Wednesday, 04 September 2019 08:48

 116841224.jpg

ရန်ကုန်တိုင်းဒေသကြီးတွင်၂၀၁၉ ခုနှစ် မေလမှ သြဂုတ်လထိ လေးလအတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ ၂၁ လုံး တည်ဆောက်ခွင့်ပြုခဲ့ပြီး ရင်းနှီးငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၃၈.၂၉ သန်း ရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသည်။

လေးလအတွင်းတွင် ဟိုတယ်လုပ်ငန်း လိုင်စင် ၃၃ ခု၊ ဟိုတယ် ယာယီလုပ်ငန်းလိုင်စင် တစ်ခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ရှစ်ခု၊ အခန်းပေါင်း ၂၁၃၆ ဖြင့် ဟိုတယ်တည်ဆောက်ခွင့် ၁၈ လုံး၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့် သုံးလုံး၊ ပြည်တွင်းပြည်ဝင် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်၂၇၆ ခု၊ ပြည်ပ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၁၂၁ ခု၊ဧည့်လမ်းညွှန်လိုင်စင်၂၁၈ ခုအား ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ ခွင့်ပြုပေးခဲ့သည် ဟု သိရသည်။

အဆိုပါ လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏမှာ မြန်မာငွေ ကျပ်သန်း ၁၁၉,၆၂၄ နှင့် ဒေါ်လာ၂၃၈.၂၉ သန်းရှိပြီး ၂၆၉၁ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုလို ဒေသဆိုင်ရာ ခရီးသွားကော်မတီအတွက် လုပ်ငန်းပါမစ်တွေပေးနေပြီး ပေးထားတဲ့ပါမစ်တိုင်းကို အကောင်အထည် ဖော်ရဲ့လား။ အရင်ပေးထားတဲ့ ပါမစ်သမားတွေက စည်းကမ်းဥပဒေနဲ့ လိုက်နာရဲ့လားဆိုတာ Rule of Law ဖြစ်ဖို့အတွက် ကျွန်မတို့ စိစစ်ဖို့ အဖွဲ့လိုတယ်။

ရှိတဲ့ဝန်ထမ်းနဲ့ မလုံလောက်ဘူး။ မလုံလောက်တော့ ဝန်ထမ်းအင်အား ထပ်ချဲ့ဖို့ ပြည်ထောင်စုကို တောင်းဆိုဖို့ ရှိတယ်”ဟု သြဂုတ် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၇၀ ခန့် သည် ရန်ကုန်တိုင်းအတွင်းတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သြဂုတ်လအတွင်းတွင် ဟိုတယ်လုပ်ငန်း လိုင်စင်သုံးခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် နှစ်ခု၊ အခန်းပေါင်း ၁၃၃ ဖြင့် ဟိုတယ်တည်ဆောက်ခွင့် လေးလုံး၊

တည်းခိုရိပ်သာ တည်ဆောက်ခွင့် တစ်လုံး၊ ပြည်တွင်းပြည်ဝင်ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၅၆ ခု၊ ပြည်ပခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၁၉ ခု၊ ဧည့်လမ်းညွှန်လိုင်စင် ၃၀ ကို ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ အတည်ပြု ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ စုစုပေါင်းမှာ ကျပ်သန်း၂၆၆,၇၄ ရှိပြီး ၃၃၅ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source Daily Eleven


Read times Last modified on Thursday, 05 September 2019 11:05
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.