြို့မှာတော့ မြန်မာနိုင်ငံဘက်ခြမ်းက ခရီးသွားတွေအတွက် ရည်ရွယ်ထားသလို ဖြစ်နေတဲ့ လည်ပတ်စရာနေရာတွေက တော်တော်များပါတယ်။ ဒီနေရာတွေထဲကနေ မြန်မာခရီးသွားတွေကို အများဆုံးလိုက်ပို့ကြတဲ့ မဲဆောက်က နေရာအချို့အကြောင်း ပြောပြချင်ပါတယ်။
ကားစင်းလုံးငှားလိုက်တာနဲ့ တစ်ဘက်နိုင်ငံထဲ အလည်အပတ် အဝင်အထွက်တွေအားလုံးကို ကားသမားတွေဘက်က စီစဉ်ပေးတာမို့ အေးအေးဆေးဆေး လည်ပတ်သွားရုံကလည်း အခုနောက်ပိုင်း တိုးတက်လာတဲ့ အစီအစဉ်တွေပါပဲ။
ဖဝေါ်နတ်နန်း

မြဝတီမြို့ထဲကနေ ကားစင်းလုံးငှားလိုက်ပြီ ဆိုတာနဲ့ ယာဉ်မောင်းတစ်ဖြစ်လဲ ခရီးသွားလမ်းညွှန်က သင့်ကို အရင်ဆုံး တာ့ခရိုင်ထဲမှာရှိတဲ့ ဖဝေါ်လို့ခေါ်တဲ့ ကြက်နန်းကို ခေါ်သွားပါလိမ့်မယ်။ ပါးစပ်ရာဇဝင်တွေ အရဆိုရင် ဒီကြက်နန်းမှာ ပူဇော်နေကြတဲ့ ရုပ်တုဟာ ဟိုး အလောင်းဘုရား လက်ထက်ကရှိခဲ့တဲ့ ကရင်စစ်သူကြီး မောင်နီရဲ့ နတ်နန်းပါတဲ့။ သူဟာ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက်မှာ နေထိုင်သူဖြစ်လို့ မြန်မာ-ထိုင်း စစ်ဖြစ်တဲ့အခါ ထိုင်းဘက်က ကူတိုက်ပေးခဲ့သူမို့ ထိုင်းတွေက ပူဇော်ထားတယ်လို့လည်း ဆိုကြတယ်။ အဲဒီနေရာမှာ အုပ်ဆိုင်းနေတဲ့ တောကြီးအတွင်းက နဂါးရုံဘုရား၊ နတ်ကွန်းအပြင်၊ ကြက်ရုပ်တုတွေကို လာပူဇော်ထားတဲ့နေရာ ရှိပါတယ်။ စစ်နဲ့ဆိုင်တဲ့ အရေးကိစ္စတွေမှာ လာဆုတောင်းရင် ပြည့်တယ်လို့ ယုံကြည်ကြပါသတဲ့။
သံလိုက်တောင်

ဒီသံလိုက်တောင်ဆိုတာကတော့ ခုနက ဖဝေါ်နတ်နန်းကို သွားတဲ့လမ်းပေါ်မှာ ရှိပါတယ်။ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ထားတဲ့ အဲဒီတောင်ကုန်းနေရာဟာ မြေအောက်မှာ သံလိုက်စက်ကွင်းရှိတာကြောင့် ကားတွေဟာ ကိုက် ၁၀ဝ၀ ပတ်လည် နေရာအတွင်းမှာ မောင်းနှင်စရာမလိုဘဲ စက်သတ်ထားတာနဲ့တင် သူ့အလိုလို အဆင်းအတက်ဖြစ်နေတဲ့ နေရာပါ။ လိုက်လံပြသတဲ့ ကားဆရာတွေကတော့ အဲဒီ နေရာရောက်ရင် ခရီးသည်တွေကို ကားစက်သတ်ပြီး အတက် အဆင်းလုပ်ပြကြပါတယ်။
Nagar hlaing Guu
နဂါးလှိုဏ်ဂူ

