Thursday, 20 April 2017 10:25

media gallery 2015 11 16 9 635694129711935251 1983668237 travel couple 8a41a34df52647d52a7784619bb886c0
အရင်းနှီးဆုံး သူနဲ့ နှစ်ကိုယ်တည်း ခရီးတစ်ခု အတူထွက်တာဟာ ရိုမန်တစ်ဆန်လှသလို ထူးခြားတဲ့စိတ်ကူးလေးတစ်ခုပါပဲ။ နေရာသစ်တွေကို အတူတူလေ့လာပြီး ရောက်တဲ့နေရာမှာ ဒေသခံတွေရဲ့လူနေမှုဘဝတွေ၊ အစားအသောက်တွေကို အတူတူမြည်းစမ်းရင်း အတူရယ်မောပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခုပေါ့။ ဒါပေမယ့် ဒီလို နှစ်ဦးအတူသွားတဲ့ ခရီးစဉ်တိုင်းက ရောင်စုံသက်တန့်အလှနဲ့ ပန်းခင်းလမ်းဖြစ်တယ်လို့ဆိုရင် မှားမှာပါ။ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတိုင်း တစ်ဦးစိတ် တစ်ဦး နားအလည်ဆုံးလို့ ထင်ရသူတွေတောင် ခရီးစဉ်တစ်ခုအတွင်းမှာ အခန့်မသင့်ရင် အခြေအတင်ဖြစ်စရာ ကိစ္စလေးတွေနဲ့ စိတ်မောရနိုင်တဲ့အတွက်ပါ။ ဒါ့အပြင် အခိုင်မြဲဆုံးဆက်ဆံရေးတွေတောင်မှ လမ်းခရီးအတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ဝမ်းကွဲစရာ ကိစ္စလေးတွေကြောင့် ယိုင်နဲ့သွားတတ်ပါတယ်။ ဒါကြောင့်  ဒီအကြံပြုချက်လေးတွေကို အတတ်နိုင်ဆုံးလုပ်ဆောင်သွားရင် ခရီးစဉ်အတွင်းက အခက်အခဲလေးတွေက နှစ်ဦးကြားဆက်ဆံရေးအတွက် အတားအဆီးဖြစ်မယ့်အစား ပိုမိုအထောက်အကူပြုတဲ့ အမှတ်တရလေးတွေအဖြစ် ပြောင်းလဲသွားစေမှာ အမှန်ပါပဲ။

ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်မယ်၊ ဘာတွေမျှော်လင့်ကြတယ် ဆိုတာကို အတူဆွေးနွေးပါ
သွားမယ့်နေရာအတွက်တော့ နှစ်ဦးသဘောတူ ဆုံးဖြတ်ပြီးဖြစ်မှာပါ။ ဒါပေမယ့် ရောက်တဲ့အခါ ဘာတွေလုပ်မယ်ဆိုတာကတော့ အကြံမတူ ကွဲပြားနိုင်ပါသေးတယ်။ တစ်ယောက်က ကော်ဖီတစ်ခွက်နဲ့ ပန်းခြံမှာ အေးအေးလူလူ ထိုင်ပြီး အချိန်ကုန်ချင်မှာ ဖြစ်ပေမယ့် အခြားတစ်ယောက်ကတော့ ရေကူးတာ၊ ကျွန်းတွေ သစ်တောတွေ လေ့လာလည်ပတ်တာ၊ ရေလွှာလျှောစီးတာ စတဲ့ နယ်မြေလေ့လာစွန့်စားရတာတွေကို လုပ်ချင်စိတ် ရှိနေရင် ရှိနေမှာပါ။ ဒါကြောင့် ခရီးစဉ်အတွင်းမှာ ဒီလိုကွဲပြားတာတွေအတွက် အချေအတင် မဖြစ်ရလေအောင် ခရီးမထွက်ခင်ကတည်းက တစ်ယောက်အကြိုက် တစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့် အစီအစဉ်လေးတစ်ခု ဆွဲထားရမှာပါ။

ကုန်ကျစရိတ် နဲ့ ဘဏ္ဍာရေးမှူး ဘယ်သူဖြစ်မလဲ
ခရီးစဉ်အတွင်းမှာ သဘောထားကွဲလွဲရတာဟာ ကုန်ကျစရိတ်နဲ့လည်း ပတ်သက်နေပါတယ်။ တကယ်လို့ သင်က ငွေခြွေတာသုံးစွဲတတ်သူဖြစ်ပေမယ့် သင့်အဖော်က လက်ဖွာတတ်သူဖြစ်ပြီး ခရီးစဉ်အတွင်းမှာ ကုန်သမျှ ထက်ဝက်စီ မျှဝေ စိုက်ထုတ်ဖို့ စီစဉ်ထားတယ်ဆိုရင်တော့ ပြဿနာ တက်ပြီပေါ့။ ဒါကြောင့် ခရီးစရိတ် ဘယ်လောက် သုံးစွဲကြမယ်ဆိုတာကို အတိအကျ ဆွေးနွေးတိုင်ပင်ထားဖို့ လိုပါတယ်။ ဘယ်သူငွေကိုင်မယ်ဆိုတာကို နှစ်ဦးသဘောတူရွေးချယ်ထားဖို့လည်း လိုပါတယ်။

