Monday, 11 February 2019 08:41

japan myanmar

( Japan 's Ambassador to Myanmar Mr. Tateshi Higuchi )

ဂျပန်နိုင်ငံသို့ မိသားစုပါခေါ်ဆောင်နိုင်မည့် လုပ်သားခေါ်ယူမှုစနစ်သစ်အတွက် နှစ်နိုင်ငံအစိုးရချင်းလက်မှတ်ရေးထိုးရန်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောထားပါတယ်။

‘‘နှစ်ရှည်ပေါ့။ ငါးနှစ် လောက်အထိ သူတို့ကို ပေးမယ်။ မိသားစုပါခေါ်ယူခွင့်ပေးမယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ကျွမ်းကျင်အလုပ်သမားများနည်းတူ ဥပဒေနဲ့အညီ ခံစားခွင့်ပေးမှာ ဖြစ်ပါတယ်။ မတ်လအတွင်းမှာ အမြန်ဆုံး လက်မှတ်ရေးထိုးချင်တယ်။ ဂျပန်နိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေတဲ့အတွက်’’ဟု ဦးသိန်းဆွေ ကပြောပါတယ်။

ဂျပန်အစိုးရက နိုင်ငံခြားအလုပ်သမားဥပဒေအသစ်ဖြင့် မြန်မာအပါအဝင် ရှစ်နိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ယင်းအစီအစဉ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ၎င်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဦးသိန်းဆွေ ကဆိုပါတယ်။

‘‘ကျွမ်းကျင်လုပ်သားတွေကို သူတို့ (ဂျပန်လုပ်ငန်းရှင်များ)က ကျွမ်းကျင်မှုတွေကို စစ်ဆေးမယ်။ ပြီးတော့ ဘာသာစကားကို စစ်ဆေးမယ်။ အေဂျင်စီတွေကနေ လွှတ်ခွင့်ရမှာပါ’’ဟုလည်း ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ လက်ရှိမှာ နိုင်ငံခြားသားအလုပ်သမားများကို သင်တန်းသားလုပ်သားအဖြစ်သာ ခေါ်နေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံက လုပ်ငန်း ၁၄မျိုးအတွက် ပထမနှစ်တွင် နိုင်ငံခြားလုပ်သား ၄၈,၀၀၀ ဦး ခေါ်ယူလက်ခံမည်ဖြစ်ပြီး ငါးနှစ်အတွင်း စုစုပေါင်း ၃၅၀,၀၀၀ ဦး ဆက်လက်ခေါ်ယူမည်ဟု ယင်းနိုင်ငံမှ သတင်းများက ဆိုထားပါတယ်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားဦးရေဟာ တစ်လလျှင် ၃၀၀ မှ ၅၀၀ ခန့်ရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန စာရင်းများတွင် ဖော်ပြထားပါသည်။

Source: 7DayDaily (မိုးမင်း)


Read 91 times Last modified on Monday, 11 February 2019 08:52
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.