ဟိုးရှေးက နဂါးဝင်ရောက် ပျောက်ကွယ်သွားတဲ့ ထုံးကျောက်တောင်နေရာလို့ ယူဆကြတဲ့ ဒီနေရာမှာ နဂါးရုပ်တုကြီးတွေ အပြင်၊ ထုံးကျောက်ဂူလည်း ရှိပါတယ်။ ထုံးကျောက် စက်ပန်းဆွဲတွေဟာ မြန်မာ နိုင်ငံထဲမှာရှိတဲ့ ဂူတွေနဲ့လည်း တော်တော်တူပြီး အဲဒီဂူထဲမှာ ဘုရားဆင်းတုတော်တွေ ရှိပါတယ်။ သစ်ကြီး ဝါးကြီးထဲမှာမို့ နေရာကလည်း အေးချမ်းလှတယ်။
ရွှေကျောင်း ခေါ် ဆွေကျောင်း

နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ ဒီရွှေကျောင်းဟာ ထိန်းသိမ်းမှုကောင်းလှတာကြောင့် ခုချိန်ထိ ဗိသုကာလက်ရာတွေ မပျက်မစီးဘဲ ရှိနေပါသေးတယ်။ ဗိသုကာလက်ရာဟာ ပြင်ပကနေကြည့်မယ်ဆိုရင် စွေစွေစောင်း စောင်းနံရံတွေနဲ့ အတွင်းမှာဆိုရင် ရွှေချထားတဲ့ မှန်စီရွှေချတွေ၊ မျက်နှာကြက်တွေကြောင့် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ဘုန်းကြီးကျောင်းဖြစ်တာကြောင့် အောက်ထပ်မှာတော့ လက်ရှိကျောင်းကို ထိန်းသိမ်းထားတဲ့ ထိုင်းဘုန်းကြီးတွေလည်း တွေ့ရပါလိမ့်မယ်။ ကျောင်းဝင်းထဲက တရုတ်စကားပင်တွေကတော့ အနံ့တစ်ကြိုင်ကြိုင်ပေါ့။
မယ့်ကဆာ ရေပူစမ်း

မယ့်ကဆာရွာအနီးမှာရှိတဲ့ ရေပူစမ်းပါ။ ဆောင်းတွင်း သွားလည်ပတ်ရင်တော့ သိပ်ကောင်းတဲ့နေရာ တစ်ခုပါပဲ။ ရေပူစမ်းထွက်နေတဲ့ ကျောက်တုံးနားက ရေတွေထဲမှာ ကြက်ဥ၊ ငုံးဥပြုတ်မယ်ဆိုရင် ငါးမိနစ် အတွင်း ကျက်ပါသတဲ့။ ကျောက်တုံးက စီးဆင်းနေတဲ့ ရေပူတွေကို မြောင်းဘောင်လေးတွေ သွယ်တန်းစီးဆင်းစေပြီး ခြေထောက်ဆင်းစိမ်လို့ ရအောင် လုပ်ထားပေးပါတယ်။ နွေရာသီမှာတော့ လူသိပ်မလာနိုင်ပါဘူး။
mae ka sar
ရွှေချထားတဲ့ ရဟန်းရုပ်ကလာပ်

ထိုင်းနိုင်ငံမှာလည်း သူတို့ ကြည်ညိုတဲ့ ရဟန်းတွေ ကွယ်လွန်တဲ့အခါ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်လို့ ယုံကြည်ကြရင် ရုပ်ကလာပ်ကို မီးသဂြိုဟ်ခြင်း မပြုကြပါဘူး။ ခုသွားလည်လို့ရတဲ့ နေရာမှာလည်း ထို့အတူပါပဲ။ ကျောက်ဖြစ်သွားတဲ့ ရဟန်းကိုယ်တော်ကြီးတစ်ပါးရဲ့ ရုပ်ကလာပ်ကို ရွှေတစ်ကိုယ်လုံးချထားတာကို သွားရောက် လေ့လာလို့ရမှာပါ။
မြွေကျောင်း ခေါ် မယ့်ကုလွမ်ဘုန်းကြီးကျောင်း

