Wednesday, 13 February 2019 04:21

ykko 13.2.19

ရန်ကင်းကြေးအိုး လို့ နာမည်ကျော်ကြားသည့် YKKO အစားအသောက်ကုမ္ပဏီလုပ်ငန်း၏ ရှယ်ယာ ၆၅ ရာခိုင်နှုန်းကို Yoma Strategic က ကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်း(ကျပ် ၁၉ ဒသမ ၄ ဘီလီယံ)ဖြင့် ၀ယ်ယူခဲ့ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် နှစ်ဖက်ကုမ္ပဏီပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။

ပြည်ပနိုင်ငံများတွင် မြန်မာ့အမှတ်တံဆိပ်တစ်ခုအဖြစ် ထိုးဖောက်နိုင်ရန် YKKO က ရည်ရွယ်ချက်တူတဲ့ Yoma Strategic နှင့်ပူးတွဲလုပ်ဆောင်ခြင်းဖြစ်သည်ဟု YKKO ဥက္ကဋ္ဌ ဒေါ်ယုယုလွင် ကပြောခဲ့ပြီး ယခုကဲ့သို့ ရှယ်ယာဝယ်ယူ ခြင်းဟာလည်း YKKO ကို လက်ရှိဆိုင်များထက် နှစ်ဆတိုးချဲ့ရန်ဖြစ်တယ်လို့ နှစ်ဖက်ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

ယခုဝယ်ယူသည့် တန်ဖိုးမှာ YKKO ၏လက်ရှိနှင့်ခန့်မှန်း ၀င်ငွေကို ထည့်သွင်းထားတယ်လို့ သိရပြီး၊ ၂၀၁၈ စက်တင်ဘာ ၃၀ ရက် မှတ်တမ်းများအရ YKKO ၏ တန်ဖိုးမှာ ကျပ် ၆ ဒသမ ၂၂ ဘီလီယံ(ကန် ဒေါ်လာ ၄ ဒသမ ၀၉ သန်း)ဖြစ်ပြီး၊ ရှယ်ယာအများစုကို ၀ယ်ယူထားခြင်းကြောင့် YKKO ဟာ Yoma Strategic ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်လာမယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

‘‘YKKO ကို လူအများသိတဲ့၊ ချစ်ခင်ဂုဏ်ယူရတဲ့ မြန်မာ့အမှတ် တံဆိပ်တစ်ခုအနေနဲ့ ကြာရှည်တည်တံ့ပြီး အခြေခံတန်ဖိုးများဖြစ်တဲ့ အရည်အသွေး၊ သန့်ရှင်းမှုနဲ့ ၀န်ဆောင်မှုများ ပိုမိုကောင်းမွန်အောင် ဆက်လက်ပြီးကြိုးစား သွားမှာဖြစ်ပါတယ်’’ လို့ ဒေါ်ယုယုလွင် ကပြောကြားထားပါတယ်။

YKKO ဟာ ၎င်းတို့ရဲ့ ပထမဆုံးကြေးအိုးဆိုင်ကို ၁၉၈၈ တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာတော့ဆိုင်ခွဲပေါင်း ၃၇ ဆိုင်ဖွင့်လှစ်ထားကာ၊ YKKO ဟာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အနာဂတ်တွင် ပိုမိုတိုးတက်စေရန် ယခုလိုပူးပေါင်းဆောင် ရွက်ခြင်းဖြစ်တယ်လို့ Yoma Strategic အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun ကပြောထားပါတယ်။

Yoma Strategic ဟာ စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ် နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု စသည့်လုပ်ငန်းများကို လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။

Source: 7DayDaily (ထွန်းထွန်းမင်း)


Read 155 times Last modified on Wednesday, 13 February 2019 04:35
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.