Wednesday, 15 May 2019 06:28

 

kone.jpg

 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်နေကြသော ကုန်သေတ္တာတင်ယာဉ်များ အားလုံးကို ကုမ္ပဏီတခု၏ လက်အောက်သို့ ထားရှိပြီး ဝန်ဆောင်မှု ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပြချက်အရ သိခဲ့ရပါတယ်။

၎င်းက “ကုန်စည် သယ်ယူပို့ဆောင်တဲ့ logistic ကိစ္စမှာ ကုန်တင်ယာဉ်တွေကို လူတစ်ဦး တစ်ယောက်ချင်း ပိုင်နေတာက တော်တော်ခက်တဲ့ ကိစ္စပါ။ အဲဒီဟာက logistic ကုမ္ပဏီ တခုတည်းသာ ဖြစ်ရင်တော့ သူ့ကို အလုပ်အပ်လိုက်တာနဲ့ ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချတဲ့ ကိစ္စကအစ စနစ်တကျနဲ့ လုပ်သွားမှာပါ” ဟု ပြောပါတယ်။

လက်ရှိ အချိန်တွင် ကုန်စည် သယ်ယူပို့ဆောင်ပေးနေသော ကုန်သေတ္တာတင်ယာဉ် အများစုသည် တစ်ဦးတစ်ယောက်ချင်းစီ ပိုင်ဆိုင်ကြပြီး စည်းကမ်းထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှု ပြဿနာများ ရှိသည့်အတွက် ကုန်စည်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် ယင်းသို့ လုပ်ဆောင်စေလိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ယင်းသို့ ပြောင်းလဲရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) က စီစဉ်နေလျက်ရှိကာ ကုန်သေတ္တာတင်ယာဉ် အသင်းနှင့် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဦးဖြိုးမင်းသိန်းက ဆက်လက်၍ “ဒီလို ပုံစံက ကမ္ဘာမှာ မရှိလောက်တော့ဘူး။ ကျနော်တို့ဆီမှာပဲ ကျန်တော့တာ။ ဒီပြုပြင် ပြောင်းလဲရေး က စိန်ခေါ်မှု အများကြီး ရှိပါတယ်” ဟု ဆိုပါတယ်။

ယင်းသို့ ကုမ္ပဏီ တစ်ခုတည်း အဖြစ် လုပ်ဆောင်မည် ဆိုပါက တစ်ဦးချင်း မော်တော်ယာဉ် ပိုင်ဆိုင်မှု အရေအတွက် မတူညီခြင်း၊ ပိုင်ဆိုင်သည့် မော်တော်ယာဉ်များ၏ တန်ဖိုးချင်း မတူခြင်းနှင့် အမြတ်ငွေရရှိမှုကို ပြန်လည် ခွဲဝေပေးရာတွင်လည်း အချိန်တစ်ခု ကြာနိုင်ခြင်းတို့ကြောင့် အများပိုင် ကုမ္ပဏီသို့ ပြောင်းလဲရန် အဆင်မပြေနိုင်ကြောင်း ကုန်တင်ယာဉ် အစီးရေ ၁၀၀ ခန့် ပိုင်ဆိုင်သော လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၎င်းက “ဒါက YBS လို ယာဉ်လိုင်း တစ်လိုင်းချင်း အတွက် ကုမ္ပဏီထောင်ပြီး လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ သဘောသဘာဝချင်းလည်း မအပ်စပ်ဘူး။ အားနည်းတဲ့ လုပ်ငန်းရှင်တွေကို အားကြီးတဲ့သူက သိမ်းလိုက်သလို ဖြစ်နေမယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာမှန်ပေမယ့် အပြောကတော့ လွယ်ပါတယ်။ အတွင်းပိုင်းမှာ လုပ်ရမယ့် အခက်အခဲတွေ အများကြီး ရှိတယ်” ဟု ဆိုပါတယ်။

လက်ရှိအချိန်တွင် ကုမ္ပဏီကြီးတစ်ခု မတည်ထောင်ထားသော်လည်း ဈေးနှုန်းသတ်မှတ်ခြင်းနှင့် မော်တော်ယာဉ်များ၏ စည်းကမ်းထိန်းသိမ်းခြင်းအပိုင်းကို ယာဉ်ပိုင်ရှင်များ အချင်းချင်း စုပေါင်းပြီး နည်းစနစ်ကျကျ လုပ်ဆောင်လျက်ရှိကြောင်းလည်း ပြောပါတယ်။

လှိုင်သာယာရှိ ကျူးကျော်များအတွက် ဧကသုံးရာမြေကွက်လပ်တစ်ခု အစားထိုးချပေးမည်

ထိုသို့ လုပ်ဆောင်မည်ဆိုပါက ကုန်တင်ယာဉ်ပိုင်ရှင်များအားလုံး လက်ခံနိုင်မည့် စည်းမျဉ်းစည်းကမ်းများ တိတိကျကျ ထုတ်ထားရန် လိုအပ်မည် ဖြစ်ပြီး ယာဉ်ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ မတူညီခြင်းမှာ အခက်အခဲတစ်ခု ဖြစ်ကြောင်းနှင့် အသင်းအနေဖြင့်လည်း ပုံစံတစ်ခု ပြောင်းလဲနိုင်ရန်အတွက် ကုန်တင်ယာဉ်ပိုင်ရှင်များကို တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကုန်သေတ္တာယာဉ်များ အသင်း ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောပါတယ်။

၎င်းက “အခုက ပေါင်းပြီး လုပ်နေတာမျိုးတွေ အစုအဖွဲ့ လုပ်နေတာမျိုးတွေတော့ ရှိပါတယ်။ ကုမ္ပဏီလိုမျိုး ဖြစ်ဖို့ကတော့ တစ်ချိန်မှာ သွားရမှာပေါ့။ ဒါပေမယ့် အရှိန်လေး တခုနဲ့ အချိန် တခုလောက်တော့ လိုမယ်” ဟု ဆိုပါတယ်။

လက်ရှိအချိန်တွင် ၁၀ ဘီး ကုန်သေတ္တာတင်ယာဉ် တစီး (ပေ၂၀ ကွန်တိန်နာ တစ်လုံး) ၏ ရန်ကုန်ရှိ စက်မှုဇုန် တခုခုမှ ဆိပ်ကမ်းအရောက် ခရီးစဉ် တစ်ကြောင်း ဝန်ဆောင်ခမှာ ပျမ်းမျှအားဖြင့် ငွေကျပ် တစ်သိန်းဝန်းကျင် ရှိကြောင်း သိရပါတယ်။

ကုန်သေတ္တာတင်ယာဉ် အသင်းတွင် အသင်းဝင်ထားသော ကုန်တင်ယာဉ် အစီးရေပေါင်း ၂၅၀၀ ကျော် ရှိပြီး YRTA တွင် မှတ်ပုံတင်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ဆောင်မှုပေးနေသော ကုန်သေတ္တာယာဉ် အစီးရေမှာ ၇၀၀၀ ကျော် ရှိကြောင်း အဆိုပါ အဖွဲ့အစည်းများ၏ စာရင်းဇယားများတွင် ဖော်ပြထားပါတယ်။

Source : Irrawady


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.