Friday, 05 April 2019 07:17

ship.jpg

 

ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့် ကမ်းလွန်ပင်လယ်ပြင်တွင် အခြေစိုက်တည်ဆောက်ထားသည့် ရေကြောင်းပြအဆောက်အအုံပြီးစီး၍ တစ်လလျှင် သင်္ဘောအစင်း ၆၀၀ ဝင်ထွက်မှုကို စောင့်ကြည့်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က " ဒီရေကြောင်းပြအဆောက်အအုံက နိုင်ငံတော်အဆင့် အမာထည်အခြေခံအဆောက်အအုံဖြစ်ပြီး နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေနိုင်မှာဖြစ်ပါတယ်။ ရေကြောင်းပြမှူးကြီးတွေနဲ့ ဝန်ထမ်းတွေကလည်း လုံခြုံစိတ်ချစွာတာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ် " ဟု ပြောပါတယ်။

ကမ်းလွန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ မှစတင်ကာ နိုင်ငံတကာတင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။ ကမ်းလွန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်းတည်ဆောက်ရေးစီမံကိန်းတွင် အလျား ၃၃ ဒသမ ၂ မီတာနှင့် အနံ ၃၀ ဒသမ ၄ မီတာ အရွယ်အစားရှိ သံကူကွန်ကရစ် သုံးထပ်အဆောက်အအုံ တစ်ခု၊ ရေယာဉ်အရွယ်အစား GRT ၁၅၀၀ အထိ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ မီးစက်၊ ရေသန့်စင်စက်၊ ရေဆိုးသန့်စင်စက်၊ ရေကြောင်းဆက်သွယ်ရေးဆိုင်ရာကိရိယာများ၊ ရေဒါနှင့် Pilot Boat သုံးစင်း တို့ပါဝင်ပြီး စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်း ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်ဆိုက်ကပ်လျက်ရှိသော ပင်လယ်ကူးသင်္ဘောများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြလုပ်ငန်းများကို နေ့စဉ်ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိရာ ယခင်က ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့်အကွာအ ဝေးပင်လယ်ပြင်တွင် ရေကြောင်းပြသင်္ဘောတစ်စင်းကို အသုံးပြုဆောင်ရွက်ခဲ့ရကြောင်း သိရပါတယ်။ ယခု ရေကြောင်းပြအဆောက်အအုံကို အသုံးပြုကာဆောင်ရွက်နိုင်ပါက ယခင်ကထက် ပိုမိုလုံခြုံစိတ်ချဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

Source and photo : Pyi Myanmar


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.