ကိုယ်ပိုင်အချိန်လေးတစ်ခု ပေးဖို့လိုပါတယ်
တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ပဲ ချစ်ကြပါစေ/ ၂၄ နာရီလုံးလုံး အချိန်ပြည့် အနားမှာ နေပေးနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ တစ်ဦးကို တစ်ဦး ငြီးငွေ့မသွားစေဖို့ တစ်ကိုယ်တည်း ခရီးစဉ်ရဲ့အရသာကို ခံစားဖို့ အချိန်ယူနိုင်ဖို့လည်း လိုပါတယ်။ ဈေး သို့မဟုတ် ရှော့ပင်းမောလ်တစ်ခုခုကို တစ်ကိုယ်တည်းသွားတာ၊ တစ်ကိုယ်တည်း ယောဂကစားတာ၊ စာဖတ်တာ စတဲ့ အရာတွေကို လုပ်ဆောင်ပြီး ခေတ္တခဏ တစ်ယောက်နဲ့တစ်ယောက် ခွဲနေလိုက်တာက တစ်ယောက်နဲ့ တစ်ယောက်ကို ပိုသတိရစရာဖြစ်စေပြီး ဆက်ဆံရေး ပိုခိုင်မြဲစေပါသတဲ့။

တစ်ယောက်ရဲ့အလေ့အထကို တစ်ယာက်က သိပြီး ညှိနှိုင်းဆောင်ရွက်ပါ
တစ်ယောက် စောစောအိပ်ရာဝင်ပြီး စောစောထတတ်တဲ့ အလေ့အကျင့်ရှိပေမယ့်  သင့်အဖော်က ညဉ့်နက်မှ အိပ်တတ်သူ၊ နေမြင့်မှထတတ်သူဆိုရင် ဒီလိုကွဲပြားမှုလေးက ပြဿနာအခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောလို့ ညှိထားသင့်ပါတယ်။

မဆာခင် စားပါ
 အစာအိမ်မှာ အစာမရှိရင် လူက ပိုပြီးစိတ်မရှည်နိုင်ဖြစ်တတ်သတဲ့။ ဒါကြောင့် ခရီးစဉ်အတွင်းမှာ ဘယ်အချိန်မှာ နံနက်စာ၊ နေ့လယ်စာ၊ ညစာ စားမယ်ဆိုတာ သေချာညှိနှိုင်းတိုင်ပင်ထားဖို့ လိုပါတယ်။ ရောက်တဲ့နေရာမှာ တစ်ခုခုမလုပ်ခင် (သို့)  နယ်မြေဒေသတွေကို လေ့လာစူးစမ်းရေးမထွက်ခင် နှစ်ဦးစလုံး ဗိုက်ဖြည့်ထားတာက အကောင်းဆုံးပါပဲ။

အချိန်တိုင်း ရိုမန်တစ်မဆန်မှာကိုတော့ သိထားပါ
ခရီးတိုင်းက အပျော်အားလပ်ရက်ခရီး မဖြစ်နိုင်သလို အားလပ်ရက်ခရီးတိုင်းကလည်း ဟန်းနီးမွန်းခရီးမဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ ခရီးစဉ်က ကိုယ်စီစဉ်ထားသလို မဖြစ်ဘဲ လွဲချော်တာတွေရှိနိုင်သလို စိတ်ပျက်စရာတွေနဲ့ မမျှော်လင့်ဘဲ နှစ်ဦးကြား ဆက်ဆံရေးပျက်ပြားသွားစေနိုင်မယ့် စိန်ခေါ်မှုတွေ ကြုံရနိုင်တာကို သိထားပြီး လက်ခံနိုင်ဖို့ ကြိုပြင်ဆင်ထားတာကလည်း နောက်ဆုံးမှာ ပြီးပြည့်စုံတဲ့ ရိုမန်တစ်ခရီးစဉ်လေးဖြစ်ဖို့အတွက် အထောက်အကူပြုတဲ့အချက်ပါပဲ။ လေယာဉ်ခရီးစဉ်နောက်ကျတာ၊ ခရီးအိတ်ပျောက်တာ၊ သင့်အဖော်က ဂျက်လက်ဝေဒနာခံစားရတာ၊ ကားမူးတာ၊ မမျော်လင့်ဘဲ ကျန်းမာရေးချုခြာတာ စတဲ့ စိန်ခေါ်မှုတွေကို ကြုံရနိုင်တာကို သိထားသင့်ပြီး ကြိုပြင်ဆင်ထားသင့်ပါတယ်။

ဇွန်မာန်

Read More Traveling Articles Here


Read 344 times Last modified on Friday, 21 April 2017 10:52
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.