ထိုင်းလို မယ်ကုလွမ်ခေါ်တဲ့ကျောင်းဟာ မြန်မာလိုတော့ မယ်ကုဝဏ်ကျောင်းလို့ ခေါ်ရမယ်ထင်ပါတယ်။ ဒီကျောင်းဟာ အနုပညာတွေ ပြည့်နှက်နေတဲ့ ကျောင်းတစ်ခုပါ။ ဝင်ဝင်ချင်းမှာပဲ မယ်ကုဝဏ် ဘီလူးမ ပုံရုပ်တုတွေကို တွေ့နိုင်ပြီး အတွင်းကို ဝင်သွားတာနဲ့ နေရာတိုင်းမှာ အနုပညာလက်ရာမျိုးစုံကို တွေ့နိုင်မှာပါ။ ဥပမာ ခမောက်ရောင်စုံကို နံရံမှာ ကပ်ထားတာ၊ စကောရောင်စုံကို လမ်းချိုးမှာချိတ်ဆွဲ ထားတာ၊ တခြားလှလှပပ လုပ်ထားတဲ့ လက်ရာတွေက အများကြီး။ ထူးခြားတာကတော့ ဒီကျောင်းက အိမ်သာပါပဲ။ အိမ်သာကို အထူးတလည် မွန်းမံထားတာပါ။ အတွင်းမှာ ပန်းပေါင်းစုံချိတ်ထားတာ၊ စက်ဘီးပုံပန်း ချိတ်ဆွဲတာလေးတွေ၊ အနံ့အသက်ကအစ လူတွေ စိတ်ချမ်းသာအောင် လုပ်ထားတာမို့ မဲဆောက်မှာ အကောင်းဆုံး အိမ်သာဆု ရထားတာပါတဲ့။ အိမ်သာထဲ ဆဲလ်ဖီ်း ဆွဲသူတွေက အပြည့်ပေါ့။ အဲဒီကျောင်းထဲမှာတော့ လာရောက် လှူဒါန်းထားတဲ့ ရှေးဟောင်းပစ္စည်း လက်ရာမျိုးစုံကိုလည်း တွေ့ရမှာပါ။ ပြတိုက်လို့ ပြောပါတယ်။ ရှေးဆိုင်ကယ်၊ ဆိုက်ကား၊ အသုံးအဆောင် ပစ္စည်းမျိုးစုံအပြင် ဆင်းတုပေါင်းစုံကိုလည်း တွေ့နိုင်မှာမို့ လေ့လာစရာမကုန်ပါဘူး။
သဘာဝဥယျာဉ်စားသောက်ဆိုင်

စားသောက်ဆိုင်ပေမယ့် သဘာဝကျကျ အပင်ပေါင်းစုံနဲ့ လာရောက်သူတွေကို ဆွဲဆောင်နိုင်လွန်းတာကြောင့် နာမည်ကြီးလာတဲ့ နေရာပါ။ အစားအသောက်တွေ ဈေးကြီးပေမယ့် ပြင်ဆင်ထားတာ လှပတာမို့ လာလည်သူတွေ များပါတယ်။
မဲဆောက်ဈေး

ဈေးသက်သက်သာသာနဲ့ ပစ္စည်းများများ ဝယ်ယူလိုချင်သူတွေကိုတော့ ဒီမဲဆောက်ဈေးကို ပို့ပေးကြပါတယ်။ စားသောက်ကုန်ကအစ လူသုံးကုန်အစုံ ရနိုင်တာရယ်၊ လက်ကားဈေးနဲ့ ပေးတာကြောင့် ဈေးဝယ် ကြိုက်သူတွေကတော့ အချိန်များများယူမှာ အမှန်ပါပဲ။ ရောင်းသူတွေကလည်း မြန်မာတွေ များတာမို့ ဈေးဝယ်ရတာ အခက်အခဲမရှိလှပါဘူး။
snake kyaung
Tesco Lotus & Robinson

ဈေးဝယ်စင်တာကြီးကြီးတွေမှာမှ ဝယ်ချင်တယ် ဆိုရင်တော့ ဒီစင်တာနှစ်ခုက မဲဆောက်က အထင်ကရနေရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းက ပစ္စည်းအချို့ကတော့ ရန်ကုန်ထက်တောင် ဈေးများနိုင်ပါ သေးတယ်။ ငွေဈေး အတက်အကျပေါ် မူတည်နေတာကြောင့် အချို့ကတော့ ဈေးဝယ်ရတာ သိပ်မကြိုက်ချင်ကြပါဘူး။ ဒါပေမယ့် လည်ပတ်စရာတွေ ကုန်တဲ့အချိန်မှာ အေးဆေးနားချင်ရင်တော့ ဒီနေရာတွေက အဆင်ပြေစေပါမယ်။ ည၈နာရီမတိုင်မီတော့ မြဝတီဘက်ကို ပြန်ရမယ့်သူတွေ သတိပြုရတာကတော့ မေ့လို့မရပါဘူးနော်။
ဂရေ့စ်ကျော်
Read More About Travel Tips Here


Read 340 times Last modified on Wednesday, 14 June 2017 07:57
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.